ပန်းပုံပြင်

 

ပန်းပုံပြင်

          တစ်ချိန်တုန်းက သူသည် မိန်းကလေးတစ်ယောက်ကို ရူးရူးမူးမူး ချစ်ခဲ့ဖူးသည်။ သို့မဟုတ် အသည်းအသန် ကြိုက်ခဲ့ဖူးသည်ဟု ယူဆခဲ့ဖူးသည်။ ခုချိန်ပြန်စဉ်းစားမိတော့ ထိုယူဆချက်က မခိုင်မာချင်တော့။ အနေနီးလို့ သံယောဇဉ် ဖြစ်တာနေမှာဟူသော ခေါင်းစဉ်တစ်မျိုး ပြောင်းချင်လာသည်။ အထက်တန်းကျောင်းသား တစ်ယောက် အတွက် အချိန်မတိုင်မီ စောရောက်လာသည့် နွေဦးရောဂါဆန်းလည်း ဖြစ်နိုင်သည်။ ကျောင်းသား တော်တော်များများလည်း ထိုရောဂါ၏ ကိုက်ခဲခြင်းကို ခံစားဖူးကြမည်ထင်သည်။

          မထူးသော်လည်း ဆန်းသည့်ထိုရောဂါက စာမေးပွဲမတိုင်မီ စာကျက်ချိန်ပေးထားသည့် ကျောင်းပိတ်ရက်များအတွင်း ဖြစ်ပွားတတ်သည်။ တစ်နှစ်လုံးသင်ထားသည့် သင်ရိုးများပြီးပြတ်ကာစဖြစ်၍ သင်ခန်းစာအားလုံးကိုပဲ အပိုင်ရနေသလိုလို၊ အနည်းငယ်မျှ နွှေးလိုက်ရုံဖြင့် စာမေးပွဲအတွက် အသင့်ဖြစ်နေသလိုလို၊ ဆေးလိပ်သောက်တတ်ကာစဖြစ်၍ မကြာခဏ လက်ဖက်ရည်ဆိုင်ပဲ ထိုင်ချင်နေသလိုလို၊ ထိုင်ဖြစ်လျှင်လည်း စာအကြောင်း ငါးဆယ်ရာခိုင်နှုန်းနှင့် မိန်းကလေးအကြောင်းက ငါးဆယ်ရာခိုင်နှုန်းဖြစ်နေတတ်သည်။ ဆွေးနွေးသည့် သူငယ်ချင်း၏ ဝါသနာကိုလိုက်၍ ခေါင်းစဉ်တစ်ခုခုက ရာခိုင်နှုန်း များသွားတတ်သေးသည်။ သူမသည် သူ့အတွက် နွေဦးရောဂါဆန်းကို စောစီးစွာ ခံစားရစေသည့် တစ်ယောက်သောသူ ဖြစ်သည်။

          သူမနှင့် စတင်ဆုံစည်းရသည်က တစ်ခုသောနွေဦး၏ အလတ်ဆတ်ဆုံးသော မနက်ခင်းသစ်တစ်ခုတွင် ဖြစ်သည်။ ဖေဖေ့မိတ်ဆွေ ကျူရှင်ဆရာသင်သည့် ထိုစာသင်ဝိုင်းတွင် တက်ဖြစ်သွားခြင်းက ကျောင်းမတူသည့် သူမနှင့် သူ့အတွက် ရေစက်ဆုံစေသည့် တစ်ခုတည်းသော အကြောင်းရင်းဖြစ်သည်။ ခြောက်ယောက်မျှသာရှိသည့် ကျူရှင်ဝိုင်းလေးတွင် သူမနှင့် သူမှလွဲ၍ ကျန်သူငယ်ချင်းများက ထိုကျူရှင် ဆရာ၊ ဆရာမများ၏ သားသမီးများ ဖြစ်ကြသည်။ ကျစ်ဆံမြီးလေးကျစ်ထားသည့် သူမ၏ပုံရိပ်က ယနေ့တိုင် သူ့နှလုံးသားမှာ စွဲထင်နေဆဲဖြစ်သည်။ ဘဝတွင် အခင်ဆုံးသူငယ်ချင်းအဖြစ် ရပ်တည်သွားရမည့်သူမကို စတွေ့ပြီးသည့်ရက်ပိုင်းအတွင် မနှစ်မြို့သလို ခံစားရခြင်းကလည်း အနည်းငယ်တော့ဆန်းသည်။ စာသင်ဝိုင်းက အိမ်ဘေးအဆောင်ထဲတွင် ဖြစ်သည်။ စာသင်ဝိုင်းမစမီ သူမကို ထိုအိမ်ပေါ်တွင် တွေ့နေရခြင်းက သူမနှစ်သက်ရသည့် အကြောင်းရင်းဖြစ်သည်။ မိန်းကလေးတစ်ယောက်အနေနှင့် သူစိမ်းအိမ်ပေါ်တွင် ရှိမနေသင့်ဟု ယူဆကာ အမြင်စောင်းခဲ့ခြင်း ဖြစ်သည်။ ထိုအိမ်သည် သူမနေအိမ်ဆိုတာကို သိခဲ့ရသည့် နောက်မှာတော့ … ။

          သူမနှင့် သူ၏ရင်းနှီးမှုသည် သူမ၏မွေးနေ့မှအစပြုကာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။ ကျန်သူငယ်ချင်းတွေ ပေးသည့် လက်ဆောင်နှင့်မတူဘဲ သူပေးခဲ့သည်က တန်ဖိုးကြီးသော ပန်းတစ်ပွင့်ကိုဖြစ်သည်။ တမင်ထူးခြားအောင် ရည်ရွယ်ရင်းမဟုတ်သော်လည်း သူမအတွက် အနည်းငယ်တော့ ဆန်းနေလိမ့်မည်ထင်သည်။ ဘဝတွင် ပထမဆုံးသော ပန်းပေးခံရခြင်းမျိုးလည်း ဖြစ်နိုင်သည်။ သူ့ဘဝတွင်လည်း မိန်းကလေးတစ်ယောကို ပန်းပေးခဲ့ခြင်း၏ ပထမဆုံးသော အတွေ့အကြုံ ဖြစ်သည်။ ကျန်မွေးနေ့လက်ဆောင်များထက် သူမဦးခေါင်းထက်မှာ  ချက်ခြင်းနေရာ ယူသွားသည့် ပန်းကလေးကိုကြည့်ကာ သူကျေနပ်ခဲ့ဖူးသည်။

          သူမနှုတ်ခမ်းဘေးမှာ ရှိနေသည့် နှစ်လုံးဆင့် မှဲ့နက်လေးသည်လည်းကောင်း၊ မျက်ခုံးထူထူတန်းတန်းလေး အောက်မှ ပြုံးယောင်သန်းသွားသည့် မျက်ဝန်းလေးများသည်လည်းကောင်း၊ သူ့နာမည်ကို အဖျားဆွတ်ခေါ်ကာ ကျေးဇူးဟု ပြောသည့် သူမ၏အသံလေးသည်လည်းကောင်း၊ သူမ၏ဦးခေါင်းထက်မှ ကျေနပ်နေသည့် ပန်းကလေးသည်လည်းကောင်း၊ သို့မဟုတ် ရှက်နေသည့်ပန်းကလေးနှင့်အတူ ခေါင်းငုံ့သွားသည့် သူမ၏ ပုံရိပ်သည်လည်းကောင်း သူ့အတွေးအာရုံထဲတွင် အချိန်တော်တော်များများ နေရာယူသွားသည်။ ယနေ့ထက်တိုင် ထိုပုံရိပ်တို့ နှလုံးအိမ်မှာ စွဲထင်နေဆဲဆိုတာကိုတော့ သူမသိမည်မထင်ပေ။ အချိန်မတိုင်မီပွင့်သည့် ပန်းတစ်ပွင့်သည် ရဲရင့်မှုတစ်မျိုးနှင့် လှပနေမည်ဖြစ်သလို ထိခိုက်နစ်နာစရာ အကြောင်းတရားတွေကလည်း ဆီးကြိုစောင့်ဆိုင်းနေ တတ်သည်။ ဘာပဲပြောပြော သူကတော့ ထိုပန်းပွင့်ကလေးကုငိ တယုတယ ပျိုးထောင်နေမိသည့် ဥယျာဉ်မှူးတစ်ဦး ဖြစ်သည်။

          စာစီစာကုံးရေးရာမှာ ပျင်းသလောက် ကျောင်းပြင်ပမှစာကိုသာရေးလိုသူ သူ့အတွက် ဝတ္ထုဆိုသည်ကလေည်း မရေးတတ်သေးချိန်တွင် ပြင်ပစာအဖြစ်ဖြင့် မည်သူ့အားမျှပေးရန် မရည်ရွယ်သည့် ရည်းစားစာတစ်စောင်ကို သူငယ်ချင်းတစ်ဦး နာမည်တပ်ကာ အားသွန်ခွန်စိုက် ရေးကြည့်ဖူးသည်။ ရင်းနှီးသည့် သူငယ်ချင်းတစ်ဦးမှတစ်ဆင့် ထိုစာအကြောင်းကို သိသွားသည့်သူမက သူ့ထံမှ မငြင်းဆန်နိုင်သည့် တောင်းယူခြင်းမျိုးဖြင့်တောင်းကာ ပြန်မတွေ့နိုင်တော့သည့် သိမ်းဆည်းခြင်းတစ်မျိုးဖြင့် သိမ်းဆည်းသွားသည်။

        မနက်ခင်း ကျူရှင်ဝိုင်းတွင် သူမမျက်နှာလေးကို သနပ်ခါးရေကျဲလေးဖြင့် တွေ့ရသည်။ ညနေခင်း ကျူရှင်ဝိုင်းတွင် တစ်ခါတစ်ရံ ကျောင်းစိမ်းဝတ်စုံပင်မလဲနိုင်တော့ပဲ စာသင်ခုံမှာ ထိုင်နေသည့် သူမ၏ ပါးလျလျပုံဟန်လေးကို တွေ့ရသည်။ နေ့ခင်းဘက်တွင် သူမ၏ပုံရိပ်လေး မျက်ဝန်းထဲမှာ ဖြတ်သန်းသွားဖို့အတွက် အပျံသင်စငှက်ငယ်လေးရဲ့ ဦးတည်ရာက သူမတို့ကျောင်းဝင်းပေါက်ဝမှာ။ ထမင်းစားကျောင်းတက်ခါနီး ကော်ရစ်ဒါကွေ့မှ ဖြတ်ခနဲပေါ်လာမည့် သူမ၏ ပုံရိပ်အတွက် တစ်ခါတစ်ရံ သူ့ထမင်းဘူးကို အိမ်မှာမေ့ထားခဲ့လိုက်သည်။ တစ်ခါတစ်ရံ မုန့်စားကျောင်းဆင်းချိန် မဆာသော်လည်း စားထားလိုက်သည်။ တစ်ခါတစ်ရံတော့ သူ မကြိုက်သည့် ငှက်ပျောသီးကိုစားကာ အားဖြည့်ခဲ့သည်။ အများအားဖြင့် သူမသည် သူ့အစာအိမ်ကို ဘာမျှမဖြည့်ဘဲ ပြည့်စေခဲ့သူဖြစ်သည်။

         ကံကောင်းသည်လား၊ ကံဆိုးသည်လားတော့ မဆိုနိုင်။ ကျောင်းတံဆိပ်ပေါ်မှာစိုးသည့်အတွက် အပေါ်မှထပ်ဝတ်လာသည့် ချည်ထည်အကျများ၊ မူလတန်းကျောင်းနှင့် အလယ်တန်းကျူရှင်တွင် အတူတက်ခဲ့ဖူး သည့် သူငယ်ချင်းများကြောင့် မဆိုင်သည့်နေရာ တစ်ခုကိုရောက်နေသည့်သူ့အတွက် မည်သည့်ပြဿနာမဆ ပေါ်မလာခဲ့ချေ။ ကျောင်းဆောင်အပေါ်ထပ်ရှိ သူမတို့စာသင်ခန်းရှေ့တွင်ရပ်ရင်း၊ ကော်ရစ်ဒါကွေ့မှ ပေါ်လာမည့် သူမပုံရိပ်လေးကို မျှော်ရင်း၊ ကော်ရစ်ဒါတစ်လျှောက် လျှောက်လာသည့် သူမပုံဟန်လေးကိုငေးရင်း သဇင်တွေပင် ပွင့်လာခဲ့ပြီဖြစ်သည်။ ကျူရှင်မှာလို စကားမပြောဖြစ်ဘဲ သူငယ်ချင်းတစ်ဦးဦးနှင့် စကားပြောနေသော၊ တစ်ခါတစ်ရံ အတန်းထဲတွင် စာကြည့်နေတတ်သော သူမပုံရိပ်လေးကို ငေးရုံသက်သက်ဖြင့် အထက်တန်းကျောင်းသား တစ်ယောက်၏ ထမင်းစားကျောင်းဆင်းချိန်များသည် အဓိပ္ပါယ်ပြည့်ခဲ့ရသည်။ ကျောင်းတက်ခေါင်းလောင်းမြည်ရန် အချိန်နီးလာလျှင်တော့ … ။

          “ ပြန်တော့မယ် ”

          “ ………….”

          တစ်ခါတစ်ရံတော့ သူမထံမှ “ အင်း ” ဆိုသည့် စကားသံပင် ထွက်မလာချင်။ သူ့ကို မော့ကြည့်မည်။ နောက် ချွန်ဖို့မလိုတော့သည့် ခဲတံကို ဆက်ချွန်နေမည်။ သို့မဟုတ် သူမသူငယ်ချင်းနှင့် ပြောလက်စ စကားကို ဆက်ပြောနေမည်။ သူ သေချာသိပါသည်။ သူထွက်သွားလျှင် နောက်ကျောတွင် သူမအကြည့်တစ်စုံ ကပ်ပါလာမည်ကို သေချာသိနေသည်။ သူမလည်း သေချာသိပါသည်။ သူမကို နှုတ်ဆက်စကားတစ်ခွန်းပြောဖို့ အတွက် သူရောက်လာခြင်း မဟုတ်ဘူးဆိုတာကို သေချာသိသည်။

          တစ်ခုသော ကျောင်းပိတ်ရက်တွင် သူမတို့အိမ်ရှေ့ဝရန်တာတွင် သူမ စာကျက်နေပါသည်။ သူ ရောက်သွားသည်။ ထိုနေ့သည် တနင်္ဂနွေနေ့ ဖြစ်သည်။ သူမ၏ အစ်မတစ်ယောက်နှင့် ညီမတစ်ယောက် အိမ်ထဲမှာ ရှိသည်။ သဇင်တွေပွင့်သည့်ရာသီ၏ နေ့ခင်းတစ်ခုလည်း ဖြစ်သည်။ သူမက ဆံပင်တွေကို ဖြန့်ချထားသည်။ သူက သူမမျက်တောင်ကော့များကို ငေးနေသည်။ သို့မဟုတ် သူမနှုတ်ဖျားမှ စကားလုံးတိုင်းကို နားစွင့်နေသည်။ နင်သိပ်အ-တာပဲ ဆိုသည့် အဓိပ္ပါယ်မျိုးသက်ရောက်သည့် ဝေ့ဝေ့ဝဲဝဲ စကားလုံးများအောက်တွင် တဒိတ်ဒိတ်ခုန်နေသည့် သူ့ရင်အစုံက ထိမ်းမရချင်ခဲ့။ ဖောက်ပေးထားသည့် မြောင်းကို မစီးတတ်သူ လူနုံမဟုတ်ကြောင်းကိုတော့ သက်သေပြခွင့်ရခဲ့သည်။ မွေ့မွေ့လေးပြုံးနေသည့် ပန်းတစ်ပွင့်ကို အိပ်မက်မဟုတ်သည့် နေ့ခင်းတစ်ခုတွင် မြင်ခဲ့ရခြင်းက ကျေနပ်စရာအတိဖြစ်သည်။ ကျေနပ်စရာမကောင်းသည်က ချောချောမွေ့မွေ့ ထွက်ကျမလာသည့် သူ့နှုတ်ဖျားမှ စကားလုံးများနှင့် အေးစက်နေသည့် သူ၏ ခြေဖျား၊ လက်ဖျားများဖြစ်သည်။

          အချစ်နောက်တွင် ဘယ်အရာတွေ ရှိသလဲ။ အဖြစ်နောက်တွင် အပျက်ရှိသည်။ အကြောင်းနောက်တွင် အကျိုးရှိသည် ဆိုတာကိုတော့အချိန်တစ်ခုကို ဖြတ်ကျော်ပြီးနောက် သူသိခဲ့ရသည်။ ပိတောက်တွေပွင့်ပြီးနောက် မိုးဦးကျတွင် ထွက်လာသည့် ဆယ်တန်းအောင်စာရင်းတွင် ဖြစ်သည်။ အတန်းတိုင်းတွင် ဝမ်းတူဖိုက်အတွင်း ရှိနေတတ်သည့်သူမ၊ ဆရာ ဆရာမများနှင့် သူငယ်ချင်းများက အောလ်ဒီထွက်လိမ့်မည်ဟု ထင်မှတ်ထားသူ သူမက ဂုဏ်ထူးနှစ်ဘာသာမျှထွက်ခြင်းဖြင့် သက်သေပြခဲ့သည်။ သူကရော … ။ သူကတော့ နောက်တစ်နှစ်ထပ်ဖြေရန် ပြင်ဆင်ခြင်းဖြင့် ဖြစ်ခြင်း၊ ပျက်ခြင်းနိယာမတရား၏ မှန်ကန်မှုကို ပံ့ပိုးခဲ့သည်။

          ရှင်သန်ရာဘဝတွင် ဘဝရည်မှန်းချက်အသီးသီးတွက် ကိုယ်စီကြိုးစားရင်း သူမနှင့်သူက လမ်းမခွဲဘဲနှင့် လမ်းလွဲခဲ့ကြရသည်။ အချိန်ကတိုက်စားလို့မရတဲ့အထဲမှာ အချစ်ဦးဆိုတာလည်း ပါတယ်မဟုတ်လား။ အိပ်မက်ထဲ မှာ ယောင်ယောင်အော်ခေါ်မိတဲ့ နာမည်တစ်ခု ရှိခဲ့ဖူးသည်။ ချစ်သူ … ။ သို့မဟုတ် …

          “ သဇင်မြင့်မိုရ် …”

***                                 ***                                  ***

ဆယ်တန်းစာမေးပွဲ ကျရှုံးကြောင်းသိရပြီးနောက် ခြောက်ရက်မြောက်အကြာတွင် သူ့ဘဝတွင် အရေးပါဆုံးဖြစ်မည့် သူငယ်ချင်းကို ခင်ခွင့်ရခဲ့သည်။ ထိုနေ့သည် စနေနေ့ဖြစ်သည်။ ထိုနေ့သည် အရှုံးသမားသုံးယောက် ပျော်ရွှင်စွာ အော်ဟစ်ရယ်မောလိုက်သော နေ့လည်းဖြစ်သည်။ သူမနှင့် မိတ်ဆက်ပေးသည့် သူငယ်ချင်းသည်လည်း စာမေးပွဲကျရှုံးထားသူ ဖြစ်သောကြောင့်ဖြစ်သည်။ ထူးခြားသည့်တိုက်ဆိုင်မှုတစ်ခုက သူမသည် သဇင်တို့ကျောင်းမှဖြစ်သလို သဇင်နှင့် တစ်ခန်းထဲဖြစ်နေခြင်းပင်။ ရိုးသားပွင့်လင်းသည့် သူမထံမှ ထပ်သိရသည်က သူ့ကိုမြင်ဖူးထားခြင်းဖြစ်သည်။ သူမကို သူဘာကြောင့်များ အမှတ်မထားမိပါလိမ့်။

ဘဝလှေကားထစ်တွေကို ဒုတိယအကြိမ်အဖြစ် ကြိုးစားတက်နေဆဲအချိန်များတွင် သူမနှင့်သူ ဆုံဖြစ်ကြသည်က စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်တချို့တွင် ဖြစ်သည်။ အမြဲတမ်းမဟုတ်သော်လည်း တစ်ပတ်တွင် ငါးရက်ခန့်တွေ့ဖြစ်ကြသည်က ဆယ်တန်းဖြေပြီးနောက် အောင်စာရင်းမထွက်ခင် တက်ဖြစ်သည့် ကွန်ပျူတာသင်တန်းတွင် ဖြစ်သည်။ ထိုသင်တန်းကို တက်ဖြစ်အောင် စည်းရုံးသည်မှာလည်း သူမသာလျှင် ဖြစ်သည်။ ဆယ်တန်းအောင်ပြီးနောက် အဝေးသင်တက်ရန် မဲဆွယ်သည်မှာလည်း သူမပင်။ ထိုအချိန်တွင် တစ်ချိန်က သူ၏ သဇင်တစ်ခက်သည် မိန်းထဲရှိ ကြီးမားထွားကျိုင်းသည့် ဆိုင်ကယ်တစ်စီးပေါ် ထိုင်နေချိန်လည်း ဖြစ်သည်။ စိတ်မနာသော်လည်း ရင်နာချင်သည့်သူက အဝေးသင်တက်ရန် လွယ်လင့်တကူ သဘောတူခဲ့သည်။

သူမသည် သူငယ်ချင်းများအပေါ်တွင် ခင်မင်တတ်လွန်းသူ သို့မဟုတ် ကူညီတတ်လွန်းသူဖြစ်သည်။ နယ်ဝေးမှ ကျောင်းလာတက်ရသည့် သူငယ်ချင်းများအတွက် ကျောင်းလခများ သွင်းပေးခြင်း၊ (Assignment) များတင်ပေးခြင်း၊ အဆောင်ရှာပေးရခြင်းများသည် သူမအတွက် မရိုးအီနိုင်သည့် အခြေခံအကျဆုံးသော ကူညီမှုများပင် ဖြစ်သည်။ ထိုသို့သော သူငယ်ချင်းမလေး၏ အခင်ဆုံးသူငယ်ချင်းအဖြစ် ရပ်တည်နေသည့် သူ့အတွက် သူငယ်ချင်းတချို့က အားကျသည်။ တချို့သော သူငယ်ချင်းတို့က မေးငေါ့သည်။ အားလုံးကို သူလစ်လျူရှုထားလိုက်သည်။ သူမနှင့်ပတ်သက်၍ ပြန်စဉ်းစားရသည်က စိုက်ပေးထားသည့် ကျောင်းလခများ ပြန်ပေးမိရဲ့လား။ နောက်ပြီး ယောက်ျားလေးတစ်ယောက်အနေနှင့် သူမအပေါ်မှာ အခွင့်အရေးများ ယူလွန်းနေ သလား ဆိုပြီးဖြစ်သည်။

“ သူရယ် ကျွန်တော်ရယ် အသွားအလာ ရည်းစားလိုပါ ” ဆိုသည့် ကိုင်ဇာသီချင်းထဲကလို အခြေအနေမျိုး ဖြစ်သော်လည်း သူုမနှင့်သူက ရည်းစားတော့ မဖြစ်ခဲ့ကြ။ ဘေးမှာရှိနေကြသည့် သူငယ်ချင်းများ၏ အားပေးအားမြှောက်ပြုသည့် ထင်မြင်ချက်လေးများကို လစ်လျူရှုရင်း၊ သူမကြည့်လိုသည့် ရုံတင်ဇာတ်ကားလေး များကို ပြရင်း၊ သွားလိုသည့် ဘုရားများသို့ လိုက်ပို့ရင်း သူငယ်ချင်းဆိုသည့် စည်းကို ထင်ရှားစေခဲ့သည်။ အဖြူရောင်သူငယ်ချင်းဆိုသည့် ခေါင်းစဉ်တပ်ကာ မဖြူစင်တော့သည့် သူ့နှလုံးသားကို ဆေးသားထူထူတင်ခဲ့ဖူး သည်။ နှလုံးသားမှာ ရှိခဲ့ဖူးသည့် ခပ်နက်နက်ဒဏ်ရာကြောင့်လည်း ဖြစ်နိုင်သည်။

မေဂျာမတူသည့် အဖြစ်က သူမနှင့်သူ၏ ကျောင်းပုံပြင်ကို ပို၍လှပစေခဲ့သည် ထင်သည်။ ပရက်တီကယ်ပြီးချိန်တွင် သူမအခန်းရှေ့သို့ သူရောက်နေတတ်သလို မိုးဘယ်လောက်သည်းပါစေ သူ့အနား ရှိနေသူမှာ သူမသာလျှင် ဖြစ်သည်။ သူခွာပေးဖူးသည့် နေကြာစေ့လေးများကြောင့် သူမ ကျေနပ်ခဲ့ဖူးသလို သူမမွှေပေးသည့် ကော်ဖီခွက်လေးများကလည်း သူ့အတွက် အရသာပိုခဲ့ဖူးသည်။ မရိုးသားသည့်အကြောင်းကို ရိုးသားစွာဝန်ခံရလျှင် သူမ၏ ဂရုစိုက်မှုများအောက်တွင် သာယာကျေနပ်ခဲ့ဖူးသည်။ ဇာတ်သိမ်းပိုင်းမပါသည့် သူတို့၏ကျောင်းပုံပြင်သည် ကျောင်းပြီးသွားသည့်တိုင် နိဂုံးမချုပ်ခဲ့ချေ။

သူ မျှော်လင့်မထားသည့် စကားတစ်ခွန်းကို တစ်နေ့တွင် သူမထံမှ ကြားလိုက်ရသည်။

“ ငါ မင်္ဂလာဆောင်တော့မယ် … ”

“ ကောင်းတာပေါ့ ဘယ်သူနဲ့လဲ …”

နှလုံးသားမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည့် သံယောဇဉ်ကို သိမထားသေးသည့်သူသည် ထိုမေးခွန်းကို သက်သာပေါ့ပါးစွာ မေးနိုင်ခဲ့သည်။ ထိုအချိန်တွင် ခံစားရသည်က စိတ်လှုပ်ရှားမှုဖြစ်သည်။ ထူးဆန်းအံ့သြဖို့ကောင်းသည်မှာ မင်္ဂလာဖိတ်စာကို ဦးဆုံးဝေနိုင်သူမှာ သူဖြစ်ပြီး မင်္ဂလာလက်ဖွဲ့ကို နောက်မှ လက်ခံရသူမှာ သူမဖြစ်သည်။ ထိုလက်ဖွဲ့ထဲတွင် အတ္တမကင်းသည့် နှလုံးသားတစ်စုံပါသည်ကိုတော့ သူနှင့်ပတ်သက်ပြီးအရာရာတွင် သိနားလည်ဖူးသည့် သူမ သိမည်တော့ မထင်ခဲ့။ ထိုညက မြစ်ကမ်းဘေး လရောင်အောက်တွင် ငိုကြွေးနေသော လူရွယ်တစ်ယောက်ကို မည်သူတစ်ဦးတစ်ယောက်မျှ အမှတ်မထားမိမည် မထင်ချေ။ ချင်းတွင်းမြစ်မင်းမှလွဲ၍ ဖြစ်သည်။

သူမ အမည်ကို နှုတ်တရွရွ မရွတ်ဆိုမိသော်လည်း နှလုံးသားတွင် ပဲ့တင်ထပ်နေဆဲ စာလုံးတချို့ရှိသည်။ ညဉ့်နက်နက် လူခြေတိတ်ချိန် သို့မဟုတ် နံနက်စောစော နိုးနေချိန်များတွင် ပို၍ကျယ်လောင်နေတတ်သည့် ပဲ့တင်သံမှာ … ။

“ ထားမြတ်မွန် … ”

***                              ***                               ***

အားလုံးထက်အရင် အိမ်ထောင်ကျသူမှာ သူဖြစ်ပြီး မင်္ဂလာဆောင်သို့ သဇင်မြင့်မိုရ်ရော၊ ထားမြတ်မွန်ပါ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။ သူမတို့တတွေ မည်သို့ရှိနေမည် မသိသော်လည်း သူ့ရင်အစုံက ခပ်နွေးနွေးဖြစ်သည်။ သူ့နောက်မှ အိမ်ထောင်ကျသူမှာ ထားမြတ်မွန်ဖြစ်ပြီး နောက်ဆုံးမှ အိမ်ထောင်ကျသူမှာ သဇင်မြင့်မိုရ်ဖြစ်သည်။ သူမ မင်္ဂလာဆောင်ညတွင် မြစ်ကမ်းဘေး ပုလဲခရလောက်အောင်တော့ သူ့နှလုံးသားက ခံစားချက် မပြင်းထန်တော့။ သို့မဟုတ် ဟန်ဆောင်လောကကြီးထဲတွင် မာယာပါးပါး လိမ်းခြယ်တတ်သွားခြင်းလည်း ဖြစ်နိုင်သည်။

အိမ်ထောင်ကျပြီးနောက် ထားမြတ်မွန် မန္တလေးသို့ ပြောင်းသွားသည်။ သဇင်ကတော့ သူနှင့်တစ်မြို့ထဲ ကျန်နေရစ်ခဲ့သည်။ ဟိုးတုန်းကလို မဆုံဖြစ်ကြ၊ ဖုန်းမဆက်ဖြစ်ကြသော်လည်း တစ်ယောက်သတင်းက တစ်ယောက်နားမှာ ရောက်နေတတ်ကြသည်။ အိမ်ထောင်ကျပြီး နှစ်အတန်ကြာ ကလေးမရကြသေးသည့် သူတို့လင်မယားကို မွန်မွန်က မန္တလေးရှိ သူမတို့တိုက်တွင် တည်းစေကာ ရင်းနှီးသည့် အထူးကုဆရာမကြီးတစ်ဦးထံ အပ်နှံပေးခဲ့ဖူးသည်။ မွန်မွန့်ကျေးဇူးဖြင့် သူတို့ဘဝထဲသို့ သားနှစ်ယောက် ရောက်လာခဲ့ပြီဖြစ်သည်။

လောကမျက်လှည့်ဆရာကြီး၏ လှည့်စားမှုအောက်တွင် ထူးခြားတိုက်ဆိုင်စွာဖြင့် သဇင်နှင့် မွန်မွန်တို့၏ ခင်ပွန်းအသီးသီးသည် လအနည်းငယ်ခြားကာ အကြောင်းအမျိုးမျိုးဖြင့် သေဆုံးသွားခဲ့ကြသည်။ ဟုတ်သည်။ သမီးတစ်ယောက်စီချန်ထားခဲ့ကြပြီး ကောင်းကင်ပြာပြာကြီးအောက်တွင် နေရာခြားကာ သေဆုံးသွားခဲ့ကြခြင်း ဖြစ်သည်။ ယခုအချိန်မှာတော့ ဟိုတုန်းကလို မဆုံဖြစ်ကြသော်လည်း ဖုန်းအဆက်အသွယ် မပြတ်တော့။ တစ်နေ့ကပဲ သဇင့်ထံမှ ဖုန်းလာသည်။ ဟိုတယ်ဧည့်ကြိုဌာနတွင်ရှိသည့် သူ့ထံသို့ …

“ အဲဒါ ငါ့အထက်လူကြီးအတွက်နော် အရေးကြီးတယ် (VVIP) ဗွီဗွီအိုင်ပီ သိလား၊ ရအောင်လုပ်ပေး …”

သူကလည်း သတိရသည့်အခါတိုင်း၊ အကူအညီလိုသည့်အခါတိုင်း မွန်မွန်ထံသို့ ဖုန်းဆက်လေ့ရှိသည်။

“ မွန်မွန် အဲဒါလေးလုပ်ပေးဦးနော် … ”

ဘဝသည် တိုလွန်းသည်။ ထိုထက်ပိုတိုသည်က ပျော်ရွှင်ချိန်များဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းမှုများ၊ ချစ်ခြင်းတရားများဖြင့်သာ လောကကို အလှဆင်ချင်သည်။ ပင်မြင့်ထက်မှ သဇင်သည်လည်း လောကကို သူ့အဆင်း၊ သူ့အချင်းဖြင့် အလှဆင်နေမည်။ မြေပြင်ထက်မှ နှင်းဆီဖြူကလည်း သူ့အဆင်း၊ သူ့အချင်းဖြင့် လောကကို အလှဆင်နေလိမ့်မည်။ ပန်းကလေးတိုင်းသည် တစ်ဦးတစ်ယောက်အတွက် ရည်ရွယ်ပြီးပွင့်ခဲ့ခြင်း ဖြစ်သော်လည်း လောကကို အလှဆင်သည့် နေရာမှာတော့ အတူတူပင်ဖြစ်သည်။ သူ့အတွက် ရည်ရွယ်ပြီး ပွင့်ခဲ့ခြင်းမဟုတ်သည့် ပန်းကလေးနှစ်ပွင့်ကို ကူညီဖေးမရင်း လောကကြီး၏ နေ့စွဲစိမ်းတွေကို ဖြတ်သန်းရင်း ဇာတ်သိမ်းခန်းမပါသည့် သူ၏ပန်းပုံပြင်ကို ဆေးရောင်လှလှခြယ်နေချင်မိတော့သည်။

ရှဥ့်ညိုလေး

အထက(၁) အလုံ-နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် အလုံရွှေမြေမဂ္ဂဇင်း (၂၀၁၆)၊ စာမျက်နှာ (၁၈၆)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း