ရသစာတမ်း
ရသစာတမ်း
ကျွန်တော်သည် စာရေးရသည်ကို ငြီးငွေ့လာလျှင် ဝတ္ထုဖတ်ရသည်ကို ပျင်းလာလျှင် သမိုင်း၊ရာဇဝင်စသည်တို့ ဖတ်ရသည်ကို ရှုပ်ထွေးလာလျှင် ဒဿန၊အဘိဓမ္မာ စသည်တို့ဖတ်ရသည်ကို မောပန်းလာလျှင်၊ ကဗျာဖတ်ရသည်ကို ရိုးလာလျှင် အခြားအခြားသောစာအမျိုးအစားများကို ဖတ်ရ၍ အီလာလျှင် ရသစာတမ်းများကို ကောက်ဖတ်ဖြစ်ပါသည်။( အက်ဆေးကို ရသစာတမ်း၊စာတမ်းငယ်၊အစမ်းစာ စသည်ဖြင့် အမျိုးမျိုး ပြန်ကြပါသည်။ကျွန်တော်ကမူ ရသစာတမ်းဆိုသည့်စကားလုံးကို သဘောကျပါသည်။)
ရသစာတမ်းသည် ဝတ္ထုဖတ်ရသည်နှင့် မတူပါ။ဝတ္ထုသည် ဇာတ်လမ်း ဇာတ်ကွက်ဘောင်ထဲတွင် အကျဉ်းကျနေပါသည်။ဝတ္ထုဆရာကပေးထားသောတိုင်းပြည်မှ ကျွန်တော်ဘယ်ကိုမှထွက်သွား၍မပါ။သူ့တိုင်းပြည်ထဲတွင်နေပြီး သူစိုက်ပျိုးထားသည့်ပန်းပင်မှ ပန်းနံ့ကိုသာ ရှူရှိုက်နေရပါသည်။အခြားပန်းရနံ့များကို ရှူချင်၍မရပါ။
နောက်ဆုံး၌ ကျွန်တော်သည်ဝတ္ထုဆရာ၏တိုင်းပြည်က မင်းသား၊မင်းသမီးတို့၏ အလွမ်း၊အမော၊အပြုံး၊အမဲ့သူတို့၏ရင်ခုံသံများ၏ နရည်စည်းချက်တွေထဲသို့သာ ရောက်သွားပါသည်။
ရသစာတမ်းသည် ရာဇဝင်၊သမိုင်း စသည်တို့ကို ဖတ်ရသည်နှင့်လည်း မတူပါ။ရာဇဝင်၊သမိုင်း တို့ကိုဖတ်ရသည့်အခါတွင် ကျွန်တော်သည် ထိုဘက်၏
ကန့်သတ်ချက်ထဲသို့ ကျရောက်သွားပါသည်။ ထိုဘုရင်၏အမိန့်၊ ထိုမိဖုရား၏အကောက်ကြံမှု၊ ထိုမင်းသား၏ရမ်းကားမှု၊ ထိုမင်းသမီး၏အလိုကြီးမှု၊ ထိုအမတ်တို့၏အကောက်ကြံမှု၊ ထိုမင်းမှုထမ်းတို့၏ကပ်ပါးရပ်ပါးနိုင်မှု၊ထိုပြည်သူတို့ ဆင်းရဲကြပ်တည်းမှု စသည် သမိုင်းပန်းစကြာမှန်ပြောင်းထဲတွင် ချာချာလည်ကာ မူးနောက်ရီဝေသွားတတ်ပါသည်။
ရသစာတမ်းကို ဖတ်ရခြင်းသည် ဒဿန၊အဘိဓမ္မာကျမ်းတို့ကို ဖတ်ရသည်နှင့်လည်း မတူပါ။ဒဿန ကိုဖတ်ရသည့်အခါတွင် ကျွန်တော်သည် စိတ်နှင့်ရုပ်
သိမှုဗေဒနှင့် ဖြစ်မှုဗေဒ၊ပရမတ္ထသစ္စာနှင့် သမုတိသစ္စာ၊ထိုးထွင်းသိနှင့် ဆင်ခြင်သိ၊ဆင်ခြင်တုံတရားနှင့် ယုံကြည်ခြင်းတရား၊သိပ္ပံပညာနှင့်ဘာသာတရား၊စက်ရုပ်ချစ်သူနှင့်စေတသိကဝေဒနါ စသည် ဒြပ်မဲ့သောအရာများထဲတွင် မျောပါသွားကာ အဝေးသို့ ရောက်သွားတတ်ပါသည်။
ရသစာတမ်းကိုဖတ်ရခြင်းသည် ကဗျာကိုဖတ်ရသည်နှင့်လည်း မတူပါ။တစ်ခါတစ်ရံတွင် ကဗျာကိုအဖတ်များသွားလျှင် နရီများသည် ကိုယ့်သွေးထဲတွင်ခုန်နေတတ်ပါသည်။အသွေးအရောင်တို့သည် ကိုယ့်မျက်လုံးထဲတွင် စွဲကျန်ရစ်ခဲ့ကြပါသည်။အသံတို့သည် နားထဲတွင် ပဲ့တင်ကျန်ရစ်ခဲ့တတ်ပါသည်။ထိုအခါများတွင် အသံများသည် ရိုးသွားတတ်ပါသည်။
ရသစာတမ်းကိုဖတ်ရခြင်းသည် အခြားအခြားသော စာအမျိုးအစားများကို ဖတ်ရသည်နှင့်မတူပါ။အခြားအခြားသောစာများသည် ဖတ်ဖန်များလျှင် အီသွားတတ်ပါသည်။
ရသစာတမ်းကား ကျွန်တော့်အဖို့ ထိုသို့မဟုတ်ပါ။ဘယ်အချိန်တွင်မှ အီသည်၊ရိုးသည်၊ငြီးငွေ့စရာကောင်းသည်၊ပျင်းစရာကောင်းသည်၊မူးနောက်ရီဝေသွားသည်၊အဝေးသို့ရောက်သွားသည်၊ ဘောင်ခတ်ခံထားရသည်၊
သူများနရည်စည်းချက်ထဲတွင် ဝင်ကရသည်ဟူ၍ မရှိပါ။
ရသစာတမ်းကိုဖတ်ရခြင်းသည် လွတ်လပ်သော ခံစားမှုတစ်မျိုးကို ပေးပါသည်။ရသစာတမ်းဆရာကလည်း လွတ်လွတ်လပ်လပ် ပြောသွားပါသည်။အကြောင်းအရာကလည်း အမျိုးစုံပါသည်။မြေဖြူခဲတစ်ခဲအကြောင်း ပါချင်ပါမည်။
တံခါးအိုလေးတစ်ချပ်အကြောင်း ဖြစ်ချင်ဖြစ်မည်။
မျှော်စင်တစ်ခုအကြောင်း ဖြစ်ချင်ဖြစ်မည်။အိမ်ရှေ့ခြံထဲက သပိတ်လွယ်ငှက်ကလေးအကြောင်း ဖြစ်ချင်ဖြစ်မည်။
ဘုရင်တစ်ပါးနှင့် ခေါင်းဖြတ်စက်အကြောင်း ဖြစ်ချင်ဖြစ်မည်။မိုးရေထဲတွင်လမ်းလျှောက်ခြင်းအကြောင်း ဖြစ်ချင်ဖြစ်မည်။သမိုင်းဆရာ၏တာဝန်အကြောင်း ဖြစ်ချင်ဖြစ်မည်။
စာအုပ်ဈေးတန်းအကြောင်း ဖြစ်ချင်ဖြစ်မည်။ကျေးလက်တွင်လှည်းစီးခြင်းအကြောင်း ဖြစ်ချင်ဖြစ်မည်။ပိတောက်ပွင့်ချိန်အလွမ်းအကြောင်း ဖြစ်ချင်ဖြစ်မည်။
ရသစာတမ်းကကိုင်တွယ်သော အကြောင်းအရာသည် ကိုယ်ရေးကိုယ်တာမဆန်။ပုဂ္ဂလိကမဆန်။လူတစ်ဦးချင်းသဘောမဆန်။
သို့ရာတွင် စာတမ်းအရေးအဖွဲ့ကိုဖတ်ရသည်မှာ စာကိုဖတ်ရသည်နှင့်မတူ။အနီးတွင် လူတစ်ဦးက နှစ်သက်စဖွယ်ကောင်းအောင် အတွေးစဉ် အမျှင်တန်းတို့ကို ဆက်စပ်၍ ပြောနေသကဲ့သို့ ထင်ရသည်။ထို့ကြောင့်စာတမ်း၏အကြောင်းအရာသည် ကိုယ်ရေးကိုယ်တာမဆန်သော်လည်း စာတမ်းအဖွဲ့အနွဲ့ပုံသဏ္ဌာန်မှာ ကိုယ်ရေးကိုယ်တာဆန်သည်။ပုဂ္ဂလိကသဘောဆောင်သည်။ သူပြောပုံသည် ပရိသတ်ထဲတွင် ပြောပုံနှင့်မတူ။
စင်မြင့်ပေါ်မှ ပြောနေပုံနှင့်မတူ။
အချက်အလက်တို့စီစဉ်ပြီး စာရွက်ကိုကြည့်၍ ပြောနေပုံနှင့်မတူ ။ သူပြောပုံသည် လွတ်လပ်သည်။ရင်းနှီးသည်။ဟန်ဆောင်မှုကင်းသည်။
ရသစာတမ်းတွင် အကြောင်းအရာသည် ကိုယ်ရေးကိုယ်တာမဆန်၊ပုဂ္ဂလိကမဆန်သော်လည်း ၊ ပြောပုံသည် ကိုယ်ရေးကိုယ်တာဆန်သည်။ပုဂ္ဂလိကဆန်သည်။
ရသစာတမ်းကပေးသောရသမှာ အလွမ်းလည်းမဟုတ်၊စိတ်ညစ်စရာလည်းမဟုတ်၊ ဟာသလည်းမဟုတ်၊ ပီတိဖြစ်သည်။
ရသစာတမ်းတစ်ပုဒ်ကိုဖတ်ပြီး ပီတိမဖြစ်ရသည့်အခါဟူ၍မရှိ။ ကြည်နူးစရာ၊နှစ်သက်စရာ၊ တွေးတောစရာ၊ဆင်ခြင်စရာ၊ သတိရစရာတို့ ပေါင်းဆုံနေသော ပီတိတစ်မျိုးကို ခံစားရသည်။
(ဆရာကြီးမြသန်းတင့်၊ ဆရာကြည်နိုင်၏ သက်တံရောင်ရသစာတမ်းစာအုပ်အမှာ)
Credit:မြန်မာစာ၊မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့သမိုင်းမှန်ကို မြတ်နိုးသူများ Group
Comments
Post a Comment