Posts

Showing posts from January, 2021

ဖန်မီးအိမ်

ဖန်မီးအိမ် ဖန်မီးအိမ်သည် ကြောင်လိမ့်နွယ်ဆင့်၊ နန်းအိမ်မြင့်မှာ ထွန်းတင့်နိုင်မည် မဟုတ်ပါ။ ဖန်မီးအိမ်သည် တိမ်လွှာကိုစား၊ လရထားဖြင့် ဝင့်ကြွားစွာလျှင်၊ ခရီးနှင်သည့် သခင်တို့မြန်း၊ ပန်းခင်းလမ်းတွင် ညှိထွန်းနိုင်မည် မဟုတ်ပါ။ ဖန်မီးအိမ်သည် မငြိမ်မသက်၊ စိတ်ယောက်ယက်နှင့် လမ်းပျက်တူရူ၊ လျှောက်လာသူကို အားကူမျှသာ ထွန်းမည်တည်း။ သူ့အဆင်းသည် နေမင်းပမာ၊ သော်တာအလား မဝင်းငြားလည်း၊ သူ့အား သူ့မာန် သူပိုင်ဟန်ဖြင့်၊ သူသန်ရာမှ ဤလောကကို အလှဆင်လိုဟန်တကား။                    ။ တင်မိုး (ကဗျာပေါင်းချုပ် ၁၊ စာမျက်နှာ ၅)

စံရာကျွန်း

  စံရာကျွန်း တိမ်ကလေး ပြာပြာ ဘယ်မှာလဲ မေး။ မြကောင်းကင် ခရီးဆန့် အနှံ့ကွဲ့လေး … ။ ကဗျာတေး သာသာ ဘယ်မှာလဲ မေး။ သူ့ရင်ခွင် သည်းပြင်ပြန့် အနှံ့ကွဲ့လေး…။ တင်မိုး (ကဗျာပေါင်းချုပ် ၁၊ စာမျက်နှာ ၁၅)

ရှုခင်းနှစ်ကွက်

  ရှုခင်းနှစ်ကွက် ကောင်မလေး နက်ခြောက်ခြောက် မြေပဲတစ်တောင့် ကောက်။ အမောက်မလေး လှယဉ်မှူး ဖောင်တိန်လေးနှင့် မြူး…။ တင်မိုး (ကဗျာပေါင်းချုပ် ၁၊ စာမျက်နှာ ၂၀)

တယ်တော်တဲ့ ငါပါလား

Image
တယ်တော်တဲ့ ငါပါလား   ယနေ့ ကြာသပေတေးနေ့ဖြစ်သည်။ ထို့ကြောင့် ယောက္ခမကြီး အိမ်သို့ ကိုထူးနှင့် မမစံတို့ အလည်သွားကြသည်။ (ဟမ် ကြာသပတေးနေ့နဲ့ ဘာမလည်း မဆိုင်ဘူး။ ပြန်ရေးမှ...) မနေ့ညက ကျွန်တော်တို့ လမ်းထိပ်ကအိမ်တွင် (Covid-19) ပိုးတွေ့သဖြင့် ယနေ့ ယောက္ခမကြီးအိမ်သို့ ကိုထူးနှင့် မတ်မတ်စံ တို့ အလည်သွားကြလေသည်။ (အံမယ် အခုလိုကျ ဆိုင်သလိုလိုပဲ။) သာကြောင်း မာကြောင်းပြော၊ ကော်ဖီလေး ဘာလေး ညာတာပါတေးသောက်ပြီးနောက် ဝိုင်ဖိုင်ချိတ်ကာ အွန်လိုင်းသုံးသည်။ ခဏကြာသော် ဇက်ကြောတက်သဖြင့် ကိုထူးတစ်ယောက် ဖုန်းကိုချကာ ဘေးဘီကြည့်သည်။ တန်းလျားထောင့်တွင် တင်ထားသည့် ဘတ်ဂွကို တွေ့သည်။ ကျောက်စရစ်ခဲဖြူဖြူလေး ငါးလုံးခန့်လည်း ရှိသည်။ အသာကောက်ယူလိုက်ပြီး ဟိုချိန်သည်ချိန် ချိန်သည်။ ပြတင်းပေါက်မှ မြင်နေရသည့် သရက်ပင်ကို ချိန်သည်။ သရက်ကိုင်းပေါ်တွင် ငှက်ကလေးတစ်ကောင်း။ သနားချစ်ခင်စရာ အသံလေး တကျစ်ကျစ်ဖြင့် ဟိုခုန်သည်ကူး လုပ်နေသည်။ သို့နှင့် ဘတ်ဂွကိုဆွဲကာ ချိန်ပြီး လွှတ်လိုက်သည်။ ဘတ်ခဲက သရက်ကိုင်းကိုမှန်ကာ ကဲန်နင်ဖြင့် ကွမ်းရွက်ရွေးနေကြသည့် ဝန်ထမ်းများဘေးရှိ တန်းလျားပေါ်တွင် တရားစခန်းမှ ဓမ္မမိတ်ဆွေများအကြောင်း အတင်းတုတ်နေသည့် ယောက္ခမကြီးကို

ကျွန်တော် ရယ်စရာလုပ်ကြည့်တဲ့အခါ

Image
  ကျွန်တော် ရယ်စရာလုပ်ကြည့်တဲ့အခါ   ကျွန်တော် လွဲခဲ့တာတွေထဲက တစ်ခုကို ပြောပြချင်ပါတယ်။ ဟိုတယ်မှာ ညဆိုင်းဆင်းရတုန်းကပေါ့။ ကျွန်တော်နဲ့ တာဝန်အတူကျတဲ့ ညီငယ်က ပြေရဲဦးပေါ့...။ သူက ချစ်စရာ တော်တော်ကောင်းတယ်။ ပျော်ပျော်နဲ့ ပေါ့ပေါ့ပါးပါး နေတတ်တယ်။ ချက်နဲ့လက်နဲ့လည်း ပြောတတ်တယ်။ (ကျွန်တော် သူ့ကို စကားနိုင်မလုနိုင်တဲ့အခါ နှိပ်စက်နည်းတချို့ပြောပြပြီး ခြိမ်းခြောက်ရတယ်။) ။ အဲဒီနေ့ကတော့ လုပ်စရာတာဝန်တွေပြီး မနက်(၂)နာရီကျော်တော့ သူနားပြီ။ ကျွန်တော် သူ့ကို စချင်တာနဲ့ ကျွန်တော့်ဖုန်းနဲ့ သူ့ဖုန်းကို ခေါ်လိုက်တယ်။ ဖုန်းဝင်သွားတယ်။ ဒါပေမယ့် ဖုန်းမြည်သံ မကြားရဘူး။ ဆိုင်းလင့် လုပ်ထားသလားဆိုတော့လည်း မလုပ်ထားဘူး။ သူက ဖုန်းနဲ့ ဂိမ်းဆော့နေတာကိုး။ တစ်ဖက်က ထူးသံကြားရတယ် " ဟယ်လို " တဲ့။ အမျိုးအသမီးအသံ။ အသံက အိပ်ချင်မူးတူးနဲ့ဆိုတော့ သိလိုက်ပြီ။ သူ့ မဒီ ဆီရောက်သွားပြီ။ " ဟိုက် ... သေပြီဆရာ " ကျွန်တော် ဂိမ်းဆော့နေတဲ့ ကိုပြေဆီသွားပြီး ဖုန်းထိုးပေးလိုက်တယ်။ သူလည်း ဖုန်းယူလိုက်ပြီး အဆင်သင့်သလို ပြောနေတော့ တော်သေးတာပေါ့။ ကိုယ့်မှာ ခပ်လှမ်းလှမ်းသွားပြီး ရယ်နေရတယ်။ ပြီးမှ ကိုယ့်အလွဲကို ပြောပြတော့ ဒီကောင်

သူခိုး

သူခိုး   ဘူမာရင်နှစ်၊ မေ့သားချစ်လျှင် ကိုယ့်ပစ္စည်းပိုင်၊ မဟုတ်နိုင်သော ကြယ်စိုင်တစ်ဖူး၊ နွေညဦးက စိတ်ကူးနှင့်ပင် ခိုးမိတကား ... ။   တင်မိုး

ပန်းပုံပြင်

Image
  ပန်းပုံပြင်           တစ်ချိန်တုန်းက သူသည် မိန်းကလေးတစ်ယောက်ကို ရူးရူးမူးမူး ချစ်ခဲ့ဖူးသည်။ သို့မဟုတ် အသည်းအသန် ကြိုက်ခဲ့ဖူးသည်ဟု ယူဆခဲ့ဖူးသည်။ ခုချိန်ပြန်စဉ်းစားမိတော့ ထိုယူဆချက်က မခိုင်မာချင်တော့။ အနေနီးလို့ သံယောဇဉ် ဖြစ်တာနေမှာဟူသော ခေါင်းစဉ်တစ်မျိုး ပြောင်းချင်လာသည်။ အထက်တန်းကျောင်းသား တစ်ယောက် အတွက် အချိန်မတိုင်မီ စောရောက်လာသည့် နွေဦးရောဂါဆန်းလည်း ဖြစ်နိုင်သည်။ ကျောင်းသား တော်တော်များများလည်း ထိုရောဂါ၏ ကိုက်ခဲခြင်းကို ခံစားဖူးကြမည်ထင်သည်။           မထူးသော်လည်း ဆန်းသည့်ထိုရောဂါက စာမေးပွဲမတိုင်မီ စာကျက်ချိန်ပေးထားသည့် ကျောင်းပိတ်ရက်များအတွင်း ဖြစ်ပွားတတ်သည်။ တစ်နှစ်လုံးသင်ထားသည့် သင်ရိုးများပြီးပြတ်ကာစဖြစ်၍ သင်ခန်းစာအားလုံးကိုပဲ အပိုင်ရနေသလိုလို၊ အနည်းငယ်မျှ နွှေးလိုက်ရုံဖြင့် စာမေးပွဲအတွက် အသင့်ဖြစ်နေသလိုလို၊ ဆေးလိပ်သောက်တတ်ကာစဖြစ်၍ မကြာခဏ လက်ဖက်ရည်ဆိုင်ပဲ ထိုင်ချင်နေသလိုလို၊ ထိုင်ဖြစ်လျှင်လည်း စာအကြောင်း ငါးဆယ်ရာခိုင်နှုန်းနှင့် မိန်းကလေးအကြောင်းက ငါးဆယ်ရာခိုင်နှုန်းဖြစ်နေတတ်သည်။ ဆွေးနွေးသည့် သူငယ်ချင်း၏ ဝါသနာကိုလိုက်၍ ခေါင်းစဉ်တစ်ခုခုက ရာခိုင်နှုန်း များသွားတတ်သေးသည်။ သူမသည