ရှေးခေတ်ပုဂံပြည်
"ရှေးခေတ်ပုဂံပြည်"
မောင်တို့ ကြားကုန်လော
မယ်တို့ ကြားကုန်လော
ရှေးဖျား ပုဂံပြေမှာဖြင့်
မြန်မာတတွေမှာ ရတနာရွှေငွေအပေါင်းငဲ့ပြင်
မင်းကောင်းနော်ရထာတဲ
မော်စရာ ဟိုတခေတ်ကိုဖြင့်
ဥာဏ်သစ်ကာ တရွှင်ရွှင်နဲ့
ဘ၀င်မှာ အမြင်မှန်းကာပေါ့
တမ်းတ၍ ကြည်ညိုပါ ။
သြော် ပြေမြန်မာခေတ်ထူး
ရာဇ၀င်မှာ စာတင်လို့ကျုးခဲ့ကြ
ငထွေးရူး လုံးလက်ဖယ်
ညောင်ဦးနယ် ကိုရွှေဖီး
ရွှေထီးလောင်း မင်းကျန်စစ်
ထီမထင်အောင် ပြည်ခွင်ကိုချစ်ခဲ့ကြ
ရဲစစ်တပ် ခြံအရံ ၊ မြန်မာ့နယ်တရိုး
ရန်ထိုထိုကို၊ ရန်လိုလျှင် ချိုးခဲ့၍
မြို့ရိုးမြင့် ပြေပုဂံ၊ ရဲစစ်တပ် အပြန်မှာ …. ။
အောင်လံတွေ ရောင်ပျံမြူးကာပ
တပ်ဦးမှာ တချီချီနဲ့
အောင်ရွှေစည် အောင်သံညှင်းလိုက်တော့
ပြည်တွင်းမှာ ညံဆူဆူနဲ့
ကျန်ရစ်သူ ပုဂံသားတို့မှာလ
အားတတ်ကြမှာ ။
လာစမ်းဟဲ့မေ့သား
အမယ်မင်း ထွားလိုက်တာ
စစ်သားကြီးလုံးလုံး၊ ဗိုလ်မှူးကြီးရှုံးလောက်ရဲ့
ပုခုံးနဲ့လက်ပြင်၊ ကြောခြင်က သံချောင်း
တနှစ်တွင်းမှာ ချက်ချင်းပဲပြောင်းရော့
ကောင်းလိုက်ပေ့ မေ့သား
ဤဇမ္ဗူ ၊ တလူရှားလောက်ရဲ့
မယ်ဘွားမှာလေ
ပန်းသပြေနှင့် ညောင်ရေသွန်းလောင်း
ပြည်ကြီးရှင် အနိုင်ရလို့
ငါ့သားလှ ပြန်လာကြောင်းကို
နေ့တိုင်းပဲ တောင်းရတယ်။
အမယ်မမ
သားလှတွက်တာ ၊ နောင်များဖြင့် ပူပါနဲ့
ပုဂံမှာမွေး၊ ပုဂံသွေးမို့
မလေးမမူ၊ အသက်ပင် လှူခဲ့ပေါ့
ပြည်သူ့သက်စွန့်၊ လက်ရုံးအင် သည်တအားနဲ့
ဘယ်တိုင်းခြား ၀ံ့မတုန်းတဲ့ …. ။
ယာလက်ရုံးငဲ့ပြင်
နှလုံးမှာ ဖြူစင်ကြယ်နဲ့
လူတွင်ကျယ် ပုဂံသားတွေတို့
ကိုယ့်အားကို ကိုယ်ယုံကိုးကာပါ့
ကိုယ့်မျိုးဂုဏ် တမာန်တတ်ပေလိမ့်
ဓားထက်တဲ့ ပုဂံမှာ
မြန်မာတို့ ခေတ်ဟောင်း ။
စေတီနှင့် တန်ဆောင်း
ဆည်ချောင်းနှင့် စပါးနှံ
ရွှေပေါက္ကံပြည်တကြောမှာ
ပေါချင်တိုင်း ပေါတဲ့ပြင်
ဝပြောတဲ့ သာသနာ
ခေါင်းလောင်းသံ ညံမစဲရယ်နဲ့
ပုဂံပွဲသာလွန်းလို့
လာသူလာ သွားသူသွား
လယ်တွင်းသား ပြည်တော်သား
အသည်သား မင်းမှုထမ်း
တစိတ်ဝမ်း တလက်ညီ
ပြည်ရေးကို ပြိုင်တူချီကြတော့
ပြည်တော်မြတ် ပဲ့တင်သံ
ဘ၀ဂ်က ပြန်ပါရော့ ….. ။
တရားငယ်မှန်
ရှင်မြတ်ကယ် ထေရ်အရဟံနှင့်
ပြေပုဂံ နော်ရထာဖုန်းငဲ့ပြင်
ပြည်လုံးညီညာတော့
ဤကမ္ဘာမှာ ပြည်မြန်မာရယ်လို့ ၀င်းခဲ့သတဲ့
သည်မင်း သည်ပြည်ထောင်ဖြင့်
မလေးမောင် ချစ်မငြီးနိုင်ဘု
ရွှေစည်းခုံ ခြေတော်ရင်းဆီက
ခေတ်ဟောင်းစံ ပုဂံသီချင်းကိုဖြင့်
ညှင်းဆိုခဲ့ကြောင်း ။
ဇော်ဂျီ
Comments
Post a Comment