Posts

Showing posts from November, 2020

အရွယ်ရောက်တာ နောက်ကျတယ်

အရွယ်ရောက်တာ နောက်ကျတယ်   ကျွန်တော်က ဘလော့မှာ ရေးရတာကို သဘောကျတယ်။ တခြားသူတွေရဲ့ ဘလော့လေးတွေ ဝင်ဖတ်ကြည့်ရင်း ကိုယ်ပိုင်ဘလော့လေးတစ်ခု သိပ်လိုချင်ခဲ့တယ်။ (၂၀၁၅)ဧပြီမှာ ကိုယ့်ဘာသာ စမ်းလုပ်ကြည့်ရင်း ဘလော့တစ်ခုရသွားတယ်။ (ညဥ့်နက်ကြီးမှာ ဆရာဝေမိုးနိုင်ကို ဖုန်းဆက်မေးခဲ့ရတာလည်း အမှတ်တရပါ။) တကယ်က ဘလော့လုပ်ရတာ မခက်ပါဘူး။ ကျွန်တော်က လုပ်နည်းမသိတာပါ။ တကယ်တော့ (Gmail)တစ်ခုရှိရင်ကို ရနေပြီးသားပဲလေ။ ထားပါ။ ဘလော့လုပ်ပြီးတော့ ကိုယ့်စာလေးတွေ တင်ရတာကို သဘောကျတယ်။ အဲဒီအချိန်မှာ ဘလော့က ခေတ်မရှိတော့ဘူးလို့တောင် ပြောလို့ရတယ်။ သူက (၂၀၀၇-၂၀၀၈)မှာ အရမ်းခေတ်စားတာလေ။ ကိုယ်စသုံးတဲ့ (၂၀၁၅)ဆို သိပ်တောင် မသုံးကြတော့ဘူး။ ကျွန်တော်က အရွယ်ရောက်တာ နောက်ကျတယ်။ ဆိုပါတော့ သူများတွေ (Facebook) သုံးတာ (၂၀၀၇)လောက်ကတည်းက။ (၂၀၁၀)ဆို အားလုံးဟာ ဆရာကြီးတွေ။ ကိုယ်တွေက (၂၀၁၂)မှ စသုံးဖြစ်တာ။ ဒါတောင် ညီငယ်တစ်ယောက်က လုပ်ပေးလို့။ (Facebook) သုံးမှ ကိုယ်တွေ ဘလော့မှာ အားကျခဲ့ရ၊ အမြဲဝင်ဖတ်ဖြစ်ခဲ့ရတဲ့ ဆရာ၊ ဆရာမတွေကို တစ်စုထဲ ပြန်တွေ့ရတယ်။ တချို့ဘလော့ကို လုံးဝ မသုံးဖြစ်ကြတော့ဘူး။ ကျွန်တော်ကတော့ အခုချိန်ထိ ဘလော့မှာ ပို့စ်တွေ တင်ရတာကို သဘောကျတု

ကော်ဖီသောက်တဲ့ ရှဥ့်တစ်ကောင်

ကော်ဖီသောက်တဲ့ ရှဥ့်တစ်ကောင် ဖြစ်ပြီးသမျှကို နောင်တမရပါဘူး။ နောင်တဆိုတာ မှားသွားကြောင်း သက်သေပြချက် တစ်ခုမဟုတ်လား။ ခါးလိုက်တာ အချစ်ရယ် မင်းနဲ့ဆုံရတာ။ ဒီလိုဆိုတော့ အချိုကြိုက်တယ်လို့လဲ မထင်စေချင်ဘူး။ ကိုယ်က အခါးကြိုက်တဲ့ရှဥ့်တစ်ကောင်ပါ။ အဲဒါကို မင်းသိပါတယ်။ ဘ၀မှာ ကော်ဖီခါးခါးတစ်ခွက်ကို တရှိုက်မက်မက် သောက်သုံးနေတုန်းလား ဆိုတာကတော့ ...။ အဲ့ဒါကို မင်းသိပါတယ် အချစ်ရယ် ...။   ရှဥ့်ညိုလေး

သား

သား   ရွှန်းလဲ့တဲ့ အကြည့် ချိုလိုက်တဲ့ အပြုံး လုံးဝိုင်းတဲ့မျက်နှာ နူးညံ့တဲ့ အသား တစ်ချက် တစ်ချက် လှုပ်ခတ်သွားတဲ့ လက်အလွှဲ တိမ်တွေအပေါ် ခုန်တက်မလားထင်ရတဲ့ ခြေဟန် အရာရာတိုင်းက စည်းချက်မညီပေမယ့် နူးညံ့တဲ့ တေးသွားတစ်ပုဒ်လို ဒီရင်ကို အေးမြကြည်လင်စေတယ်.. သား...   8Yar

မာယာ

မာယာ   မွေးမေလေး သူစိတ်ဆိုးလို့ ရစ်ကြိုးနဲ့ ရိုက်လိုက်လေ ကျောသိသိ ကြေတယ်လေလေ့။ ချစ်တဲ့သူ ပြန်လာမှ ဒဏ်ရာကို လှန်ကာပြလို့ ငိုပါ့မယ်လေး။ ။   မြန်မာကျေးလက်ကဗျာ

ကျွန်တော်က နပိုလီယံ

Image
  ကျွန်တော်က နပိုလီယံ   ကျွန်တော်ကျောင်းတက်တုန်းက ကျောပိုးအိတ်အပြာ ကြိုးတစ်ချောင်း ဘေးစောင်းလွယ်တဲ့ အိတ်ရယ်၊ ဂျင်းပဲန်အပြာရယ်၊ ဇစ်ပိုမီးခြစ်ရယ်၊ လန်ဒန်တစ်ဗူးရယ်၊ ကိုယ့်ကိုယ်ကိုယ် ထင်တစ်လုံးနဲ့ရယ်။ တကယ်က ဘာမှမဟုတ်ဘူး။ နောက်တော့ ပိုသီဘတ်သီနဲ့ ကြည့်ရခက်လို့ ကိုအောင်စိုးဆိုတဲ့ သူငယ်ချင်းက မျက်စိစပါးမွှေးစူးပြီး ကချင်လွယ်အိတ် ပြောင်းလွယ်ခိုင်းတယ်။ အဲဒီတော့ စပို့ရှပ်အဖြူရယ်၊ စတိုင်ပဲန်ရယ်၊ ကချင်လွယ်အိတ်အနီရယ်ပေါ့။ အဲအဲ ကျန်ခဲ့တော့မလို့ ကိုယ့်ကိုယ်ကိုယ် ထင်တစ်လုံးရယ်။ တကယ်တော့ ဘာကောင်မှ မဟုတ်ဘူးရယ်။ ဘာကောင်မှ မဟုတ်တာကို အိမ်ထောင်ကျပြီး ကလေးတစ်ယောက်ရ၊ အလုပ်အမျိုးမျိုးလုပ်ရမှ သိတော့တာ။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ထင်တစ်လုံးကတော့ ခုချိန်ထိ တစ်ပြားသားမှ မလျှော့ဘူး။ လူနေချုံကြား၊ စိတ်နေချုံကြားဆို မကောင်းဘူးလေ။ လူနေချုံကြားဆိုရင်တောင် စိတ်နေစိတ်ထား အမူအကျင့်က ဘုံဖျားမှာ ဖြစ်သင့်တယ် မဟုတ်လား။ စိတ္တဇပုံပြင်တစ်ပုဒ်ဖတ်ပြီးကတည်းကပဲ ကျွန်တော့် ထင်တစ်လုံးကို မဖြုတ်တော့ဘူး။ သိပြီးသားပုံပြင်ဆိုလည်း ထပ်ပြောပြပါ့မယ်။ စိတ္တဇဆေးရုံမှာပေါ့။ ရောဂါပျောက်သွားတဲ့ သူကို ဆရာဝန်က မေးတယ်။ “ ရောဂါပျောက်သွားတော့ ဘယ်လိုခံစား

ပင်းတယတောင်တန်းမှာ

ပင်းတယတောင်တန်းမှာ   ပလူ ပလူ ယတောင်တန်းမှာ ဖွေးဖွေးဖြူ ပလူဝါးဖျား ငှက်ကူးအော်လို့ ဆန်လှော်နား ဝါးဖျား နိမ့်တုံမြင့်တုံနှင့်။ မယ်လှအိမ်နား ပလွေသံနှင့် စောင်းသံကြား တံခါးဖွင့်တုံ ပိတ်တုံနှင့်။   (တောင်ရိုးဓနုသီချင်း)

စကားပြောခြင်း

စကားပြောခြင်း   စကားပြောမည်ဆိုလျှင် အနည်းဆုံး နားထောင်ပေးမည့်သူ တစ်ဦးတစ်ယောက် ရှိနေဖို့ လိုပါသည်။ တချို့တွေအတွက် ပြောစရာစကားတွေက များပြားသည်။ တချို့တချို့တွေအတွက်တော့ ရှားပါးသည်။ ပြောစရာစကား ပေါများလွန်းသည့် သူများမှာပင် နှစ်မျိုးထပ်ကွဲသွားပြန်သည်။ လူတစ်ဦးထက်မက ဝိုင်းဖွဲ့နားထောင်ပေးစေလိုသူနှင့် နားထောင်ပေးမည့်သူ တစ်ဦးတစ်ယောက် ရှိလျှင်ပင် အမျှင်မပြတ် ပြောနိုင်သူဟူ၍ ထပ်ခွဲနိုင်မည် ထင်သည်။ ထိုအမျိုးအစားနှစ်ခုထဲမှ တစ်ဦးမှာ ကျွန်တော့်အဖေဖြစ်၍ ကျန်တစ်ဦးမှာ ကျွန်တော်ဖြစ်သည်။ ဖေဖေက စကားပြောလျှင် ဝိုင်းဖွဲ့နားထောင်ပေးမှ ကြိုက်သူဖြစ်၍ ကျွန်တော့်မှာ နားထောင်ပေးမည့်သူ တစ်ဦးရှိလျှင်ပင် အဆင်ပြေသူ ဖြစ်သည်။ ပြောစရာစကား ရှားပါး၍ ကြည့်စရာဇာတ်ကား များပြားသူမှာ ကျွန်တော့်အမေနှင့် ကျွန်တော့်မဒီစံ ဖြစ်လေသည်။ နှစ်သစ်၏ ပထမဆုံးရက်တွင် ထိုသူလေးဦးဆုံ၍ စကားဝိုင်းဖွဲ့ပြောသောအခါ … ။ ယခု ဤစာကို ရေးသောအချိန်သည် နံနက် (၁း၂၃) မိနစ် ဖြစ်သည်။   ရှဥ့်ညိုလေး ၂.၁.၂၀၁၉ နံနက် ၁း၂၃ မိနစ်

ကျွန်တော်နှင့် ချစ်သောဆရာများ

ကျွန်တော်နှင့် ချစ်သောဆရာများ   ချစ်ကြောက်ရိုသေမှ ဆရာအဆင့် မှီမှာလား။ ဘ၀မှာ ချစ်ကြောက်ရိုသေရတဲ့ ဆရာတစ်ချို့လည်း ရှိတယ်။ ချစ်ပေမယ့် မကြောက်ရတဲ့ ဆရာတို့လည်း ရှိမယ်။ မချစ်ပေမယ့် အောင့်ထားရတဲ့ ဆရာဆိုးလည်း များမယ်။ ပျားရည်ကျွေးပြီး အားပေးသွားတဲ့ ဆရာတွေလည်း ရှိတယ်။ ဆားရည်နဲ့ အနာသိပ်သွားတဲ့ ဆရာတစ်ချို့လည်း ရှိခဲ့ဖူးတယ်။ ဘ၀က ခါးတယ်။ အဲဒါကိုမှ ကော်ဖီခါးခါးတိုက်သွားတဲ့ ဆရာတစ်ယောက်လည်း ကြုံခဲ့ဖူးတယ်။ ချစ်ခဲ့ရတဲ့ ဆရာတွေနဲ့ မနှစ်မြို့ခဲ့ဖူးတဲ့ ဆရာတွေအကြောင်းတလှည့်တပြောင်းနဲ့ခေါင်းထဲရောက်ရောက်လာတယ်။ ချစ်တဲ့ ဆရာ့အကြောင်း တွေးမိယုံနဲ့ ၀န်းကျင်မှာ ပန်းတွေပွင့်တယ်။ ရနံ့တွေ သင်းသွားပုံများ မျက်နှာထက်မှာ အပြုံးတွေဆင့်တယ်။ Never understimate the power of your smile. No gem cam sparkle more than your smile. အပြုံးတစ်ခုရဲ့တန်ဖိုးကို ပိုင်းဖြတ်ပြသွားတဲ့ ဆရာတစ်ယောက်ကိုလည်း ပြုံးနေရင်းပဲ သတိရလိုက်ပါရဲ့။ ရွံ့ကြောက်ဖူးသူတစ်ယောက်အကြောင်း တွေးမိလိုက်တော့ အဆိပ်တွေသင့်သွားပုံများ မျက်နှာထက်က အပြုံးတွေလင့်တယ်။ သည်းခြေပေါက်လို့ အာရုံ မနောက်ခင် အတွေးဆိုးတွေ လွင့်ထွက်သွားအောင် ခေါင်းကိုရမ်းပစ

စာအုပ်တစ်အုပ်အကြောင်း

စာအုပ်တစ်အုပ်အကြောင်း   ကျွန်တော် (၂၀၀၈) ခုနှစ်တွင် စာ စရေးပါသည်။ ပထမဆုံး ရေးသည့် ဝတ္ထုတိုမှာ အသဲကွဲရာသီ ဖြစ်၍ ရေးသည်မှ (၈)နှစ်အကြာ (၂၀၁၆ ဂျူလိုင်လထုတ် မဟေသီ) တွင် ပုံနှိပ်ခံရပါသည်။ ပြောလိုသည်က စည်းမျဉ်းစည်းကမ်းများ၊ ရေးထုံးရေးနည်းများကို မသိနားမလည်ဘဲ ရေးချင်စိတ်သက်သက်ဖြင့် ရေးခဲ့ခြင်း ဖြစ်သည်။ ကျွန်တော်ရေးလိုသည်က လုံးချင်းဟာသ ဖြစ်သည်။ ထိုသို့စာရေးချင်သည့်အကြောင်းကို (၂၀၀၆)ခုနှစ်ကတည်းက ခင်ခဲ့ရသည့် စာရေးဆရာ ညီဘွား၏နှမ မမအေးကို အကြောင်းတိုက်ဆိုင်၍ ပြောပြမိသည်။ ထိုအချိန်တွင် ဆရာညီဘွားဆုံးသည်မှာ (၂)နှစ်ခန့်ရှိပြီထင်ပါသည်။ မမအေးက အကြံပေးသည်။ ဝတ္ထုရှည်မရေးသေးဘဲ ဝတ္ထုတိုလေးတွေ အရင်ရေးကြည့်သင့်ကြောင်းပင် ဖြစ်သည်။ ထို့ကြောင့် ဝတ္ထုတိုကို စရေးဖြစ်ခဲ့ခြင်း ဖြစ်သည်။ ရေးထုံးရေးနည်း၊ စည်းမျဉ်းစည်းကမ်း နားမလည်ဘဲ ရေးခဲ့မိသည့် ဝတ္ထုတိုလေးပြီးသွားသောအခါတွင် ခံစားရသည့် ခံစားချက်က တော်တော်လေး ကျေနပ်စရာ ကောင်းပါသည်။ ဖြစ်သွားပြီ၊ စာတစ်ပုဒ်အဖြစ်ရှိသွားပြီဆိုသော ခံစားချက်ဖြစ်သည်။ သဒ္ဒါစည်းကမ်း၊ စာစည်းကမ်းနားမလည်ဘဲနဲ့ ရေးခဲ့သည့်ဟု ပြောရခြင်းမှာ စာရေးနည်းစာအုပ်များ၊ လမ်းညွှန်ချက်များကို ပုန်ကန်လို၍ မဟုတ်ဘဲ ကျွန်တော်

ထင်မြင်ချက်

ထင်မြင်ချက် တစ်နေ့က စာရေးဆရာ နှစ်ယောက်ရယ်၊ ကလေးမလေးတစ်ယောက်ရယ်နဲ့ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်တယ်။ ကလေးမလေးက ဆယ့်နှစ်၊ ဆယ့်သုံးလောက်မှတ်နေတာ ဆယ့်ရှစ်နှစ်တဲ့။ စာပေလည်း ဝါသနာပါတယ်ဆိုတာနဲ့ ကိုယ်ဝါသနာပါတဲ့ လိုင်းကို အားစိုက်လေ့လာဖို့ ပြောဖြစ်တယ်။ ကာရံဖြင့် ကာရံ၊ မော်ဒန်ဖြင့် မော်ဒန်ပေါ့။ ဝတ္ထုဆိုလည်း စာတွေများများ ဖတ်ဖို့ပေါ့။ သူ့ဘကြီးက ကာရံကဗျာဆရာပါ။ တစ်ဝိုင်းထဲထိုင်တဲ့ နောက်တစ်ယောက်ကလည်း ဆောင်းပါးရော၊ ကဗျာရော ရေးပါတယ်။ သူလည်း ကာရံပါပဲ။ သူက ကလေးမလေးကို ပြောတယ်။ ကာရံကို လေ့လာသင်ယူပါတဲ့။ ကဗျာတတ်ပြီးမှ စာရေးရင် စာတွေပိုကောင်းတယ်၊ လက်ရာပိုမြောက်တယ်လို့ ပြောပါတယ်။ အဲဒီမှာ ကျွန်တော်နဲ့ အယူအဆ မတူတော့ဘူးဗျ။ ဆရာ မင်းသိင်္ခ ဆိုပါတော့ဗျာ။ သူ့စာတွေကြိုက်တယ်။ နာမည်ကြီးတယ်။ ဒါပေမယ့် ကဗျာတွေ ရေးတယ်လို့တော့ မကြားမိ၊ မဖတ်မိပါဘူး။ ဝတ္ထုဆိုတာ လူ့စရိုက်၊ လူဘဝကို ရေးခြယ်ပြရတာ မဟုတ်လား။ ဆရာကြီး ရွှေဥဒေါင်းလည်း ကဗျာတွေ ရေးခဲ့တယ်လို့ မကြားဖူးပါဘူး။ ဒါပေမယ့် ဆရာကြီး စာအုပ်တွေ အကြိမ်ကြိမ်ရိုက်နှိပ်နေတာကို မြင်နေရတာပဲလေ။ တချို့ကဗျာဆရာတွေရေးတဲ့ ဝတ္ထုတွေက လိုရင်းမရောက်ဘဲ အိုင်ကျင်းနေသလို ခံစားရတယ်။ ကိုယ်က ကဗျာသမားမဟုတ်လို့ အမြ

ငါသာ ငါ့ထက် မာန်မတက်နှင့်

ငါသာ ငါ့ထက် မာန်မတက်နှင့် ငါသာ ငါ့ထက် မာန်မတက်နှင့် အထက်နေမင်း၊ လေးကျွန်းချင်းလည်း မလင်းတိမ်တိုက်၊ တကျွန်းမိုက်၏ နှိုင်းလိုက်သည်သာ၊ ဤအရာကို ပညာရှိက၊ သတိရလိမ့် လကိုနှုန်းထွေ၊ နေကိုနှုန်းသင့် မြေနှင့်ပမာ၊ ကျင့်အပ်စွာ၏...။   ရှင်မဟာသီလဝံသ

ကြောက်မက်ကြေကွဲဖွယ်သတင်း

ကြောက်မက်ကြေကွဲဖွယ်သတင်း   ယနေ့ မနက်ခပ်စောစောမှာပင် ဗိုလ်ချုပ်လမ်းမကြီးပေါ်၌ ဂျာနယ်လက်ပွေ့သမားတစ်ဦးက သတင်းထူးတစ်ပုဒ်ကို အော်ဟစ်ရောင်းချနေသည်ကို တွေ့ရသည်။ သူ့အနား၌လည်း လူတချို့ဝိုင်းအုံနေသည်။ ယခုလို အချိန်မျိုးတွင် လူစုလူဝေး ရှိနေခြင်းသည် မကောင်းပါ။ တချို့က ဂျာနယ်ဝယ်ပြီး ပြန်သွားကြသည်။ မနေ့ကလည်း လူနာထပ်တိုးသဖြင့် လူတွေ စိတ်မသက်မသာ ဖြစ်နေသည်။ ကျွန်တော်လည်း သိချင်စိတ်ဖြင့် လူအုပ်နှင့် ခပ်လှမ်းလှမ်းတွင် ကားရပ်ကာ ဂျာနယ်တစ်စောင် သွားဝယ်လိုက်သည်။ လူတစ်ဦးတစ်ယောက်နှင့် မတိုးတိုက်မိစေရန်လည်း ဂရုစိုက်ရသေးသည်။ “ သိပ်ကြောက်စရာကောင်းတဲ့ ကြေကွဲဖွယ် ဖြစ်ရပ်ကြီးပေါ့ဗျာ … ” ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားသည့်အပြင် (Mask) တပ်ထားသည့် ဂျာနယ်လက်ပွေ့သမားက အာဘောင်အာရင်းသန်သန် ဆက်ပြောနေသည်။ ကျွန်တော်လည်း ဂျာနယ်တွင် အထူးသတင်းကို ရှာကြည့်သော်လည်း သမားရိုးကျ မထူးဆန်းသတင်းများကိုသာ တွေ့သည်။ သူပြောသည့် ကြောက်စရာ အဖြစ်အပျက်ကြီးပါသည့် သတင်းကိုမတွေ့။ သို့နှင့် “ ဘယ်မှာလဲဗျ သိပ်ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်ကြီးက …” ကျွန်တော့်အမေးကို သူက ဂျာနယ်အပိုထပ်ထည့်ပေးသည့် စာရွက်ကို မြှောက်ပြလိုက်ရင်း “ အဲဒီမှာ စာလုံးမည်းကြီးန

မြန်မာကဗျာ

မြန်မာကဗျာ မြန်မာနိုင်ငံသည် ပုဂံခေတ် အနိရုဒ္ဓမင်း၏ အားထုတ်မှုကြောင့် ဗုဒ္ဓဘာသာထွန်းကားလာသော နိုင်ငံဖြစ်လာရသည်မှာ အများအသိပင်။ ပုဂံ၌ စေတီပုထိုးများပြားသည့်နည်းတူ အလှူမှတ်တမ်း ကျောက်စာများရှိကြောင်းလည်း အများအသိပင်။ ထိုကျောက်စာများသည်ပင် မြန်မာစာပေ၏ ခရီးအစပင်ဖြစ်သည်။ မြန်မာစကားပြေနှင့်အတူ မြန်မာကဗျာလည်း ထွန်းကားခဲ့ဖွယ် ရှိပါသည်။   တင်မိုး

လက်ဖက်ရည်ဆိုင်ထဲမှာ

လက်ဖက်ရည်ဆိုင်ထဲမှာ   ဟိုးတုန်းက လက်ဖက်ရည်ဆိုင်မှာ လူကြီးတွေ နိုင်ငံရေးပြောတယ် တိုးတိုး…တိုး…တိုး…နဲ့။ ဒါပေမယ့် မျက်နှာတွေက အစစ် နှလုံးသားက အစစ် သူငယ်ချင်းကလည်း အစစ်။ အခုတော့ အင်တာနက်ကဖီးမှာ ကျွန်တော်တို့တတွေ နိုင်ငံရေးပြောတယ် အာကျယ်…ပါကျယ်နဲ့…။ ပရိုဖိုင်အတု နှလုံးသားအတုနဲ့ သူငယ်ချင်း ဆိုတာတွေကလည်း … ။ အခု ကျွန်တော် ကြွေးကြော်သံအတုတွေ ဖတ်နေတယ် လက်ဖက်ရည်ဆိုင်ထဲမှာ … ။   ရှဥ့်ညိုလေး (၂၆.၁၀.၂၀၂၀ ည ၈း၄၂ မိနစ်)

စကားပြေ မထွန်းကားလျှင်

စကားပြေ မထွန်းကားလျှင် စကားပြေ မထွန်းကားသော စာပေသည် အရေးကြီး အရာရောက်သော စာပေဟု မဆိုထိုက်ပေ...။   ဦးဖေမောင်တင်

ကြိတ်ပိုးဘွဲ့

ကြိတ်ပိုးဘွဲ့    တိတ်တခိုး ကြိတ်ပိုးပါလို့ အချိန်ကုန် ။ ဟိုင်းဇာတာ ပါလာရော့ထင့် ရေးခွင့်မကြုံ။ စာလွှာများမှာတော့ မပါးဖြစ်လို့ အပုံပုံ ကြုံပါရ သည်ကံမျိုး။ ခုတိုင်အောင် ရည်းစားဆို ချိုထောင်ထောင်နှင့် ဟိုအကောင် ဘဲဥလားရယ်လို့ မှားထင်ရဲ့ဗျိုး...။    မင်းသုဝဏ် လေးဆစ်

တြိချိုးရေးနည်း

တြိချိုးရေးနည်း တြိ ချိုး ကိုတဲ့ ရှိ ရိုး နဲ့ပြပါ မယ် ခက်ဘူး လွယ် လွယ် ။ ဒွေးချိုးထက် ကွယ် တစ်ပိုဒ် ကျယ် စပ်ထုံး ။ နည်းလမ်းမှန် သေချာ မှတ် လို့ ရေး စပ် သီကုံး ။ ။   မော်ကျွန်းရဲခိုင်

ဓား

ဓား   တကယ့်ဓား မယ့်သားကိုတဲ့အပ်လိုက်မယ်။ လွတ်ရေးဆို ထိုစစ်ပွဲမှာ ကြဲပါတော့ကွယ်။ ခင်းသွယ်သွယ် ရှင်းပယ်ဘို့ဆောင်သွား။ ထက်ဆုံးနော် မှီမထင်နဲ့ လက်သုံးတော်သီလ၀င်မို့ ပြည်တခွင်ကြည်ရွှင်အေးအောင် ရေးဆောင်မဲ့ဓား။ ။   ငွေတာရီ

စာရေးဆရာ

စာရေးဆရာ   မအောင်မြင်တဲ့ဘဝကို စာဖတ်ခြင်းထဲ မြှုပ် ဒေါသကို စာရေးခြင်းထဲ ပို့ လောဘ၊ သောကနဲ့ မောဟဟာ ရေးစရာ ကုန်ကြမ်း လောကဓံရှစ်ပါးဟာ ရေးရမယ့်ဟန် ဇာတ်လိုက်ဟာ ကိုယ်တိုင်ဖြစ်ပြီး မင်းသမီးဟာ အိမ်က အဒေါ်ကြီး ကဲ ဘာလိုသေးလဲ... ဇာတ်ဖြည့်ဖို့အတွက် သားနှစ်ယောက်လဲ ရှိတယ် လူကြမ်းဟာ အပြင်မှာနှိပ်စက်ခဲ့တဲ့ မိတ်ဆွေဖြစ်ပြီး ငါ့ဇာတ်လမ်းမှာ သနားစရာ ဇာတ်ကောင် အခုဆို ခင်ဗျားပါဝင်ရမယ့်နေရာကို သိလောက်ပြီ ရွေးချယ်ခွင့် မရှိဘူး ရွေးချယ်စရာ မရှိဘူး ခင်ဗျားက စာဖတ်သူ ကျုပ်က စာရေးသူ...။   ရှဥ့်ညိုလေး (၃၀.၁၀.၂၀၂၀ နေ့လည်၂း၀၀ တိတိ)

စကားပြေသည် လူမျိုး၏အသက်

စကားပြေသည် လူမျိုး၏အသက် စကားပြေသည် လူမျိုး၏ အသက်၊ လူမျိုး၏ အားထားရာ၊ လူမျိုး၏ တန်ဆောင်ဆီမီး ဖြစ်သည်ကို မပြတ်သတိရသင့်ပေသည်...။   မင်းသုဝဏ်

သပြေညို

သပြေညို   သူ့ခေါင်းမှာတဲ့ သပြေညို ငါ့ခေါင်းမှာတဲ့ သပြေညို တို့ပြည်​မှာတို့မေကမ်းပါတဲ့ သပြေညိုရွှေဘိုပန်းဟာဖြင့်​ လန်းလျှက်​ပါကို။ ဘာမလျှော့လေနဲ့ လာတော့မကွဲ့ရွှေဗဟိုရ်​ လေချိုကအသွေး။ လင်းကြက်​အဆော်​ ကွင်းထက်​မှာတူပျော်​ပျော်​နဲ့ စည်​တော်​ကိုရည်​မျှော်​မှန်းကာပ ရောင်​နီမှာအောင်​စည်​ရွှမ်းရအောင်​ သပြေညိုရွှေဘိုပန်းရယ်​နဲ့ လှမ်းကြစို့လေး။   မင်းသုဝဏ်   ဆရာကြီးမင်းသုဝဏ်​သည် နာမည်​ကျော်​သပြေညို ကဗျာကို( ၄.၁.၁၉၃၈ )ရက်​နေ့တွင် ရေးပါသည်​။ မြန်​မာလွတ်​လပ်​ရေးအတွက်​ကြိုးပမ်းနေကြသည့် မြန်​မာတိုင်းကို အားပေးရေးဖွဲ့သည့် ကဗျာဖြစ်သည်။ ( ၄.၁.၁၉၄၈ ) ရက်​နေ့တွင် မြန်​မာနိုင်​ငံလွတ်​လပ်​ရေးရခဲ့ပါသည်။

ကျား

ကျား   တကယ့်သား “ဟဲ့ကျားငါပ” စွန့်တော့မယ်။ မွေးမိခင်မယ်မတားနဲ့ ဓားအပ်ပါ့ကွယ်။ မာန်ထယ်ထယ် ရန်ပယ်မယ့်မေ့သား။ လက်ရုံးရည်မာန်ဆူဆူနဲ့ နှလုံးရည်စံမတူလို့ တို့ရန်သူဝေးကရှားတယ် ကျားဆိုမှကျား။ ။   ငွေတာရီ

မောင်တော်တမ်း အလွမ်းပြေ

မောင်တော်တမ်း အလွမ်းပြေ   အပွင့်ယေဖြူပြာ၊ အညှာယေကောင်းခြင်း ယာတောင်ထက်မှာ ဝါဂွမ်းခင်း။ ဝါဂွမ်းပင်ငုံ၊ ဖူးပွင့်စုံ ဆွတ်တုံမေရို့၊ ဗိုင်းငင်ဖို့။ ဗိုင်းဝင့်ဝါခြည်၊ လက်ရည်ထည် မေ့မောင်ရို့မှာ ဝတ်ရမေလေး။ ဝါခြည်ဒူးယား၊ အသားညက် အကွက်မဆန်း၊ မောင်တော်တမ်း အလွမ်းလေပြေ၊ ခေါ်ကြတ်ရေ။ ကြွရေ ပ ရေ၊ သာထွန်းဝေ အမေရို့မှာ မျက်ငါးသွယ်တည့် မျက်ငါးသွယ်။ ။   ရခိုင်ကျေးလက်သီချင်း

ရှေးခေတ်ပုဂံပြည်

"ရှေးခေတ်ပုဂံပြည်"   မောင်တို့ ကြားကုန်လော မယ်တို့ ကြားကုန်လော ရှေးဖျား ပုဂံပြေမှာဖြင့် မြန်မာတတွေမှာ ရတနာရွှေငွေအပေါင်းငဲ့ပြင် မင်းကောင်းနော်ရထာတဲ မော်စရာ ဟိုတခေတ်ကိုဖြင့် ဥာဏ်သစ်ကာ တရွှင်ရွှင်နဲ့ ဘ၀င်မှာ အမြင်မှန်းကာပေါ့ တမ်းတ၍ ကြည်ညိုပါ ။ သြော် ပြေမြန်မာခေတ်ထူး ရာဇ၀င်မှာ စာတင်လို့ကျုးခဲ့ကြ ငထွေးရူး လုံးလက်ဖယ် ညောင်ဦးနယ် ကိုရွှေဖီး ရွှေထီးလောင်း မင်းကျန်စစ် ထီမထင်အောင် ပြည်ခွင်ကိုချစ်ခဲ့ကြ ရဲစစ်တပ် ခြံအရံ ၊ မြန်မာ့နယ်တရိုး ရန်ထိုထိုကို၊ ရန်လိုလျှင် ချိုးခဲ့၍ မြို့ရိုးမြင့် ပြေပုဂံ၊ ရဲစစ်တပ် အပြန်မှာ …. ။ အောင်လံတွေ ရောင်ပျံမြူးကာပ တပ်ဦးမှာ တချီချီနဲ့ အောင်ရွှေစည် အောင်သံညှင်းလိုက်တော့ ပြည်တွင်းမှာ ညံဆူဆူနဲ့ ကျန်ရစ်သူ ပုဂံသားတို့မှာလ အားတတ်ကြမှာ ။ လာစမ်းဟဲ့မေ့သား အမယ်မင်း ထွားလိုက်တာ စစ်သားကြီးလုံးလုံး၊ ဗိုလ်မှူးကြီးရှုံးလောက်ရဲ့ ပုခုံးနဲ့လက်ပြင်၊ ကြောခြင်က သံချောင်း တနှစ်တွင်းမှာ ချက်ချင်းပဲပြောင်းရော့ ကောင်းလိုက်ပေ့ မေ့သား ဤဇမ္ဗူ ၊ တလူရှားလောက်ရဲ့ မယ်ဘွားမှာလေ ပန်းသပြေနှင့် ညောင်ရေသွန်းလောင်း ပြည်ကြီးရှင် အနိုင်ရလို့ ငါ့သားလှ ပြန်လာကြောင်းကို နေ့တိုင်းပဲ တောင်းရတယ်။ အမယ်မမ သားလှ

စာရေးဆရာ

စာရေးဆရာ စာရေးဆရာသည် စာရေးသည့် စားပွဲခုံမှ ပေါ်လာသူမဟုတ်၊ ဘဝအမျိုးမျိုးမှ မွေးဖွားလာသူ ဖြစ်သည်။ ထို့ကြောင့်လည်း စာရေးဆရာတွင် ရေးသားစရာ အကြောင်းအရာများစွာ ရှိတတ်သည်။ သူတွေ့ခဲ့၊ ကြုံခဲ့၊ မြင်ခဲ့၊ သိခဲ့၊ နားလည်ခဲ့သမျှသည် သူ့အတွက် စာရေးရန် ကုန်ကြမ်းပစ္စည်း ဖြစ်နေလေသည်။ ကုန်ကြမ်းပစ္စည်းဖြစ်သော အကြောင်းအရာမရှိဘဲနှင့် မည်သူမျှ စာရေးနိုင်မည် မဟုတ်ချေ...။   တက္ကသိုလ်နန္ဒမိတ်

လေးချိုး

လေးချိုး   လေးချိုး သည် တက်သံ ခေါ် ပကတိသံဖြင့် ချရသော အချိုးနှစ်ခုနှင့် အောက်မြစ်သံ၊ ဝိသဇ္ဇနီသံတို့ဖြင့် ချရသော အချိုးနှစ်ခုပေါင်း အချိုးလေးခုပါဝင်သော မြန်မာကဗျာအမျိုးအစား ဖြစ်သည်။ ဒွေးချိုးနှင့် တြိချိုးစပ်နည်းကိုသိလျှင် လေးချိုးစပ်နည်းသည် မခက်ခဲပေ။ အခြေခံ ဒွေးချိုးအပေါ်တွင်တက်သံခေါ် ပကတိသံဖြင့် ချရသော အချိုးနှစ်ခု ထပ်ဆင့်လိုက်လျှင် လေးချိုးဖြစ်လာသည်။ လေးချိုးတွင်တတိယအချိုး၌ ခွာထောက်ကာရန် ပါလေ့ရှိသည်။ လေးချိုးဆိုသည်ကား အအုပ်အခံ ကာရန်အချိုး အစား လေးပိုဒ်တို့ဖြင့် ရေးသားစီကုံးရသော တေးမျိုးကိုဆိုလိုသည်။ ဥပမာ- ၁။ မြတ်လေးဖြူ စံပယ်သင်းပြန်တော့၊ နတ်သွေးတူ ရွယ်ယမင်းတွေက၊ သွယ်သွယ်ညှင်း ကုံးကာဆင်။ ။ ၂။ စာပြန်ပွဲကိုလ၊ ဟန်နွှဲကာ တူနှစ်ဖော်နှင့်၊ အလှူတော်ကောင်းမှုပွား အောင်ကွယ်၊ သွားကြပျော်ရွှင်။ ။ ၃။ နွေနယုန် မေထုန်လဟာမို့၊ မြေဝသုန် လေဟုန်ခပြန်တော့၊ ရွှေမှုန် ထပါလို့ ညိုလွင်လွင်၊ ဟိုတစ်ခွင်မှာဖြင် အုံ့ကာမှိုင်း။ ။ ၄၊ စည်ပုစွန် ရိုက်ချုန်းရောင်ခြည်ဝှန်၍၊ တသွန်သွန် ဟန်ကုန်နွှဲပါလို့၊ အမ္ဗုန် မာန်ဟုန်နှင့် သဲလှတယ်ကွယ်၊ ရွှဲကြလူတိုင်း။ ( နယုန်လဘွဲ့ လေးချိုး ) လေးချိုးကဗျာ ရေးသားရာ၌ အခံပိုဒ်နှစ်ခု၊ အအုပ်ပိုဒ်နှ

နွားညီနောင်

နွားညီနောင်   ခလောက်ကလေးရယ်တဲ့ ဒိုးဒိုးဒေါင်။ ပျိုတို့မောင် ၊ ယာ... မလုပ်တယ် ဝါးခုတ်တဲ့တောင်။ နွားညီနောင် စည်အောင်ပ ဖေကျောင်း။ မယ်နှင့်မောင် အတူနေရမှ ဆူဝေအောင် ချူ တွေဆွဲလို့ရယ် လှည်းယဉ်နဲ့မောင်း...။   အမည်မသိရှေးစာဆို လေးဆစ်

စကားပြေ

 စကားပြေ   မိမိဆိုလိုသော အနက်အဓိပ္ပါယ်ကို တစ်ပါးသူတို့ သိရှိနားလည်စေရန် နေ့စဉ်သုံးစကားတို့ဖြင့် ကာရန်မပါဘဲ ရေးထားခြင်းသည် စကားပြေဖြစ်၏။ သာမန်အားဖြင့် လူတို့နေ့စဉ် ပြောဆိုနေကြသော စကားနှင့် စာတို့သည် စကားပြေဖြစ်၏။ မြန်မာစာပေ လောက၌မူကား စာပေသဘော သက်ရောက်သော စီကုံးဖွဲ့နွဲ့မှုကိုသာလျှင် စကားပြေဟု အသိအမှတ်ပြုသည်...။ မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)၊ စာမျက်နှာ (၂၉၈)  

သားချော့ကဗျာ

သားချော့ကဗျာ လူလေးရယ်ငို ခိုဖမ်းလို့ပေး။ ခိုဖြူခိုပြာနက်ကယ် ဖမ်းခက်လှသေး။ ဒွေးချိုး

နှလုံးသားချင်းဆုံရအောင်

Image
  နှလုံးသားချင်းဆုံရအောင် ကျွန်တော် ကဗျာလေးတွေ ဖတ်နေတယ်။ ခင်ဗျားလည်း ကဗျာလေးတွေ ဖတ်နော်။ ရင်ဘတ်ချင်းနီးရင် လမ်းမလွဲနိုင်သလို လမ်းတူရင် နှလုံးသားချင်း ဆုံမှာပါ...။   ရှဥ့်ညိုလေး