ကျိန်စာများနှင့် ကမ္ဘာ


ဒီနေ့ ဖီးလ်နည်းနည်း ကျဲပါတယ်။ ယိုးဒယားဘက်က စက်ရုံတစ်ရုံမှာ HIV ပိုးရှိသူ လုပ်သား (200)ခန့်ထားပြီး ခေါင်းဆောင်က စည်သွပ်ဗူးတွေကို မသန့်ရှင်းအောင်၊ စားသုံးသူတွေကို ကူးစက်အောင်လုပ်ခိုင်းလို့ ထိုင်းအာဏာပိုင်တွေက မီနီမတ်ခ် တွေမှာရှိတဲ့ စည်သွပ်ဗူးတွေကို လိုက်သိမ်းနေတယ်လို့ ဖေ့ဘွတ်ခ်မှာ တက်လာပါတယ်။ သစ်သီးယိုဗူးတွေ လို့ပြောပါတယ်။ အစားအသောက်ကနေ ဘယ်လိုကူးစက်အောင် လုပ်သလဲတော့ မသိပါ။ ဒီမှာလည်း ရုပ်ရှင်ရုံတွေမှာ HIV ပိုးရှိတဲ့ ဆေးထိုးအပ်တွေ ထောင်တတ်ကြောင်း တလောက ကြားလိုက်ရပါသေးတယ်။ နောက်ပြီး
ဆိုးဆေးတွေကြောင့် ရောဂါရကြတာလို့ လူတိုင်းနီးပါးပြောပါတယ်။ ဈေးထဲမှာရောင်းနေတဲ့ မျှစ်ကို ဆိုးဆေးတွေ ဆိုးပေးတာ ဘယ်နိုင်ငံခြားသားမှ မဟုတ်ပါဘူး။ ဈေးရောင်းတဲ့သူ ကိုယ်တိုင်ဆိုးတာပါ။ မျှစ်ရောင်းတဲ့လူ မနက်ခင်းစားတဲ့ စမူဆာ၊ ထပ်တရာကို ကြော်တဲ့မသန့်ရှင်းတဲ့ ပြည့်ဝဆီတွေ၊ ဓာတုဆီတွေကို ဘယ်လူမျိုး၊ ဘယ်နိုင်ငံသားမှ ကြော်တဲ့ အကြော်အိုးထဲ လာထည့်မပေးပါဘူး။ ဆိုင်ရှင်ခိုင်းလို့ အကြော်ဆရာက ထည့်ရတာပါ။ အိမ်နီးချင်းနိုင်ငံတွေက ဘယ်လောက်ပဲ မသင့်တာတွေ သွင်းသွင်း ကျွန်တော်တို့ မ၀ယ်ဘူး၊ မသုံးဘူးဆိုရင် သူတို့ ရောင်းလို့ မရပါဘူး။ ယုတ်စွအဆုံး မသုံးသင့်မှန်းသိရက်နဲ့ သုံးနေကြတဲ့ စိတ်ယုတ်မာလေးတွေ နည်းနည်းလောက်တော့ လျှော့သင့်ပြီလို့ထင်ပါတယ်။ မသန့်ရှင်းတဲ့ ဆီတွေကိုသုံးခိုင်းတဲ့ လက်ဖက်ရည်ဆိုင်ရှင်စားတဲ့ လက်ဖက်သုပ်ထဲက နှစ်ပြန်ကြော်ထဲမှာ ကော်ဗူးခွံတွေပါတယ် ခင်ဗျ။ ရေသန့်ဗူးခွံတွေပေါ့။  စားသုံးသူတွေက `` တို့စားတဲ့ နှစ်ပြန်ကြော်လေး ပိုကြွပ်ရွအောင် ရေသန့်ဗူးခွံလေး ထည့်ကြော်ပေးပါ´´ လို့ မခိုင်းတာတော့ သေချာတယ်ဗျ။ အိမ်နီးချင်းနိုင်ငံတွေကလည်း ပိုကြွပ်ရွအောင် တင်သွင်းပေးလိုက်ကြတဲ့ ရေသန့်ဗူးခွံတွေ မဟုတ်တာလည်း သေချာပါတယ်။ လူတိုင်းမှာ အတ္တရှိပါတယ်။ မြတ်ချင်လို့ ဈေးရောင်းတယ် ဆိုတာကိုလည်း နားလည်ပါတယ်။ လုပ်သင့်တာ မလုပ်ရင် လူစုတ်တဲ့။ မလုပ်သင့်တာ လုပ်ရင်တော့ လူယုတ်ပေါ့ဗျာ။ ကျန်းမာရေးအတွက် အန္တရယ်ရှိမှန်းလည်း သိတယ်။ မလုပ်သင့်မှန်းလည်း သိတယ်။ ဒါပေမယ့် လုပ်နေတယ်။ လုပ်နေကြတုန်းပဲ။ ပုဇွန်တွေ အခြောက်လှန်းတော့ ခြင်ဆေးဗူးနဲ့ဖြန်းတယ်။ ဈေးထဲမှာ ငှက်ပျောဖီးသွားဝယ်ရင် ၀ယ်တဲ့ ငှက်ပျောဖီး ဆေးရည်တွေဖျော်ထားတဲ့ ရေပုံးထဲနှစ်ပေးလိုက်တယ်။ မြန်မြန်မှည့်အောင်လို့။ နေမလှန်းရ၊ မှိုမတက်ရအောင်လို့ လက်ဖက်ရွက်တွေကို ဓာတ်ခဲမှုန့်တွေနဲ့ နယ်ပြီးလိပ်၊ နောက်ဈေးကွက်ထဲ ဖြန့်ကြတာရော ဘယ်သူတွေတုန်း။ အကြော်ဆိုင်မှာ ပေးတဲ့ အချဉ်ရည်ထဲ ဂေါ်ဖီထုပ်ကို ရေမဆေးဘဲ ဓားနဲ့နုတ်နုတ်စင်းပြီး ထည့်တာက ဘယ်သူတွေတုန်း။ အသီးအနှံကို ရေမဆေးပဲသုံးရလောက်အောင် စေတနာတွေ ခမ်းကုန်ကြပြီလား။ အဲဒါတွေကို ဘယ်သူတွေ သုံးစွဲကြတာတုန်း။ သူတို့တတွေ အိမ်မှာ ထမင်း၊ ဟင်းချက်တော့ ရေမဆေးပဲ ချက်ကြသလား။ ကျန်းမာရေးအသိ မရှိကြတာ မဟုတ်ဘူး။ တခြားသူအပေါ်မှာ စေတနာ၊ မေတ္တာခမ်းလာကြတာ။ အဲဒီ အကျိုးဆက်ကို ဘယ်သူတွေ ခံစားရသလဲ။ တရေတည်းသောက်၊ တမြေတည်းနေတဲ့ ကျွန်တော်တို့ တတွေပဲ မဟုတ်လား။  ဆေးရုံတွေကို သိန်းဆယ်ချီ၊ ရာချီလှူနေကြတာတွေ့တော့ လုပ်ငန်းရှင်တွေနဲ့ထပ်တူ မုဒိတာပွားပြီး ၀မ်းသာရပါတယ်။ ကိုယ်လုပ်နေတဲ့ လုပ်ငန်းမှာ ကျန်းမာရေးအတွက် မသင့်တဲ့ မသမာတဲ့ နည်းတွေ၊ ဆေးတွေကို မသုံးဘဲနဲ့ လျော့ချနိုင်မယ်ဆိုရင် သိန်းရာချီ၊ ထောင်ချီလှူတာထက် ပိုအကျိုးရှိမယ်လို့ ထင်ပါတယ်။ သဘာဝဘေးကြုံနေရတဲ့ နေရာဒေသတွေကို လှူတန်းနေကြတဲ့ မြန်မာပြည်ရဲ့ သူကြွယ်ကြီးများအကြောင်း သတင်းစာ၊ ဂျာနယ်နဲ့ တီဗီဖန်သားပြင်ပေါ်မှာ မြင်နေရတာ ၀မ်းသာပီတိဖြစ်ရပါတယ်။ အားကျ လေးစားဖို့လည်း ကောင်းပါတယ်။ သူကြွယ်ကြီးများရဲ့ လုပ်ငန်းစီးပွားများက ရာသီဥတုကို ဖောက်ပြန်ပျက်စီးစေတဲ့ လုပ်ငန်းများ မဟုတ်ခဲ့ရင်တော့ အတိုင်းထက်အလွန်ပါပဲ။ နယ်စပ်တစ်လျောက်မှာ ဖြတ်သန်းသွားလာနေကြတဲ့ သစ်တင်ကားကြီးများကို အွန်လိုင်းစာမျက်နှာထက်မှာ မြင်နေရတဲ့အခါ၊ သေဆုံးသွားတော့မယ့် ဧရာဝတီ၊ ချင်းတွင်းအကြောင်း သိမြင်လာရတဲ့အခါ၊ ပျောက်ဆုံးသွားတော့မယ့် သစ်တောတွေ တောင်တွေအကြောင်း ကြားသိလိုက်ရတဲ့အခါ နှလုံးသားက တဖြတ်ဖြတ်ခါတယ်။ သွေးတို့က ချက်ချင်းဆူပွက် ဒေါသတို့က အလိပ်လိုက်တက်တယ်။ အဲဒါတွေကို ဘယ်သူတွေ လုပ်နေကြတာလဲ။ ဓားနဲ့ခုတ်ပြီးမှ သွေးဆေးလေး၊ ရှူဆေးလေး လာပေးသလိုပဲ။ ဟုတ်ကဲ့ အဆုံးသတ်ပြောရမယ် ဆိုရင်တော့ ကျွန်တော်တို့ ကမ္ဘာကြီး ကျိန်စာသင့်နေပါပြီ။ လွတ်မြောက်ဖို့အတွက်ကတော့ ....။ ကမ္ဘာကြီးကို ဆုပ်ချေနေတဲ့ ကျွန်တော်တို့လက်တွေ ရပ်တန့်သင့်ပါပြီ။ ဆရာ (ယက္ခ)ရဲကြီးရဲ့ အိမ် အက်ဆေးထဲကလို ဖြူသောလက်ဖြစ်စေ၊ မည်းသောလက်ဖြစ်နေပါစေ အိမ်ကလေးကို ထူမတ်ဖို့ပဲ လိုပါသည် ဆိုသော စာသားလေးကို အမှတ်ရမိလိုက်တယ်။ ဆန္ဒရှိမည်ဆိုရင် မင်းသားတစ်လက်အနေနဲ့ ခင်ဗျားကိုယ်တိုင် ပါဝင်နိုင်ပါတယ်။ ကျိန်စာသင့်နေသည့် ကမ္ဘာကြီးကို ကျွန်တော်တို့ရဲ့ လက်များဖြင့် ကယ်တင်လိုက်ကြရစို့လား။

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း