ဆောင်းကြာဖြူ သူမများ ဖြစ်နေမလားဆိုသည့် အတွေးကြောင့် သူ့ရင်အစုံသည် တဒိတ်ဒိတ်နှင့် အခုန်မြန်လာသည်။ ညနေခင်းရဲ့ အလင်းရောင်သည် တစ်ချိန်က ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသည့် လူသားနှစ်ဦးကို မမှတ်မိနိုင်လောက်အောင်တော့ ဖျော့တော့ အားနည်းမနေခဲ့ချေ။ ဟုတ်ပါတယ် သူပါ။ မျက်ဝန်းမှပုံရိပ်တို့ကို တိကျပြတ်သားစွာ မြင်နေရသည့်တိုင် သိစိတ်၏ မယုံမရဲစိတ်ကြောင့် နှုတ်ဖျားမှ တီးတိုးရေရွတ်မိသည်အထိ ဖြစ်ရသည်။ သေချာတယ် ဒါဟာ သူ့ရဲ့တစ်ချိန်က ပန်းချီကားလေးဆိုတာ သိပ်ကိုသေချာတယ်။ ပန်းချီကားလေး၏ နွဲ့နှောင်းသည့် လှုပ်ရှားမှုကောက်ကြောင်းအားလုံးက သူ့နှလုံးအိမ်ထက်မှာ ယနေ့ထက်တိုင် စွဲထင်နေဆဲဖြစ်သည်။ သူ ဘာလုပ်ရမလဲ။ ဦးနှောက်ကို အပြင်းအထန် အလုပ်ပေးကြည့်သည်။ ခပ်ထုံထုံဖြစ်နေသည့် ဦးနှောက်က ခြေဖျားလက်ဖျားများ အေးစက်နေခြင်းကို ဦးစွာ သတင်းပို့သည်။ သူ့ခြေလက်တွေက ဘာ့ကြောင့်အေးစက်နေရတာလဲ။ မြစ်ပြင်ဆီမှ ခပ်ကြမ်းကြမ်း တိုက်ခတ်လာတဲ့လေကြောင့် မဟုတ်ဘူး ထင်ပါရဲ့။ အချိန်တွေကြာခဲ့ပြီပဲ။ သူဘာကြောင့် သူမနဲ့ပတ်သက်ပြီး မတည်ငြိမ်နိုင်သေးတာပါလိမ့်။ ပန်းချီကားလေးက သူ့ဘေးမှပုံရိပ်လေးနှင့် စကားတွတ်...