ကျွန်တော်နှင့် OG Ward



(သူငယ်ချင်းများ ရယ်မောပျော်ရွှင်စေလို၍ ပြန်Share ထားခြင်းဖြစ်သည်။)
-----------------------------------------
ဟောက်စ်ဆာဂျင် ပွတစ်ယောက် ပို့စတင် ကျကျချင်း စရောက်တာက အိုဂျီဝါ့ဒ်။ အမျိုးသမီးလူနာ များဖြစ်သဖြင့် ကြုံတွေ့ရသည့် ကိစ္စများကလည်း ပြောမကုန်နိုင်။ နိုက်ဂျူတီ ကျသည့်နေ့ တစ်ခါတစ်လေ မွေးလိုက်ကြတာမှ မွေးစင် မလောက်၍ First stage room ခေါ် ရေမွှာ အပေါက် ကိုစောင့်သည့်အခန်းထဲတွင် မွေးခဲ့ရသည်လည်း ရှိ၏။ မိမိအမျိုးသမီး မွေးပြီဆိုလျှင် အပြင်မှ ယောက်ျားသားများမှာ ခြေမကိုင်မိ လက်မကိုင်မိ။ မွေးခန်းထဲတွင်လည်း သံချပ်ထိုးသော အသံများမှာ ဆူဆူညံညံ။
“ သမီးရေ ညှစ် ညှစ် အို ဘာတဲ့ ညှစ်လိုက်စမ်းဟေ့ အီးပါသလိုညှစ်လိုက်စမ်း ညှစ် ညှစ် အေး ဟုတ်ပြီ
အဲ့လို ညှစ်”
“ညှစ်ဘီ ဆရာ ဗြစ်”
“ ငွန့် ကလေးမထွက်ဘဲ အီးပဲထွက်လာတယ်ဆရာမ အပြင်မှာ ၀မ်းမချူထားဘူးလားဗျ တကတည်းဗျာ”
“ ချူတယ် ဆရာလေးရဲ့ သူကအချူမခံတာ”
ကိုင်း ဒီတော့ ဘယ်တတ်နိုင်ပါ့မလဲလေ။ ပတ်တီးစလေး တစ်ခုကို ကိုင်။ ထွက်ကျလာတဲ့ အီးတုံးလေးတွေကို သေသေချာချာ သပ်သပ်ရပ်ရပ်ထုပ်ပိုး။ ပြီးရင် အမှိုက်ပုံးထဲပစ်။ တခါတလေ ပျို့ပျို့တက်လာသော လေများကို မနဲ အောင့်အီး မြိုသိပ်။ ဆရာဝန်ဖြစ်ပြီး ရွံပြနေလို့ မဖြစ်။ ဒီတော့ မရွံချင်ယောင်ဆောင်ရတာပေါ့လေ။ ထိုသို့ မွေးရန် အားထုတ်နေကြစဉ်မှာပဲ
“ ဆရာ Labour pain နဲ့ တစ်ယောက် ထပ်ရောက်လာတယ်”
“ ဟေ ဟုတ်လား ကဲ ညီလေး ပဲ သွားကြည့်လိုက် အစ်ကို ဒီမှာ မွေးထားလိုက်မယ် VE ( မိန်းမကိုယ်ထဲ လက်နှိုက်စမ်းခြင်း) ပါလုပ်ထားလိုက်”
ဒါနဲ့ ဟောက်စ်ဆာဂျင်ပွလည်း မွေးခန်း ၀တ်ရုံကိုချွတ်။ လက်ဆေးပြီး ထိုလူနာအား သွားကြည့်ရသည်။ ရောက်တော့ တစ်ဆွေလုံး တစ်မျိုးလုံး ခေါ်လာသလား အောက်မေ့ရသည်။ တောင်းတွေ ပလုံး တွေကလဲ မနဲ မနော။ ဗိုက်ကတ်အား တောင်းကြည့်တော့ Due date က ကျော်နေပြီ။ လူနာမှာ တအီးအီး ညည်းကာ ရှုံ့ မဲ့နေသည်။ ၀တ်လာသည်က ဂါဝန် အရှည်။ ဟင်းခက်တယ်။ ဗိုက်ကြီးသည် ဒီဂါဝန် အရှည် ၀တ်ရတယ်လို့ ဘယ်သူက စဆော်သြလိုက်သည် မသိ။ အခုကတော့ ကိစ္စ မရှိ။ မွေးခန်းထဲ ရောက်လျှင် ဒီဂါဝန် ဆိုတာ ဘာမှ မဟုတ်တော့။ လိုအပ်သည့် စာရွက်စာတမ်းများ လုပ်ပြီးတော့ ခုနက First stage room ထဲထည့်။ ပြီးတော့ VE စမ်းရန်ပြင်ရ၏။
“ ကဲ သမီးရေ သမီး မိန်းမကိုယ်ထဲ လက်နဲ့ စမ်းမယ်နော် နာရင်ပြော ဟုတ်ပြီလား”
“ အမလေး အီး ကျွတ် ကျွတ် နာတယ် ဆရာ”
“ ငင် စမ်းတောင် မစမ်းရသေးဘူး ”
“ ခဏလေး ဆရာ မစမ်းခင် အချိုရည်လေး အရင် သောက်ပျစေ”
“ အော် အေး အေး သောက်”
“ ရဘီ ဆရာ စမ်းလို့ရပါဘီညော်”
“ ဒါဆို စမ်းဘီညော် ဟိုင်းယားးးးးး”
“ ခဏလေး ဆရာ ခဏလေး”
“ ငွင့် ဘာတုန်း အချိုရည်ပဲလား”
“ ကျွန်မ ယောက်ျားကို ခေါ်ပေးပါညော် သူ့လက်ကို ကိုင်ထားပျစေ"
“ အိမ်း ခေါ် ခေါ်”
“ ရပါဘီ ဆရာ စမ်းလို့ရပါဘီညော်”
“ ဒါဆို စမ်း ပဟေ့ ရယ်ဒီ ၀မ်း တူး သသသသ”
“ ဟိုးးးးးး ဆရာ ခဏလေး”
“ ငွင့် ဘာလဲ အချိုရည်လား ယောက်ျားပဲလား”
“ အမေ အမေ အမေ့ကိုခေါ်ပေးပါညော်”
“ ခွီးးးးးးးးးး အဖေရော တစ်ခါထဲ ခေါ်အုံးမလားငင်”
သို့နှင့် တစ်အုပ်တစ်မကြီး ၀င်လာကြပြီးလျှင်
“ အဲ Os (သားအိမ်ခေါင်း) ကပွင့်နေပြီ Effacement က……… Station က…….”
စသည်တို့ကို စိတ်နှင့် မှတ်သားထားလိုက်သည်။ ထို့နောက် လက်ပြန်ထုတ်ကာ လက်တွင် ပေနေသော အရောင်အား ကြည့်ရသည်။ သွေးစတွေ ဘာတွေစွန်းနေရင် ပြသနာ ရှိနိုင်သည်ကိုး။ ထို့နောက် စမ်း၍ ရသမျှကို Chart ထဲ ဒေါင်းနေစဉ်
“ အီး ဆရာ ရေ ဘာကြီးဆင်းလာလဲ မသိဘူး လုပ်ပါအုံး”
“ ဟေ ဘာကြီးတုန်း မှန်းစမ်း”
ဟောက်စ်ဆာဂျင်ပွ လည်း ယောင်၍ ခါးကိုင်းကြည့်မိလိုက်တော့
“ ဗြန်း”
“ မွေးမေလေ့ ဘာတွေတုန်း ထွီး အီး ငါ့မျက်လုံး ငါ့မျက်လုံး ဘာမှ မမြင်ရတော့ဘူး ကယ်ကြပါအုံး”
ဟောက်စ်ဆာဂျင် ပွ တစ်ယောက် သွေးရူးသွေးတန်း နှင့် ထိုအခန်းထဲ ပတ်ပြေးနေလေတော့သည်။ အမှန်က ရေမွှာ ပေါက်ခြင်းပင်။ ဘုမသိ ဘမသိ ငုံ့ကြည့်လိုက်သော ဟောက်စ်ဆာဂျင်ပွ ပါးစပ်ထဲ ရော မျက်လုံးထဲပါ ထိုအရည်များ ၀င်ကုန်လေ၏။ အရှိန်ပြင်း မပြင်းလားတော့မသိ။ တပ်ထားသော မျက်မှန်ကို ကျော်ကာ မျက်လုံးထဲ ၀င်လာတာကိုသာ ကြည့်တော့။သို့နှင့် ဘေးမှ သားဖွားဆရာမ မှ တွဲခေါ်ကာ ဘေစင်တွင် မျက်နှာသွားသစ် ပလုတ်ကျင်းရသည်။ သို့သော် ထို ညှီစို့စို့ အနံ့ကား မပျောက်။ အခုမှ သေသေချာချာ ကြည့်မိသည်။ ဟိုက် အရည်တွေက မြင်းချီးရောင်တွေ။ သေပြီ။ မြင်းချီးရောင် အရည်( Meconium stained liquor) ဆိုသည်မှာ ရက်လွန်သွားခြင်းကြောင့် ပေါ်လာသောအရောင်။ ကလေးအတွက် အန္တရာယ်ရှိသည်။ သို့နှင့် စီနီယာဆီ အမြန်ပြန်ပြေး သတင်းပို့တော့ လိုက်ကြည့်ပေးသည်။ ထို့နောက် အရေးပေါ် ခွဲစိတ်ရန် ပြင်ရလေတော့သည်။ ခွဲခန်းထဲ ရောက်တော့ ဟောက်စ်ဆာဂျင်ပွ ပထမဆုံးတွေ့လိုက်သည်က ဘဲနှုတ်သီး ခေါ် Speculum ။ ထိုပစ္စည်း နှင့် ပတ်သက်၍ ဟာသ တစ်ခုကြုံဖူးသည်။ ထိုပစ္စည်းက အမျိုးသမီးများ၏ မွေးလမ်းကြောင်းအား ကြည့်သော ပစ္စည်း။ များသောအားဖြင့် သားအိမ်ခြစ် ၊ သားအိမ်မှ အချွဲယူရာတွင် ထိုအရာအားသုံးကြသည်။ တစ်လောက သားအိမ်ခေါင်း ကင်ဆာ ကြိုတင်ကာကွယ်ရေး အတွက် အမျိုးသမီးများအား ဂျာမနီမှ ဆရာဝန်အဖွဲ့တစ်ဖွဲ့က အလကား လာရောက်စမ်းသပ်ပေးသည်။ အချွဲယူကာ ပိုးရှိမရှိ ကြည့်ပေးခြင်းပင်။ ဟောက်စ်ဆာဂျင်ပွ တို့ကတော့ စားပွဲထိုး စားရေးသောက်ရေးတာဝန်ခံပေါ့လေ။သို့နှင့် နေ့ခင်းဘက် ရောက်တော့ ထို အချွဲယူသော နေရာ မယောင်မလည်သွားကြည့်မိတော့ စမ်းသပ်နေသော ဂျာမနီကြီးကပြုံးပြသည်။ ဟောက်စ်ဆာဂျင်ပွလည်း အူတူတူ နှင့် ပြန်ပြုံးပြလိုက်တော့ လက်ယပ်ခေါ်သည်။ ရောက်သွားသော
“Hay boy, try this one. You can do it boy”
“Sure, sir”
ဟု ငါးပိသံနှင့် ပြန်ပြောတော့ သူ့လက်ထဲက တစ်ခါသုံး ဘဲနှုတ်သီးကြီးအား ထိုးပေး၏။ ဟောက်စ်ဆာဂျင်ပွလည်း လှမ်းယူကာ စင်ပေါ်တွင် ကားယားဖြစ်နေသော အမျိုးသမီးထံ ထည့်မည်အလုပ် တစ်ခုအား သတိရသွားသည်။
“Communication”
လူနာကို မစမ်းသပ်ခင် ကိုယ်ဘာလုပ်မယ်ဆိုတာ လူနာကိုပြောပြဖို့တာဝန်ရှိပေသည်ပဲ။ ဒီတော့
“ ကဲ အစ်မကြီး အစ်မကြီး မိန်းမကိုယ်ထဲ ကိုဟောဒီက ဘဲနှုတ်သီးလေးထည့်မယ်ညော် ဟုတ်လား မနာကျင်စေရဘူး”
“ငင် ဘဲနှုတ်သီး ဟုတ်လား”
ထိုအမျိုးသမီးက အူလည်လည် နှင့်မေးလေသည်။
“ ဟုတ်တယ်လေ ဒါလေးကို ပြောတာ သူက ဒီလို အဖွင့် အပိတ်လည်းရတယ်”
“ ချောက် ချောက်”
ဟု ပြောပြော ဆိုဆို ထိုဘဲနှုတ်သီးအား တချောက်ချောက်မြည်အောင် အဖွင့် အပိတ် လုပ်ပြလိုက်သည်။ ထိုအရာလည်း မြင်ရော
“ ငင် အမလေး အဲ့ဒါကြီးနဲ့ဆို မဖြစ်ဘူး အမလေးတော့”

ဟု ဆိုကာ ကုတင်ပေါ်မှ ဆင်းပြေးလေတော့သည်။ ဟောက်စ်ဆာဂျင်ပွလည်း ရုတ်တရက်ကြောင်သွားသည်။ ပြီးမှ သတိပြန်လည်ကာ ထိုအမျိုးသမီးအား လိုက်ဖမ်းရလေတော့၏။ ထိုအမျိုးသမီးကလည်း ကုတင်အား ပတ်ပြေးသည်။ ဟောက်စ်ဆာဂျင်ပွက ဒီဘက်က စောင့်ဖမ်းသည်။ မမိ။ ဟိုဘက်ကြ့ပန်ပတ်ပြေးပြန်သည်။ ပြေးတမ်းလိုက်တမ်း ကစားသည်နှင့်ပင်တူနေသေးတော့သည်။ တကယ်က လူနာအား မိမိ ဘာပစ္စည်းနှင့် စမ်းမည်ဆိုသည်ကို မပြသရပေ။ ဒါကို ဟောက်စ်ဆာဂျင်ပွက ပြရုံတင်မက အဖွင့် အပိတ်ပါ လုပ်ပြလိုက်လေတော့ အနှီ အမျိုးသမီး သွေးပျက်သွားသည်မှာ မဆန်း။ သို့နှင့် အတော်ချော့ယူလိုက်ရသည်။ဘာပဲ ပြောပြော အတွေ့ အကြုံတော့ အတော်ရလိုက်သည်။
အခုတလော ဆေးရုံမှာ နာမည်ကြီးနေသော ကိစ္စ တစ်ခုရှိသည်။ ကိုယ်ဝန်ဆောင် သရဲ ညည ခြောက်နေသည်ဆိုသော ကိစ္စ။ ဟောက်စ်ဆာဂျင်ပွ တို့လည်း အစကတော့ မယုံ။ ကြာတော့ လူပြောများလာတော့ ယုံချင်ချင် ဖြစ်လာသည်။
“ တကယ်ပြောတာ ဆရာလေးရဲ့ သူက သရဲ မှန်း မသိသာဘူး ဗိုက်ဖုံး အကျီင်္နဲ့ လျှောက်ဒိုးနေတာ အနားကပ်မှ အစွယ်တွေနဲ့ ရီပြတာ”
ဟောက်စ်ဆာဂျင်ပွတို့လည်း လူအများနှင့်ဆိုလျှင်တော့ သတ်မယ် ဖြတ်မယ် ပါးပါးလှီးမယ် ကိုယ်ဝန်ဆောင်မိန်းမ ငါနဲ့တွေ့မှ ဗိုက်နှစ်လုံးပူး ဖြစ်သွားမယ် စသဖြင့်ကြွေးကြော်ကြသော်လည်း တစ်ယောက်တည်း သို့မဟုတ် လူနည်းစုသာ နီုက်ဂျူတီ ကျလျှင်ဖြင့် အိမ်သာ တံခါးတောင် ရဲရဲ မဖွင့်ရဲ။ တော်ကြာ အိမ်သာထဲကနေ ငုတ်တုတ်ကြီးထိုင်ပြီး ပြုံးပြလိုက်လို့ကတော့ နေရာမှာတင် ငုတ်တုတ် အသက်ထွက်သွားနိုင်ပေသည်။ အိမ်သာတက်လျှင်လည်း အောက်မှ အိမ်သာခွက်ထဲ ခဏ ခဏ ငုံ့ကြည့်ရတာ အမော။ တော်ကြာ အိမ်သာခွက်ထဲကနေ လက်ကြီး ထွက်လာပြီး လာညှစ်နေလျှင် အခက်။ သို့နှင့် ရေသွားချိုးလျှင် သီချင်းအကျယ်ကြီး အော်ဆိုကာ ချိုးရသည်။ သဘောကတော့ ငါမကြောက်ဘူးဟု မိမိ ကိုယ် မိမိ အားပေးနေခြင်းပင်။ အိမ်သာတက်လျှင်လည်း နှစ်ယောက်လောက်ရှိမှ သွားတက်။ ပြီးလျှင် ဘေးချင်းကပ်လျှက် တက်ကာ တစ်ဘက်နှင့် တစ်ဘက် စကား အော်ပြောရလေ၏။ ပြောစရာ စကားမရှိလျှင်
“ ဟေ့ကောင် ဘယ်နှစ်တုံး ပါပြီးပလဲ”
“ နှစ်တုံး မင်းရော”
“ အေး ငါလဲ နှစ်တုံးပဲ အကြီး တစ်တုံး အသေး တစ်တုံး”
“ အေးအေး ပြီးရင် ရေဆေးအုံးဟ”
“ အေး ဆေးမယ် ဒါနဲ့ မနက်ဖန် စနေနေ့နော်”
“ အေး ဟုတ်တယ် ဒါဆို ဒီနေ့ သောကြာပေါ့”
“ အေး ဒါနဲ့ မင်းက ကြာသာပတေးသားမဟုတ်လား”
“ အေး ဒါနဲ့ ဟိုနေ့က ထမင်းစားတာ အိမ်ဘေးနားက မိန်းမကြီး ဗိုက်ကြီးသွားလို့ အလှူခံမဏ္ဍပ် မီးပျက်သွားတယ်ဆိုပဲ”
“ အေး ဟုတ်တယ် မနေ့က လူနာ ဗိုက်ခွဲတာ ဖုန်းလိုင်းပြတ်သွားလို့ အိမ်က အဖိုးလေဖြတ်သွားတယ်တဲ့”
“ ငွင့် ဘာတွေမှန်းလဲမသိ”
စသည့် စကားဖြစ် ပြီးရော စကားအဆက်မပြတ်ဖို့သာ အဓိက အဓိပ္ပါယ်ရှိရှိ မရှိရှိ အဆက်အစပ် ရှိရှိ မရှိရှိ။ ကျန်သည့် အချိန်တွေ မတည့်လျှင်သာ နေမည်။ အိမ်သာတက်သည့် အချိန်တွင်တော့ ချစ်လိုက် ဂရုစိုက်လိုက်ကြတာမှ တုန်လို့။ တခါတလေ တစ်ယောက်တည်း အိမ်သာကလည်း တက်ချင် အဖော်ကလဲ မရှိ ဖြစ်နေချိန်တွင် အနားရှိသော သူငယ်ချင်းအား
“ ဟေ့ကောင် ငါ အီးသွားပါမလို့ အဖော်လိုက်ခဲ့ပေးစမ်းပါဟ”
“ အာကွာ ဘာလို့လိုက်ရမှာလဲ အီးစော်ကနံသေး”
“ ဟေ့ကောင် လိုက်ခဲ့ပေးစမ်းပါကွာ ထမင်းကျွေးမယ်”
“ ထမင်းများ ကိုယ့်ဘာသာကိုယ် ၀ယ်စားလို့ရတယ်”
“ ဟေ့ကောင် စကား မများနဲ့ ဘီယာပါတိုက်မယ်”
“ တကယ်နော် ဘီယာဆိုလိုက်ခဲ့ပေးမယ်”
စသဖြင့် အဖော်လိုက်ရပါမည့်အကြောင်း လေလံ အောင်စေရန် အမျိုးမျိုး ဈေးတိုးပေးကြရလေသည်။ အဖော်တစ်ခါလိုက် ဘီယာ အ၀တိုက်ဆိုတော့ အတော်ကြီးသည့် ဈေးနှုန်းပင်။ ထို အချိန်က သရဲမ နှိပ်စက်လိုက်တာ တော်တော်များများ မွဲတေကုန်ကြလေတော့သည်။ တစ်ရက် နိုက်ဂျူတီကျတော့ ညကြီးသန်းခေါင် ဟောက်စ်ဆာဂျင်ပွ တစ်ယောက် ဗိုက်ထနာလေသည်။ ဘေးက လူကို နိုးတော့ မည်သည့်ဈေးပေးပေး မလိုက်နိုင် အိပ်ဖို့သာ အရေးကြီးသည် ဟု အကြောင်းပြန်သဖြင့် အရဲစွန့်ကာ အိမ်သာရှိရာဆီ လှမ်းလာခဲ့ရတော့၏။ လမ်းတွင် ဟောက်စ်ဆာဂျင်ပွ ခေါင်းထဲ လက်ကနဲ ဖြစ်သွားသည်။ လူနာတွေ ထားတဲ့နေရာက အိမ်သာဆို လူမပြတ်ဘူးပဲ။ ပြီးတော့ လူနာရှိတဲ့နေရာနဲ့ အိမ်သာနဲ့ သိပ်မဝေး။ အခုအချိန်ဆို တချို့လူနာတွေလဲ အိပ်ချင်မှ အိပ်အုံးမည်။ သို့သော် ထိုအိမ်သာများကား အမျိုးသမီးလူနာများသာ တက်သော အိမ်သာ ဖြစ်သောကြောင့် အမျိုးသားများနှင့် ဆရာဝန်များ တော်ရုံမတက်ကြပေ။ အို ညကြီး သန်းခေါင် ဘယ်သူမှ မြင်မှာ မဟုတ်ပါဘူးလေ ဟု ဖြေတွေးကာ ခြေဖော့ နင်း၍ ထိုအိမ်သာများဆီသို့ ချီတက်တော့သည်။ သို့သော် ထိုအိမ်သာများ၏ အားနည်းချက်တစ်ခုကား ဂျက်မကောင်း။ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့်တီထွင်ထားသော ကြိုးဂျက်သာ ရှိလေသည်။ အိမ်သာတက်ပါက လက်တစ်ဘက်က ထိုကြိုးအား ကိုင်တက်ရသည်။ ကိစ္စပြီး၍ ရေဆေးမည်ဆိုပါက ကြိုးအား ပါးစပ်မှ ကိုက်ကာ ရေဆေးရ၏။ သို့နှင့် အိမ်သာသို့အရောက် ဘေးဘီ တစ်ချက်ကြည့်လိုက်တော့ မည်သူမှ မရှိ။အခန်းတစ်ခုအား ခေါက်ကြည့်သည်။ အထဲမှ တုံ့ပြန်သံ မကြားရ။ အိုကေ။ တံခါးအားဆွဲဖွင့်လိုက်တော့ ဘုရား ဘုရား အထဲမှာ ဗိုက်ဖုံးအကျီင်္ နဲ့ မိန်းမ တစ်ယောက် ဟောက်စ်ဆာဂျင်ပွအား သွားစိကာ ကြည့်နေသည်ကို တွေ့လိုက်ရတော့
“ အားးးးးးးးးးးးး ကယ်တော်မူကြပါအုံး သညဲ သညဲ”
အကြောက်လွန်ကာ စကားတောင် မပီတော့။
“အမယ်လေးးးးးးးးးးးဒေဝေါကြီး ဒေဝေါကြီး “
အထဲမှ သရဲမ ကလည်း လန့်အော်လေသည်။ ဟောက်စ်ဆာဂျင်ပွ ထွက်ပြေးဖို့ ကြိုးစားသည်။ ခြေထောက်များက ခွာလို့မရ။ အပေါ်က လက်ကသာ ပြေးနေသည့်ပုံ ရမ်းနေသော်လည်း အောက်က ခြေထောက်က လိုက်မလာဘဲ ပျော့ခွေနေလေသည်။ ထိုအချိန်တွင် သူနာပြုများ ပြေးလာကြလေ၏။
“ ဆရာလေး ဆရာလေး ဘာဖြစ်တာလဲ”
ဟောက်စ်ဆာဂျင်ပွ စကား မပြောနိုင်တော့။ မေးပါခိုင်သွားလေပြီ။ အထဲကိုသာ လက်ညှိုးထိုးပြနိုင် တော့သည်။ပါးစပ်မှလည်း မပီမပြင် တိုးညှင်းသော အသံ ဖြင့်
“ သသသသ ရရရရဲ အင့်”
“ ဟာ ဆရာလေး ဆရာလေး”
အမှန်က သရဲ မဟုတ်။ လူကိုယ်ဝန်ဆောင်သာ ဖြစ်လေသည်။ သူ့ခမျာ ကိစ္စ ပြီး၍ ထုံးစံ အတိုင်း ကြိုးအား ပါးစပ်မှ ကိုက်ကာ ရေဆေးနေခိုက် တံခါးဆွဲအဖွင့်နှင့် အကြုံ သွားစိလျက်သား ဖြစ်သွားခြင်းပင်။ ထိုသည်အား တွေ့လိုက်သော ဟောက်စ်ဆာဂျင်ပွ တစ်ယောက် သရဲမ သူ့အား သွားဖြဲပြသည်ဟု ထင်မှတ်ကာ လန့်အော်ခြင်းပင်။သူ့မှာလည်း ကုန်းရုံးအော်လိုက်သော ဟောက်စ်ဆာဂျင်ပွ အသံကြောင့် အတော်လန့်သွားလေ၏။ အခုတော့ လူနာအိမ်သာ လာခိုးတက်သည်ပါ မိသွားလေတော့သည်။ အောင်ဆန်းသူရိယ ဒေါက်တာပွကား လမ်းပင်မလျှောက် နိုင်တော့သောကြောင့် ကျန်သည့်လူများမှ ပွေ့ခေါ်ကာ အခန်းထဲသို့ ပြန်ခေါ်လာခဲ့ရလေ တော့သည်……………………….။
from တိုလီမိုလီ by ကိုပွ

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

အက်ဆေး (သို့) ရသစာတမ်းအကြောင်း