ကြောက်မက်ကြေကွဲဖွယ်သတင်း

ကြောက်မက်ကြေကွဲဖွယ်သတင်း

 
ယနေ့ မနက်ခပ်စောစောမှာပင် ဗိုလ်ချုပ်လမ်းမကြီးပေါ်၌ ဂျာနယ်လက်ပွေ့သမားတစ်ဦးက သတင်းထူးတစ်ပုဒ်ကို အော်ဟစ်ရောင်းချနေသည်ကို တွေ့ရသည်။ သူ့အနား၌လည်း လူတချို့ဝိုင်းအုံနေသည်။ ယခုလို အချိန်မျိုးတွင် လူစုလူဝေး ရှိနေခြင်းသည် မကောင်းပါ။ တချို့က ဂျာနယ်ဝယ်ပြီး ပြန်သွားကြသည်။ မနေ့ကလည်း လူနာထပ်တိုးသဖြင့် လူတွေ စိတ်မသက်မသာ ဖြစ်နေသည်။ ကျွန်တော်လည်း သိချင်စိတ်ဖြင့် လူအုပ်နှင့် ခပ်လှမ်းလှမ်းတွင် ကားရပ်ကာ ဂျာနယ်တစ်စောင် သွားဝယ်လိုက်သည်။ လူတစ်ဦးတစ်ယောက်နှင့် မတိုးတိုက်မိစေရန်လည်း ဂရုစိုက်ရသေးသည်။
“ သိပ်ကြောက်စရာကောင်းတဲ့ ကြေကွဲဖွယ် ဖြစ်ရပ်ကြီးပေါ့ဗျာ … ”
ဦးထုပ်ခပ်ငိုက်ငိုက် ဆောင်းထားသည့်အပြင် (Mask) တပ်ထားသည့် ဂျာနယ်လက်ပွေ့သမားက အာဘောင်အာရင်းသန်သန် ဆက်ပြောနေသည်။ ကျွန်တော်လည်း ဂျာနယ်တွင် အထူးသတင်းကို ရှာကြည့်သော်လည်း သမားရိုးကျ မထူးဆန်းသတင်းများကိုသာ တွေ့သည်။ သူပြောသည့် ကြောက်စရာ အဖြစ်အပျက်ကြီးပါသည့် သတင်းကိုမတွေ့။ သို့နှင့်
“ ဘယ်မှာလဲဗျ သိပ်ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်ကြီးက …”
ကျွန်တော့်အမေးကို သူက ဂျာနယ်အပိုထပ်ထည့်ပေးသည့် စာရွက်ကို မြှောက်ပြလိုက်ရင်း
“ အဲဒီမှာ စာလုံးမည်းကြီးနဲ့ ရေးထားတယ်လေဗျာ … ”
ကျွန်တော်ကြည့်လိုက်တော့ ပြည်သူ့ဆေးရုံကြီးတွင် အမျိုသမီးတစ်ဦး လေးမွှာပူးမွေးသည့် သတင်းကိုသာ တွေ့ရသည်။ ဟိုဘက်ဒီဘက်လှန်ကြည့်သော်လည်း ကြော်ငြာများသာ တွေ့ရသည်။ သတင်းဆို၍ ကလေးမွေးသည့် သတင်းသာ။ ဂျာနယ်သမားများ သူ့ဂျာနယ်ရောင်းရအောင် ကလိန်စေ့ ငြမ်းဆင်တတ်ပါပေ့။ ဂျာနယ်သမားက ဆက်ပြောသည်။
“ အဲဒီမှာ တွေ့လား ကလေးမွေးတဲ့သတင်း … ”
“ ဘာဆန်းလဲဗျာ၊ ဒါများ သိပ်ကြောက်စရာကောင်းတဲ့ ကြေကွဲဖွယ် ဖြစ်ရပ်ကြီးတဲ့၊ အခုလို ပြည်သူတွေ ထိတ်လန့်နေချိန် မဟုတ်တရုတ်တွေ မလုပ်ပါနဲ့ဗျ…”
“ အဟုတ်ပါဗျ၊ သိပ်ကြောက်စရာကောင်းတဲ့ ကြေကွဲဖွယ် ဖြစ်ရပ်ကြီးပါဗျာ။ အဲဒီလေးမွှာပူးမွေးတာ ကျွန်တော့် အမျိုးသမီးလေ … ”
“ အမငိ…”
ကျွန်တော် အခုမှ သူ့ကို သေချာကြည့်မိသည်။ ခပ်ငိုက်ငိုက်ဆောင်းထားသည့် ဦးထုပ်နှင့် နှာခေါင်းစည်းတပ်ထားသည့်ကြားမှ သူ့မျက်လုံးကိုကြည့်ကာ သူ့ကို ခန့်မှန်းမိသွားသည်။ ထိုသူမှာ …
“ ကိုစိုးထက် … ”
 
(မှတ်ချက် ၁။ ရုံးများပိတ်ထားသည့် ယခုအချိန်မျိုးတွင် ဂျာနယ်ရောင်းနေသည့် ကိုစိုးထက်သည် စာကြည့်တိုက်များဖောင်ဒေးရှင်းမှ အမှုဆောင်ဝန်ထမ်းတစ်ဦး ဖြစ်သည်။ လူ့စွမ်းအား အရင်းအမြစ်သင်တန်းတစ်ခုတွင် ခင်မင်ရင်းနှီးခဲ့သူဖြစ်သည်။ ထိုသင်းတန်းမှ ခင်မင်ခဲ့ရသူ တစ်ဦးဖြစ်သည့် လယ်ယာစိုက်ပျိုးရေးရုံးမှ ဦးစီးမှူးလေး ကိုဖြိုးမောင်မှာ ယခုအခါတွင် ပူစီဖောင်း ရောင်းနေသည်ဟု သိရသည်။ ကျွန်တော်မှာမူ ကိတ်မုန့်ရောင်းနေသူတစ်ဦးဖြစ်ရာ ယခုအခါတွင် အပြင်လည်း ကောင်းစွာမထွက်ဝံ့သဖြင့် ကိုယ့်မုန့်ကိုယ်စား၊ အိမ်တွင်းအောင်းနေရပါကြောင်း…)
 
(မှတ်ချက် ၂။ ယခုအချိန်တွင် သူငယ်ချင်းများ စိတ်ဖိစီးမှုများနေသည်ထင်၍ ရယ်မောပျော်ရွှင်စေရန် မှတ်ချက်(၁)မှလွဲ၍ ဖတ်ဖူးသည့် ဟာသတစ်ပုဒ်ကို ဆင့်ပွားထားခြင်း ဖြစ်ပါသည်။ မှတ်ချက် (၁)မှာမူ အမှန်ဖြစ်လေသည်တကား…)
 
ရှဥ့်ညိုလေး သို့မဟုတ် ထူးအောင်ဝင့်
(၁၀.၄.၂၀၂၀ နေ့လည် ၁၂း၁၁ မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း