အမျိုးအရင်းတွေဆို ပေးမဖတ်နဲ့


အမျိုးအရင်းတွေဆို ပေးမဖတ်နဲ့

ခင်ဗျားကိုယ်တိုင် ရေးထားတဲ့ စာတွေ၊ ကဗျာတွေကို မိသားစုဝင်တွေကိုများ ဘယ်တော့မှ ပေးမဖတ်နဲ့။ ပေးဖတ်မိရင်လည်း ဘယ်တော့မှ ထင်မြင်ချက် မတောင်းမိစေနဲ့။ ခင်ဗျားလိုချင်တဲ့ ဝေဖန်မှုမျိုး၊ ချီးကျူးမှုမျိုး ဘယ်တော့မှ သူတို့ပေးနိုင်မှာ မဟုတ်ဘူးဆိုတာ သေချာလို့ပဲ။
ကျွန်တော့် အက်ဆေးတစ်ပုဒ်ကို အဖေ့ကို ပေးဖတ်တယ်။ အဖေက လိုလိုချင်ချင်ပဲ မျက်မှန်ကြီးတပ်ပြီး ဖတ်ပါတယ်။ ပြီးတော့ ပြုံးပြုံးကြီးပြောတယ်။
" အဖေ နားသိပ်မလည်ဘူး သားရာ၊ ရေးထားတာတွေက မြင့်တယ်၊ အဖေ လိုက်မမီဘူး "

အမလေးလေး ကိုယ်ရေးထားတာ ရိုးရိုးရှင်းရှင်း၊ ဘာနိမိတ်ပုံမှတောင် သုံးမထားဘူး။ ဒါနဲ့ နောက်တစ်ခါကျ မဂ္ဂဇင်းဝတ္ထုတိုလေးပါလာတော့ အမေ့ကို့ ပေးဖတ်တယ်။ သူလည်း အဖေ့လိုပါပဲ။ ထန်းပလက်ထိုင်ခုံပေါ်ကနေ မျက်မှန်ကြီးတပ် ဖတ်တယ်။ ကိုယ်လည်း တစ်ခုခု လုပ်နေသလိုနဲ့ သူစာဖတ်အပြီး စောင့်ကြည့်တယ်။ ပြီးသွားပြီလို့ သိလိုက်တာနဲ့
" ဘယ်လိုနေလဲ အမေ "
လို့ မစောင့်နိုင်ဘဲ တန်းမေးတယ်။ အမေက ခပ်လေးလေးပဲ ပြန်ဖြေတယ်။

" အင်း မဆိုးပါဘူး၊ ကောင်းပါတယ် " တဲ့။

အမေကောင်းပုံကြီးက အလှူပွဲမှာ စားမကောင်းပေမယ့် အလှူ့ရှင်ကိုတော့ ကောင်းပါတယ် ဖြေသလိုကြီးပဲ။ ကိုယ့်သားရေးထားတာဆိုတော့ မကောင်းပေမယ့် မဆိုးပါဘူး ဖြေတာနေမှာပေါ့။
နောက်တော့ စာမူအသစ်တစ်ပုဒ်ပါလာတာနဲ့ ညီမလတ်ကို ပေးဖတ်တယ်။ သူက ကဗျာဝါသနာပါတယ်။ ငယ်တုန်းက လသာတဲ့ ညမှာ အိမ်ထဲဝင် ကဗျာတစ်ကြောင်းရေးလိုက်၊ အပြင်ဘက်ထွက် လမင်းကြီးကြည့်လိုက်နဲ့ ကဗျာစပ်တဲ့ ကဗျာရူးလေ။ အဲဒီတုန်းကတော့ တခြားကဗျာတစ်ပုဒ် ခိုးကျက်ထားပြီး ကျွန်တော်တို့ကို ရေးပြတယ် ထင်နေတာ။ သူအသက်(၃၀)ကျော်မှ အဲဒီအကြောင်းပြန်ပြောဖြစ်တော့ သူတကယ်ရေးခဲ့တာတဲ့။ ထားပါ။

ညီမလတ်ကို ကျွန်တော့်ဝတ္ထုပေးဖတ်လိုက်တော့

“ အဲဒါ ဟိုအကြောင်းကို ပြောထားတာ မဟုတ်လား၊ ဒါက ဘယ်သူနဲ့ ဘယ်သူ့အကြောင်းလေ၊ ဒါလေးက ကိုကြီးအကြောင်းထည့်ရေးထားတာ၊ အံမယ် ဒီထဲမှာကျ တကယ့်တတ်ပကြီး၊ အဲဒီတုန်းကဖြင့် ဒီထဲကလို မဟုတ်ပေါင် ”

စသဖြင့် ကျွန်တော့် ဝတ္ထုကို ထင်းခြမ်းပေါက်သလို ပေါက်ပစ်တာ။ သေးသေးမွှားမွှားလေးကို ဖြစ်သွားရော။ ဘယ်လောက်ထိလည်းဆို အဲဒီဝတ္ထုပါတဲ့ မဂ္ဂဇင်းကို စာအုပ်စင်အောက်ဆုံးမှာ လွယ်လွယ်ယူမဖတ်ဖြစ်အောင်ကို ထားလိုက်ရတော့တာ။

ကျွန်တော် ကာရန်နဲ့ကဗျာ မရေးဘူး။ (ရေးထားတာလည်း လေးငါးဆယ်ပုဒ်ပဲ။) ကာရန် မရေးတာ မရေးတတ်လို့ပါ။ ကာရန်နဲ့ မရေးတတ်ပေမယ့် ကာရန်မဲ့ကျတော့လည်း ကာရန်နဲ့ကဗျာနည်းတူပါပဲ မရေးတတ်ဘူး။ မရေးတတ်ပေမယ့် စာတိုလေး လေးငါးကြောင်းတော့ ရေးတာပေါ့။ ပြီးမိုက်တယ်ထင်တာလေး မဒီစံကို ပေးဖတ်တယ်။ သူကတော့ အရင်းနှီးဆုံး သူစိမ်းဆိုတော့ ဝေဖန်တာ အားမနာရဘူးလေ။ အဲဒီတော့ အားပါးတရ ဝေဖန်တာပေါ့။

“ မကောင်းဘူး ”

“ လျှောက်ရေးထားတာ ”

“ အရင်တုန်းက တာရာမင်းဝေ စာတွေ၊ ကဗျာတွေ ဖတ်တယ်။ အဲဒီလို စာမျိုးတွေကြိုက်တာ၊ မောင်ရေးထားတဲ့ ကလေးကလား ကဗျာတွေဖတ်ရတာ ရယ်စရာကြီး၊ အဲခက်တာ ရယ်လို့လဲ မရဘူး ”

အဲဒီမှာ ပြီးသွားတာပဲ။ ဘယ်တော့မှ ကဗျာတိုလေးတွေ သူ့ကို ပေးမဖတ်တော့ဘူး။ ဖတ်ချင် ကိုယ့်ပေ့ချ်ဝင်ကြည့်ပဲ။ ဒီကလည်း ဘာမှသာ မဟုတ်တာပါ မာနတော့ ကြီးပါတယ်။

ကဗျာပေးမဖတ်တော့ပေမယ့် ဝတ္ထုတိုလေးတော့ ပေးဖတ်ကြည့်သေးတယ်။ မဂ္ဂဇင်းတိုက် မပို့ခင် မိန်းမကို အယ်ဒီတာမင်း နေရာထားပြီးပေါ့။ သူက ဖတ်တယ်။ ဖတ်ပြီးတော့ စာရွက်ကို ဟိုဖက် ဒီဖက် လှန်ကြည့်တယ်။ ပြီးမှ

“ အယ် … ပြီးသွားပြီလား ” တဲ့။ ခပ်တိုးတိုး အသံထွက်ပြတယ်။ မသိရင် စာမူက ကောင်းလွန်းလို့ တစ်ဆက်ထဲ ပြီးသွားသလိုလို၊ ဇာတ်လမ်းကောင်းလွန်းလို့ ပြီးသွားမှန်းတောင် မသိသလိုလို။ ဘယ်ရမလဲ ဒီက သိတာပေါ့။ ဆယ့်ငါးနှစ်ကျော် ပေါင်းလာတဲ့ မဒီစံအကြောင်း ကောင်းကောင်း သိတာပေါ့။ ဒါ ချီးမွမ်းတာ မဟုတ်ဘူး၊ ချေတာ (ကန်)ကြောက်တာ။ နောက်တော့ စာမူလေးပြန်ပေးပြီး သမ်းပြတယ်၊ ပြီးမှ အိပ်ယာပေါ် ကွေးကွေးလေး လှဲသွားရော။ မျက်လုံးမှိတ်ထားရင်း ထပ်ပြောလိုက်သေးတယ်။

“ မဂ္ဂဇင်းမှာ မပါသေးတဲ့ စာမူတွေကျ ဖတ်ရတာ စိတ်မဝင်စားဘူး၊  မဂ္ဂဇင်းထဲပါလာတဲ့ စာမှ ဖတ်လို့ကောင်းမှာ ”

အမှန်က မဂ္ဂဇင်းထဲပါလာရင် စာမူခက သူရမှာကိုး၊ အဲဒီတော့ စိတ်ဝင်စားတာပေါ့။ အဲဒီကတည်းကစပြီး သူ့ကို စာမူပေးမဖတ်တော့တာ ခုချိန်ထိပေါ့။

တစ်နေ့တော့ စာရေးတဲ့အကြောင်းနဲ့ ပတ်သက်ကြီး သားကြီးနဲ့ ပြောဖြစ်တယ်။ နောက်တော့ ဝတ္ထုတိုတစ်ပုဒ်ကို ပေးဖတ်ဖြစ်တယ်။ သားက ဖတ်ပြီး သဘောကျနေရော။ သူသိချင်တာတွေလည်း မေးတယ်။

“ ဖေဖေ့ ဝတ္ထုထဲကသူက ညကြီး ဘာသွားလုပ်တာလဲ ဟင်”

“ သူက ဘာလုပ်ဖို့အရေးတကြီး သွားနေရတာလဲ”

“ သူ့အလုပ်က ဘာလဲ ”

“ စာတစ်ပုဒ်လုံးသာ ဆုံးသွားတယ်၊ သူ့အလုပ်က ဘာမှန်းလဲ မသိဘူး၊ နောက်ပြီး သူ့နာမည်တောင် မသိလိုက်ရဘူး”

သားဆီက မေးခွန်းတွေ ထပ်ထပ်ထွက်လာတာကို ကျွန်တော် ပြုံးပြုံးကြီး ကြည့်နေလိုက်တယ်။ ဟမ်း ခုမှ အရသာရှိတော့တယ်။ အဲဒီဝတ္ထု ကျွန်တော်ရေးထားတာ ကြာပြီ။ နှစ်ချီသိမ်းထားပြီးမှ မဂ္ဂဇင်းကိုပို့တာ။ မဂ္ဂဇင်းမှာ ပါလာတာလည်း ကြာပြီ။ အခုမှ ဝတ္ထုကြောင့် ကျေနပ်တဲ့ အရသာကို ခံစားရတော့တယ်။ နောက် စာမူတွေကို သားကြီးပဲ ပေးဖတ်တော့မယ် ဆုံးဖြတ်ထားတယ်။ ဒါမှ အရသာ ခံလို့ရမှာ မဟုတ်လား။

ကျွန်တော်ပြောချင်တာက ခင်ဗျား စိတ်နှစ်လက်နှစ် ရေးထားတဲ့ စာတွေကို အမျိုးအရင်းတွေကို မပြနဲ့ဗျ။ သူတို့က ခင်ဗျား ဖီလင်ကို အကျအနဖဲ့လိမ့်မယ်။ ချွင်းချက်အနေနဲ့ ကျွန်တော့်လို သားလေးမျိုးရှိရင်တော့ ပေးဖတ်နိုင်ပါတယ်။ ဒါမှ နောက်ထပ် နောက်ထပ် စာတွေ ရေးချင်စိတ် ဖြစ်လာမှာ။ မဟုတ်လို့ကတော့ … ။

ကျွန်တော် ထပ်ပြောပါ့မယ်။ ခင်ဗျာ စိတ်အား ကိုယ်အား စိုက်ပြီး ရေးထားတဲ့ စာတွေဆို “ အမျိုးအရင်းတွေဆို ပေးမဖတ်နဲ့ဗျ ”။ အခုရေးလိုက်တဲ့ ဒီစာကတော့ ခင်ဗျားက ကျွန်တော့် အမျိုးအရင်းမို့ ပေးဖတ်ထားတာပါ။

 

ရှဉ့်ညိုလေး

(၂၅.၉.၂၀၂၂ ညနေ ၃ နာရီ ၁၂ မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း