သတ္တိမရှိတော့ဘူး

သတ္တိမရှိတော့ဘူး

          ̏ လက်ရှိကိုလည်း မကြိုက်ဘူး၊ သဘောကျမိတဲ့ သူကျတော့လည်း သူ့နောက်မှာရှိနေတာတွေနဲ့ ခွတော့ ခပ်ကျကျပဲဗျ…˝
တစ်နေ့က ကျွန်တော့်သူငယ်ချင်းကိုထိန် အဲသလိုလာညည်းတယ်။ ကျွန်တော်လည်း ̏ ဘ-ခြောက်လုံး˝ ဂိုဏ်းသားပီပီ ̏ ဘာဖြစ်လို့လဲဗျ..˝ အစချီပြီး ဘကုန်းတွေကို စနစ်တကျသုံးပစ်လိုက် တယ်။ အဲဒီမှာတင် ကိုထိန်ရဲ့အခက်အခဲကို သိလာရတာပဲ ဆိုပါတော့။
ကျွန်တော့်သူငယ်ချင်းကိုထိန်က အိမ်ထောင်သည်ဗျ။ အိမ်ထောင်ကျတာ နှစ်(၂ဝ)ကျော်ပြီဆိုပါ တော့။ ဒါပေမယ့် ခုထိ ဂစ်တာဒေါင်ဒင်တီးတုန်း။ မျိုးကြီး၊ လေးဖြူ ဟစ်တုန်း။ သူ့အမျိုးသမီးက တရုတ်မ ဗျ။ မျက်လုံးပေါက်လေးက ကြံဖျားရှထားသလိုလေးကို ကျဉ်းတာ။ စီးပွားရေးတော့ လာဘ်မြင်သလား မမေးနဲ့။ ချိန်ကိုက်စီးပွားရေးပညာမှာတော့ မဟာဘွဲ့၊ ဒေါက်တာဘွဲ့ ပေးလောက်တဲ့အမျိုးသမီးပဲ။ ဒါတောင် ကြံဖျားရှထားသလောက် အမြင်လေးမို့ဗျ။
မျက်လုံးပြူးပြူးနဲ့ တခြားလူမျိုးတွေလို အမြင်ကျယ်ကျယ်များမြင် ရရင် ကမ္ဘာလုံးတောင် သူ့အင်္ကျီလက်ဖတ်ထဲ ထည့်ထားမယ်ထင်ရဲ့။
အမျိုးသမီးက အမျိုးဂုဏ်မောက်သဗျ။ အဲဒီမှာ ကျွန်တော့်သူငယ်ချင်းရဲ့ အိမ်ထောင်ရေးက အဆင်မပြေတော့ဘူး။ မရခင်တုန်းကတော့ အဟုတ်လှတဲ့ တရုတ်မ…ဘာညာပေါ့ဗျာ။ ရပြီးတော့မှ မျက်လုံးမှေးတာ၊ နှာခေါင်းပြားတာ၊ ရွှေသွားကွပ်ထားတဲ့ကဲလားသွားလေးတွေ သတိထားမိသွား တာ နေမှာပေါ့ဗျာ။ ဒီကောင်က နတ်ယုံ၊ ဗေဒင်ယုံဆိုတော့ အိမ်ထောင်ရေးလေး အဆင်ပြေအောင် ဆိုပြီး ဗေဒင်ဆရာဆီပြေးရော။ အဲဒီမှာ စ-တာပဲ။
မယူခင်တုန်းက နတ်မေး၊ ဗေဒင်မေး မေးမကြည့်ဘူးလား သိပါဘူးဗျာ။ ဒီနှစ်ထဲ အပြောင်းအလဲ ကြီးကြီးမားမား ရှိနိုင်တယ်တဲ့။ အိမ်ထောင်ရေးမှာတဲ့။ အကောင်းလား၊ အဆိုးလားဆိုတော့ ခင်ဗျားအပေါ်မှာ ပဲ မူတည်တယ်တဲ့။ ကိုယ့်လူကလည်း အပြောင်းအလဲကို အတော်သဘောကျတယ်။ နှစ်(၂ဝ)ကျော်ပေါင်း လာခဲ့တယ်ဆိုပေမယ့် ဟိုကအမျိုးဂုဏ်မောက်ပုံ၊ တင်စီးပုံနဲ့ဆိုတော့ သံယောဇဉ်ကုန်ပြီ၊ နံပြတ်ပြီ၊ စိတ်ပျက် လှပြီပေါ့ဗျာ။ အမျိုးတွေကြားမှာလည်း အရှက်ရပေါင်းကများပြီ။ အပြောင်းအလဲအတွက် ပြောကောင်း ဆိုကောင်း သေကွဲကွဲရအောင်ကလည်း ဟိုကနှာစေးချောင်းဆိုးတောင် မဖြစ်ဘူး၊ သူ့ထက်တောင် ကျန်းမာသေး။ ကွဲမယ် ကွာမယ်ဆိုပြန်တော့ ပစ္စည်းဥစ္စာက သူ့ထက်ခိုင်လုံနေပြန်ရော။
အချိန်ရှိခိုက်လုံ့လစိုက် ဆိုသလို ကံကြမ္မာက သူ့ဘက်ဖေးမနေတုန်း ပြောင်းလဲဖို့ သူကြိုးစားမယ် ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်တယ်ဆိုပဲ။ ကိုထိန်အတွက် အကောင်အထည်ဖော်ရတာသာ ခက်တာ။ ဆုံးဖြတ်ချက်ချရတာက တယ်လွယ်ဆိုပါတော့။ မိုးရေး၊ တမူးဘက်ကနေ ဒီကိုအခြေချဖို့ပြန်လာတဲ့ သူ့ငယ်ရည်းစားလေးနဲ့လည်း မကြာခဏ တွေ့မြင်နေရတော့ ရင်ထဲမှာ ဘာဂလိုတိုတိုဖြစ်နေရော။ ဒီအချိန်၊ ဒီအရွယ်ဆိုမှတော့ သူ့ငတိမှာကလည်း နောက်တွဲလေးတွေနဲ့ပေါ့။ ပြန်တွေ့ချိန်မှာ ပိုင်ရှင်မရှိဘူးဆို တာတော့ သေချာသတဲ့။ ပိုင်ရှင်ရှိနေတဲ့ ကိုထိန်ကြောင့် မီးနီပြထားတာဆိုပြီး အမျိုးတွေကြားမှာ တီးတိုးတီးတိုးဖြစ်နေ တာ ကြာလှပေါ့။
ကိုထိန်အမျိုးအဆွေတွေကလည်း အိမ်ထောင်ရေးအပြောင်းအလဲကို တိုးတိုးတိတ်တိတ် အားပေး ကြတယ်။ တချို့က ဗြောင်တိုက်တွန်းတယ်။ တချို့က သူငယ်ရည်းစားမလေးကိုတော့ နည်းနည်း အင်တင်တင်ပဲ ဆိုပါတော့။ ဟိုကောင်မလေးက ကိုထိန်လည်း တရုတ်မနဲ့ယူရော မိုးရေး၊ တမူးဘက်ကို ကုန်ကူးထွက်သွားတာ ဘာဘူဆိုလား၊ မာမွတ်ဆိုလား ဖူးစာဆုံခဲ့သလိုလို သတင်းကြားထားတာ ကိုး။ မွေးစားထားတယ်ဆိုတဲ့ ကလေးတွေကလည်း ကုလားဆင်လေးတွေ။ ကလေးတွေရဲ့ ဆိုးဂုဏ်လေးတွေ ကြားထားတာလဲ မနည်းမနောဆိုတော့ သူတို့လေးတွေရဲ့အုပ်ထိန်းသူနဲ့ ရှေ့ဆက်ရမယ့် အရေးတွေးမိတော့ ရင်လေးတယ်ဆိုပြီး ညည်းနေတော့တာပါပဲဗျာ။
ကိုထိန်အနေနဲ့ ဒီအသက်အရွယ်ရောက်မှ တစ်ပင်မကောင်းလို့ တစ်ပင်ပြောင်းတာဆိုပေ မယ့် ပြောင်းလိုက်တဲ့အပင်မှာ ခါချဉ်အုံကြီးပါလာမှာကိုတော့ စိုးရိမ်တာပေါ့။ အသံမထွက်ပေမယ့် ကြိတ်ကိုက်ခံရ မှာကိုတော့ ကိုထိန်လည်းလူသားပဲလေ။ ကြောက်မိတာပေါ့။ ခုနေခါတော့ သူ့မစောင့်ဘဲ မိုးရေးဘက် ကုန်ကူးထွက်ခဲ့တဲ့ ငယ်ရည်းစားပဲ အပြစ်တင်ရမလား။ ဇီဇာကြောင်လွန်းတဲ့ ဆွေမျိုးတွေပဲ စကားတင်းဆိုရ မလား မသိတော့ဘူးဖြစ်နေလေရဲ့။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ဆိုသလို ကိုထိန်တစ်ယောက် နောက်တစ်ခါ မမှားရဲတော့တာလည်း သေချာပါတယ်။
ကိုထိန့် လက်ရှိမယားကြီးနာမည်က မေဝှါးတဲ့။ အဓိပ္ပါယ်က လှပသောပန်းကလေးဆိုပါတော့။ အဲဒီနာမည် တစ်ခါခေါ်တိုင်း တစ်ခါရင်နာရသတဲ့။ လှမလှတော့ မသိဘူး။ သူ့လူမျိုးအချင်းချင်းတောင် မယူလို့ ကိုထိန်လိုရွာသားနဲ့ ရသွားတာသာ ကြည့်တော့။ ကိုထိန်နဲ့လည်း မင်္ဂလာဆောင်ရော ပေါက်ဖော်တွေက ဆွေမျိုးဖြတ်လိုက်ရော ဆိုပါတော့။ အဲဒီ လှချောစုအိပ်ပျော်နေတုန်း တစ်ည ကိုထိန်နိုးလာမိတယ်တဲ့။ ပြူတင်းပေါက်က လေကလေးကလည်း တဖြူးဖြူးနဲ့၊ လပြည့်ညဆိုတော့ လရောင်လေးကလည်း အိပ်ခန်းထဲကျလို့ပေါ့။ ဘေးမှာ အိပ်မောကျနေတဲ့ ဇနီးအလှလေး ကြည့်မိတော့ လန့်မအော်မိအောင် ကိုယ့်ပါးစပ်ကိုယ် အမြန်ပိတ်လိုက်ရသတဲ့။ ရွှေသွားဝင်းဝင်းနဲ့ ပါးစပ်ကြီးဟပြီး ပက်လက်အိပ်ပျော်နေတဲ့ သူ့အမျိုးသမီးမျက်နှာက လရောင်အောက်မှာ လန့်လောက်တဲ့မျက်နှာမျိုးဆိုပဲ။ ညမှာ လူတွေအိပ်ပျော်နေတဲ့အခါ လူသေရုပ်ပေါက်တယ်ဆိုတာ သိပ်မှန်တာပဲလို့လဲ ပြောသေးတယ်။ အချစ်မဝင်တော့ အပြစ်မြင်လာတာပေါ့ဗျာ။
ဘာပဲပြောပြော ကိုထိန်အမျိုးသမီးက အရည်အချင်းရှိသဗျ။ သူနဲ့ရပြီးမှ ဆီစက်တွေ၊ ပွဲရုံတွေဖြစ်လာတာ။ ကိုထိန်တို့က ချင်းတွင်းမြစ်တစ်ဖက်ကမ်းက ရွာလေးကနေ စီးပွားရေးအဆင်ပြေတော့ မြို့တက်ပြီး ဆန်စက်ထောင်ရင်း ဈေးထဲမှာ ဆန်ဆိုင်လေးလည်း ဖွင့်ထားတာ။ တရုတ်မနဲ့ ရပြီးမှ စီးပွားရေးမှာ အဟုတ်လှသွားတာ။ ရွာမှာရှိတဲ့ ငယ်ရည်းစားကလည်း ဟိုကွေ့ရောက် ဟိုတက်၊ ဒီကွေ့ရောက် ဒီတက် ဆိုပြီး ဘယ်သူနဲ့မဆို ပေါင်းသင်းဆက်ဆံရေးမှာ ဖလူးဖလူးလုပ်တတ်တော့ ဟိုကုန် ဒီပို့၊ ဒီကုန် ဟိုပို့နဲ့ ကုန်သည်လုံးလုံးကို ဖြစ်လို့။ ရွာက အမျိုးအဆွေတွေကလည်း အမြင်ကျဉ်းတော့ ကိုထိန်ငယ်ရည်းစားနဲ့ မရဘဲ တရုတ်မနဲ့ရတာကိုပဲ သဘောတွေကျလို့။ အစောပိုင်းက ပြောပါတယ်။
ကိုထိန်တရုတ်မ မျိုးရိုးက စားသောက်ဆိုင်ဖွင့်စားတဲ့ အမျိုးလည်း မဟုတ်ဘူး။ ကုန်သွယ်တဲ့ တရုတ်မျိုးလည်း မဟုတ်ဘူး။ ငွေတိုးချေး၊ အပေါင်ဆိုင်ဖွင့်တဲ့ တရုတ်မျိုး။ တရုတ်မ အရည်အချင်းကြောင့်
ဖြစ်လာတဲ့ ဆီစက်တို့၊ ပွဲရုံတို့ကလည်း ပိုင်ဆိုင်မှုက ကိုထိန်နာမည်နဲ့ချည်းပဲ။ နေတဲ့ တိုက်နဲ့ခြံကလွဲလို့ပေါ့။ တိုက်နဲ့ခြံကိုလည်း ယောက္ခမဆီက သူ့နာမည်ပေါက်နဲ့ ဝယ်ထားလိုက်တယ်။ အမေတို့တစ်သက် စိတ်ချမ်းသာသလိုနေပါဆိုတော့ ဘာပြောစရာလိုဦးမလဲ။ နှစ်ကူးတိုင်း အီကွေး ကြွေးလိုက်၊ အန်ပေါင်းပေး လိုက်ဆိုတော့ အိမ်နီးနားချင်းတွေ ပါးစပ်ဖျားမှာလည်း မတရုတ်မ ဆိုတဲ့စကားလုံးက ခေတ်စားလို့။ ရင်းနှီးတဲ့သူတွေ ငွေတိုးလေးချဆိုတော့ သူနဲ့ မပတ်သက်လိုက်ရရင်ကို ခေတ်မမှီတော့ သလို လို။ နောက်တော့ ကိုထိန်ရွာဘက်က အမျိုးတွေနဲ့ ဆက်မိပြီး တရွာလုံးသူနဲ့မကင်း ဖြစ်တော့တာပဲ။
ပထမတော့ ရွှေပေါင်၊ မြေပေါင်နဲ့။ နောက်တော့ လယ်ပေါင်၊ ယာပေါင် ပေါင်လို့ရသမျှ လက်ခံတဲ့ တရုတ်မကြီးပေါ့။ ရွာလူကြီးတောင် သူ့ကြွေးမကင်းပါဘူးဆို။ ရွာလူကြီးကိုကျတော့ အရင်းဘယ်လောက် ဆိုတာသာ ပြောတတ်ပေမယ့် ဘယ်တော့မှ အတိုးမတောင်းဘူးတဲ့။ ရွာလူကြီးအိမ်မှာရှိတဲ့ တီဗွီ၊ အောက်စက်၊ စကိုင်းနက်နဲ့ မီးစက်ကစ သူ့မိန်းမ လက်ဆောင်ချည့်ဆိုတော့ ရွာလူကြီးလည်း ဘာပြောသာမလဲ။ တရုတ်တို့ဘုန်း မိုးသို့ချုန်းပေါ့ဗျာ။ တရုတ်မရဲ့ကိုယ်စား အတိုးလိုက်ကောက်ပေးရတဲ့ လူမိုက်ကိုဖြစ်လို့။ တောင်းရတဲ့ အတိုးထဲက အစွန်းထွက်လေးတွေကလည်း သူ့အိတ်ထဲရောက်ဆိုတော့ အတိုးလိုက်ကောက်ရတာကိုပဲ ရွာလူကြီးအလုပ်ထက် ပိုသဘောကျနေသေး။
ဟိုးတုန်းကတော့ ရွာသွားရင် ကိုထိန်လိုက်သွားဖြစ်တယ်။ ငွေရှင်၊ ကြေးရှင် ဆိုတော့ ရွာအခက်အခဲကို ကူညီဖြေရှင်းပေးနေတဲ့သူလို့မြင်ထားကြတော့ ရွာပြန်မျက်နှာပန်းလှတယ် ပြောရမလား။ ခုတော့ မျက်နှာပူတာနဲ့ လိုက်မသွားဖြစ်ပါဘူး။ တစ်ချို့လည်း တိုးတိုးတိတ်တိတ် ကိုထိန်ကို လာတိုင်ကြတယ်။ ဒါပေမယ် ငွေကိုင်သူက တရုတ်မဆိုမှတော့ ကိုထိန်လည်း ဘာတတ်နိုင်မှာလည်း။ အမျိုးတွေလာသံကြား ရင် ရှောင်နေဖို့ပဲတတ်နိုင်တော့တယ်။
တစ်နေ့ စိတ်တိုတိုရှိတာနဲ့ နင့် ငါမပေါင်းနိုင်ဘူး ကွဲမယ်၊ ကွာမယ်လို့ လေသံပစ်ကြည့်သေးတယ်။ တရုတ်မက မိအိုဖအိုတွေ အိမ်ပေါ်က ဆင်းသွားတာ ကြည့်ချင်လို့လားတဲ့။ အိမ်က သူ့နာမည်နဲ့ကိုး။ ကိုထိန်လည်း ဥပဒေနဲ့ ကျောင်းပြီးထားသူဆိုတော့ ဘယ်ခေမလဲ။ လက်ထက်ပွားပစ္စည်း တစ်ဝက်စီလို့လဲ လေသံပစ်လိုက်ရော ဆန်စက်၊ ဆီစက်နဲ့ ပွဲရုံကလွဲလို့ ဘာမှမရှိဘူးဆိုတာ သိလိုက်ရတယ်။ ဘယ်ရှိမလဲ တရုတ်မက ငွေချေးလုပ်ငန်းရော၊ တခြားပိုင်ဆိုင်မှုတွေရော ဆွေမျိုးတွေထဲက သူ့အစ်ကိုနာမည်နဲ့ လုပ်ထားတာကိုး။ ဘယ်အချိန် ဆွေမျိုးတွေ အဆင်ပြေသွားမှန်းကို ကိုထိန်မသိ လိုက်ရဘူး။
ကိုထိန်လည်း ငယ်ရည်းစားနဲ့ လှည့်တိုက်ဖို့ ကြိုးစားကြည့်သေးတယ်။ ဟိုက ခပ်စွာစွာ ခပ်ထက်ထက် ဆိုတော့လေ။ ရွာမှာလည်း ကောင်မလေး မောင်နှမတွေက တရုတ်မရဲ့အကြွေးမကင်းဘူး၊ အတိုးမပေးနိုင် လို့ လယ်သိမ်းမယ်တောင်ကြားလိုက်သေးတယ်။ ကိုထိန်က ငယ်ရည်းစားရဲ့ ဇ-ကိုလည်း သိတယ်။ သူ့မယား တရုတ်မရဲ့ အကြောင်းကိုလည်း သိတယ်။ နှစ်ယောက်သားတွေ့လို့ကတော့ ပွဲက ကြည့်ကောင်းပြီ ဆိုပြီး တွေးပျော်သေးတယ်ဆိုပဲ။ စီးပွားရေး အကွက်မြင်တဲ့ ကိုထိန်မိန်းမ ဘယ်လိုညှိလိုက်တယ် မသိဘူး။ ငယ်ရည်းစား မောင်နှမတစ်တွေ လယ်တွေ၊ ယာတွေရောင်းလို့ မြို့စွန်ဘက်မှာ ကုန်စုံဆိုင်လေးဖွင့်ပြီး အဆင်ပြေသွားကြတယ် ကြားတယ်။ ဒါလည်း ကိုထိန်အမျိုးသမီး အစွမ်းပဲလေ။
ဆွေမျိုးတစ်ချို့နဲ့ သူငယ်ချင်းတစ်ချို့ကပြောတယ် တရုတ်မကို ကွာရှင်းလိုက်။ နှစ်(၂ဝ) ကျော်ပေါင်း လာမှတော့ မင်းလဲ တရုတ်မရဲ့ လုပ်နည်းလုပ်ဟန်တွေ ရနေမှပဲ။ ငယ်ရည်းစားလေးရဲ့ စီးပွားရေးအမြင်နဲ့ဆို အတော်အောင်မြင်မှာပဲ ဆိုပြီးပေါ့။
တိုးတိုးတိတ်တိတ်ဆိုပေမယ့် မြစ်တစ်ဘက်ကမ်းနေတဲ့ ဘကြီးသိန်း ဘယ်ကကြားလာတယ် မသိဘူး။ တစ်နေ့ အိမ်ရောက်ချလာတယ်။ သူက မော်တော်သမားဟောင်းကြီး။ သူ့ခေတ် သူ့အခါတုန်းက အထက်သွားတိုက်လိုက်၊ အောက်စုန်လိုက်နဲ့ ကုန်တင်မော်တော်ကြီးနဲ့ ချင်းတွင်းမြစ်ရိုးတလျှောက် ကျက်စားခဲ့သူပေါ့။ ခုတော့ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်းကူးတဲ့ စက်လှေသုံးလေးစီး ထောင်ထားသူ။
̏ ဟိတ်ကောင် မင်း..မော်တော်လဲ မလို့ဆို…˝
ဘကြီးသိန်းက မော်တော်သမားပီပီ မော်တော်စကားပြောတော့ သူ့စကားနင်းပြီး ကိုထိန်လည်း မော်တော် စကားပြောရတော့တာပေါ့။
̏ ဟုတ်တယ် အဘရ၊ အိမ်ကကောင်က တရုတ်စက်ဆိုတော့ ကြာရှည်မကောင်းဘူးဗျ၊ ဆီလည်းစားတယ်၊ မီးခိုးတွေလည်းလုံးလို့၊ သဘာဝပတ်ဝန်းကျင် ထိခိုက်တယ်လေ…˝
̏ တိတ်စမ်း၊ ဘာသဘာဝပတ်ဝန်းကျင်လဲ၊ ငါတစ်သက်လုံး ချင်းတွင်းမြစ်ရိုးတလျောက် မီးခိုး တလုံးလုံးနဲ့မောင်းလာတာ ဘာမှမဖြစ်ဘူး၊ မော်တော်သစ် စက်သစ် ပြောင်းနိုင်ရင်ပြောင်း၊ လှေကွဲကို ပွဲညှက်နဲ့ဖာပြီး ပြောင်းမယ်လို့များ မစဉ်းစားနဲ့၊ နို့မို့ ငါနဲ့အတွေ့ပဲ…˝
အသားလွတ်ကြိမ်းပြီး ပြန်သွားတဲ့ ဘကြီးသိန်းနောက်ကျောကိုကြည့်ရင်း ကိုထိန်လည်း သဘောပေါက် လိုက်တယ်။ ဟိုဘက်ကမ်း၊ ဒီဘက်ကမ်းကူးနေတဲ့ ဘကြီးသိန်း ကူးတို့စက်လှေတွေလည်း တရုတ်နဲ့မကင်း ဘူး ဆိုတာကိုပေါ့။ အမေကလည်း ပြောတယ်။
̏ သားရယ် အမေတို့အိုကြီးအိုမကျမှ နေစရာဘုံမပျောက်ချင်ဘူးကွယ်…˝
ကိုထိန်ဘယ်လောက်ပဲ ပြောင်းချင်ပြောင်းချင် အမေတို့၊ အဘတို့ လူကြီးတွေမှ လက်မခံမှတော့ ပိုနေမြဲ၊ ကျားနေမြဲဆိုတဲ့ထုံး နှလုံးမူပြီး လမ်းဟောင်းကိုပဲ ဆက်လျှောက်ပါတော့မယ်လို့ ဆုံးဖြတ်ချက် ချလိုက်ရတော့ တယ်တဲ့။
ခုတလော ကိုထိန်အိမ်ဘက်က ဂစ်တာသံ ကျွန်တော့်အိမ်ဘက်ဆီ ပျံ့လွင့်လာတတ်တယ်။ လေးဖြူသီချင်းပဲ။ ဆိုင် မဆိုင်တော့ မသိဘူး။ ကြားနေရတာတော့ ……
̏ သတ္တိမရှိတော့ဘူး …..˝

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.weebly.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း