ငါတို့အမွေ(၁)




ငါတို့အမွေ(၁)

        မာကျူရီမီးလုံးများ၏အစွမ်းဖြင့် ကမ်းနားလမ်းတလျှောက် လင်းချင်းလျှက်ရှိသည်။ သို့သော် ဖြတ်သွား ဖြတ်လာမရှိလောက်အောင်ပင် ရှင်းလင်းနေသည်။ မနက်ခင်းတစ်နာရီဆိုသောအချိန်သည် ဟိုတုန်းကဆိုလျှင် ဖြတ်သန်းသွားလာသူမရှိလောက်အောင် ပြတ်တောက်နေသောအချိန် မဟုတ်ခဲ့ချေ။ သို့သော် ယခုတော့ တာရိုးပေါ်တွင် လူသားဆို၍ ကင်းရှင်းလျှက် ရှိသည်။ အဘယ့်ကြောင့်ဆိုသော် …
          ချင်းတွင်းမြစ်ကြောင့် ဖြစ်သည်။ ချင်းတွင်းမြစ်ရေ တိုးနေသည်။ စိုးရိမ်ရေမှတ်ထက် ကျော်လွန်၍ တိုးနေသောကြောင့် အသွားအလာတို့ကို ပိတ်ထားသည်။ ဟိုဘက်ကမ်း သည်ဘက်ကမ်းကူးသည့် ကူးတို့စက်လှေတို့ မထွက်ရတော့။ ရှော်တယ်ခေါ် ရှပ်ပြေးယာဉ်တို့ မထွက်ကြတော့။ ထွက်ကြသည့်တိုင် လိုက်ဝံ့သည့် ခရီးသည် တစ်ဦးမျှရှိမည်မထင်။
ယနေ့ ချင်းတွင်းမြစ်ရေသည် အမြင့်ဆုံးရေမှတ်တွင် ရပ်တန့်နေသည်။ လွန်ခဲ့သော ဆယ့်သုံးနှစ်ခန့်က တစ်မြို့လုံးရေဝင်ဖူးသည်။ မြို့သက်တမ်းတစ်လျှောက် အမြင့်ဆုံးရေမှတ်ရောက်ခဲ့သည် ဟု သက်ကြီးဝါကြီးများက ပြောကြသည်။
ထိုစဉ်က အမြင့်ဆုံးရေမှတ်မှာ (၉၉၇)စင်တီဂရိတ်ဖြစ်သည်။ ယခုအမြင့်ဆုံးရေမှတ်မှာ (၁၁၄၃)ဖြစ်သည်။ တာရိုးများကို မြှင့်ထားသောကြောင့်သာ ခံသာသွားခြင်း ဖြစ်သည်။ သို့တိုင် တာရိုးကျိုးပေါက်နိုင်သည့်နေရာများ၊ ရေကျော်စပြုနေသည့် နေရာများတွင် မြို့သူမြို့သားတို့အားဖြင့် သဲအိတ်များစီဆင့်ကာ ကာရံထားရသည်။ ကိုက်တစ်ရာတွင် ရေကင်းတစ်ခုစီ ချထားသည်။ အလှည့်ကျဖြစ်သည့်တိုင် အိပ်ပျက်ညတို့ များလာသဖြင့် ကင်းစောင့်စ ညများလို စကားမပြောဖြစ်ကြတော့။ ညနေခင်းက ရွာထားသော မိုးကြောင့် လေအေးများတိုက်နေသဖြင့် ငြိမ်ကုတ်နေကြခြင်းလည်း ဖြစ်သည်။ တစ်ချို့အိပ်ငိုက်နေကြခြင်းလည်း ဖြစ်နိုင်သည်။
မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင် သုံးသပ်ပြသည့် ရေကျတော့မည့် မြို့များတွင် မုံရွာလည်း ပါသည်။ ထို့ကြောင့် တစ်ချို့ စိတ်အေးသွားကြခြင်းလည်း ဖြစ်သည်။ ထိုစဉ် တာရိုးပေါ်တွင် လျှောက်လာနေသည့် လူတစ်ဦး၏ ပုံရိပ်ကို မြင်လိုက်ရသည်။ မြောက်မှ တောင်သို့ လျှောက်လာခြင်းဖြစ် သော်လည်း ဝတ်ထားသည့် မိုးကာအင်္ကျံကြောင့် မည်သူမည်ဝါမှန်း မကွဲပြားဘဲဖြစ်နေသည်။ ထိုသူသည် ကောင်းကင်ကိုကြည့်လိုက် မြစ်ပြင်ကြည့်လိုက်ဖြင့် လျှောက်လာနေခြင်းဖြစ်သည်။ ကောင်းကင်ကို ကြည့်လိုက်သည့်အခါ လျှပ်စီးအပြက်တွင် မည်းမှောင်နေသည့်တိမ်များ မြစ်ရေနှင့်အတူ အပြေးပြိုင် နေသလားထင်ရလောက်အောင် ရွေ့လျားနေသည်။ တဖြည်းဖြည်းနီးလာသည့်အခါ နီယွန်မီးရောင်ကြောင့် မည်သူမည်ဝါဆိုသည်ကို သိလိုက်ရသည်။ ဝေဖြိုးဖြစ်သည်။ အပျော်တမ်းမီးသတ်တပ်ဖွဲ့မှ ရေကင်း တာဝန်ကျသည့် ကိုဝေဖြိုးဖြစ်သည်။
အရပ်ငါးပေ လေးလက်မ သာရှိသည့် သူအရပ်နှင့် ဝတ်ထားသည့် မိုးကာအင်္ကျံကြောင့် ဖိုးရို့ဖားရား ဖြစ်နေသည်။ သူက လူကောင်သေးသေးဖျောက်ဖျောက် ဖြစ်သည်။ သူကောင်းကင်ကို မော့်ကြည့်လိုက်ရင်း နှုတ်ဖျားမှ တီးတိုးသံထွက်လာသည်။
“ မိုးရွာဦးမယ် ထင်ပါရဲ့၊ ဒီပုံအတိုင်းဆို ရေကျမယ်ဆိုတာ ဟုတ်ပါ့မလား မသိဘူး …”
ပြောရင်းနှင့် မြစ်ပြင်ဘက်လှည့်ကြည့်သည်။ လျှပ်စီးအလက်တွင် မြစ်ပြင်ထဲမှတစ်စုံတစ်ရာကိ သူမြင်လိုက်သလိုရှိသည်။ သူမြင်လိုက်သောနေရာသို့ ဓာတ်မီးထိုးကြည့်လိုက်သည်။ ဓာတ်မီးမရောက်နိုင် သော အကွာအဝေးဖြစ်နေ၍ ဘာမျှမမြင်လိုက်ရ။ ထိုစဉ် မိုးဖွဲလေးများ စကျလာသည်။ ခုနက မြင်လိုက်ရသောအရာကို နောက်တစ်ကြိမ် လျှပ်စီးလက်လျှင် ထပ်မြင်ရဦးမလားဆိုပြီး ရပ်စောင့်ကြည့် သည်။ ထိုအရာက မျောပါလာသောအရာတစ်ခုဖြစ်သည်။ နောက်တစ်ကြိမ် ဓာတ်မီးနှင့်ထိုးကြည့်လိုက် သည့်အခါ ထိုအရာကို သူမြင်လိုက်ရသည်။
“ လှေ …”
ပေါင်းမိုးနှင့်လှေဖြစ်သည်။ သူနှင့်ဝါးတစ်ရိုက်မကွာသောနေရာမှ မျောသွားခြင်းဖြစ်သည်။ ထိုလှေမျိုးကို သည်နယ်ဘက်တွင် သူမမြင်ဘူးချေ။ သူမြင်ဖူးသည်က ရွက်တိုက်နေကြသည့် လှေများ၊ အမိုးမပါသည့် လှေများသာဖြစ်သည်။
“ ဟေး ….”
သူအသံပေးရင်း ပေါင်းမိုးအတွင်းသို့ ဓာတ်မီးထိုးကြည့်စဉ်မှာပင် လှေကသူ့ဘေးမှဖြတ်ကာ ရေစီးအတိုင်းမျောသွားသည်။ ရှေ့မှာအုပ်စုဖွဲ့ချည်ထားသည့် ရှော်တယ်တစ်စီးစီးနဲ့ ငြိပြီးရပ်သွားနိုင်တယ် ဆိုသောအတွေးမဆုံးခင် ကလေးငိုသံကို ကြားလိုက်ရသည်။ ကြားလိုက်ရသည်ထင်သည်။ အဘယ့်ကြောင့် ဆိုသော် ကြားလိုက်မိသည်ထင်စဉ် မိုးခြိမ်းလိုက်သောကြောင့် ဖြစ်သည်။ လျှပ်စီးပြက်လိုက်သည်တွင် လှေဆီမှတန်းလန်းကျနေသည့်ကြိုးစက သူ့လက်တစ်ကမ်းတွင် ရေစီးနှင့်အတူ မျောသွားသည်ကို မြင်လိုက်ရသည်။ လှေဆီမှ ကလေးငိုသံကြားရသည်ဟု ထင်လိုက်သည့်ခဏ မိုးကာကို ချွတ်ကာ ရေထဲသို့ ဒိုင်ဗင်ထိုးချလိုက်သည်။
သူကံကောင်းသည်။ ထို့အတူ လှေထဲမှာရှိနေသည့် ကလေးလည်း ကံကောင်းပါသည်။ လှေဆီမှကြိုးစကို သူဆွဲလိုက်နိုင်သောကြောင့်ဖြစ်သည်။ ရေးစီးအားပြင်းလွန်းသည်ကို သူသတိထားလိုက် မိသည်။ ရေကင်းကလူတွေကြားမည်ထင်ကာ သူအော်လိုက်သောအသံသည်လည်း သည်းသည်းမည်းမည်း ရွာနေသည့် မိုးအောက်တွင် ပျောက်ကွယ်သွားသည်။ ဆိပ်ကမ်းတွင်ကပ်ထားသည့် ရေယာဉ်များနှင့် သူ့ခန္ဓာကိုယ်ရိုက်မိနိုင်သည်ကို လျှပ်စီးလက်သည့်ခဏအတွင်း တွေ့လိုက်ရသည်။ သူလှေကြိုးကို အားစိုက်ဆွဲရင်း လှေပေါ်သို့တက်မိသည့်အခါ လှေသည်ကမ်းနှင့်ဝါးနှစ်ပြန်မကသည့် အကွာမှ မျောပါနေ ကြောင်း သိလိုက်သည်။
တစ်ကိုယ်လုံးစိုရွှဲနေသည့်အပြင် လေကလည်း ဟူးဟူးရားရားတိုက်ခတ်နေသဖြင့် တုန်ခိုက်နေ သည်။ လှေဝမ်းထဲပက်လက်လှန်ရင်း အမောဖြေနေရာမှ မျက်နှာပေါ် ခပ်ပြင်းပြင်းခုန်ဆင်းနေသည့် မိုးစက်များကို လက်နှင့်သပ်လိုက်ရင်း တစ်စုံတစ်ခုကို သတိရလိုက်သည်။
“ ကလေး… ကလေး …”
နှုတ်မှရေရွတ်ရင်း ဖြတ်ခနဲ ထထိုင်လိုက်သည်။

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း