တောင်တန်း၏ ကာရန်



တောင်တန်း၏ ကာရန်
       
မြစ်ရေတိုးနေချိန်မို့ တာရိုးပေါ်မှာ ရေလာကြည့်သူတွေနှင့် စည်ကားနေသည်။ အနောက်ဘက်ကမ်း မှာရှိသည့် ပြာမှိုင်းနေသည့် တောင်တန်းတွေက ပရိသတ်ကြားမှာ အရှက်သည်းစွာနှင့် သွက်သွက်စီးဆင်း နေသည့် ရေတိုးမြစ်ကလေးကို ငေးကြည့်နေသယောင်ယောင်။ ဟိုငယ်စဉ်တုန်းကတော့ အဝါရောင်မြစ်ရေ တွေ တစ်ဟုန်ထိုးစီးဆင်းနေတာကိုကြည့်ရင်း ခံစားချက်တစ်မျိုးဖြင့် ကြည်နူးခဲ့ရဖူးသည်။ မြစ်တစ်စင်းကို ပိုင်ဆိုင်ထားသည့် သူတို့မြို့လေးကို အထင်ကြီးခဲ့ရသလို သည်မြို့သားဖြစ်ခဲ့ရသည့်အတွက်လည်း ဂုဏ်ယူ ခဲ့ရသည်။
          မြစ်ကလေးသည် တစ်ခါတစ်ရံ ရင်ပြည့်ရင်ကယ် ဖြစ်တတ်သေးသည်။ ရင်ပြည့်ရင်ကယ်ဖြစ်နေ သော မြစ်ကလေး၏ ခံစားချက်တွေ လျှံကျလာခြင်းကို မြို့ကလေးက လက်ခံခဲ့ရဖူးသည်။ လွန်ခဲ့သော ငါးနှစ်ကျော်၊ ခြောက်နှစ်ခန့်က ဖြစ်သည်။ မြို့သက်တမ်းတစ်လျှောက် သည်မြို့နှင့် သည်မြစ်၏ ရင်းနှီး ယုံကြည်မှုက  အမြင့်မားဆုံးဖြစ်ခဲ့သည်ဟု ဆိုကြသည်။
               “ ချင်းတွင်းရေ နောက်ကျိကျိ သောက်မိက မပြန်နိုင် ” ဟူသောစကားသည် ထိုအချိန်က ဂျာနယ်လစ်တွေနှင့် လှေသမားတွေအတွက် ဆိုထားခဲ့သယောင် ဖြစ်ခဲ့ရသည်။ ကမ်းနားတစ်လျှောက် ရေဝင်ရပ်ကွက်တိုင်းတွင် ၄င်းတို့တတွေက နေရာအနှံ့မှာ အချိန်ပြည့်ရှိနေခဲ့ကြသည်။ ရေဝင်ရပ်ကွက်အတွင်းမှ လှော်ခတ်လာသည့် လှေကလေးတွေ၊ လှေအချို့ပေါ်မှ တဖျတ်ဖျတ်လက်နေသည့် ကင်မရာမီး တွေ၊ အိမ်ကြိုအိမ်ကြားမှ မျောပါလာသည့် အမှိုက်တွေ၊ အပူအပင်မရှိ အဝတ်ဗလာနတ္ထိနှင့် ရေထဲမှာ ထင်းလိုက်ဆယ်နေသည့် ကလေးတွေ၊ ၄င်းတို့နှင့်အတူ ရေထဲမှာ ကိုယ်ဖော့ကူးခတ်နေသည့် ခွေးအချို့။ သည်အရာတွေအားလုံးအတွက် ချင်းတွင်းမြစ်မင်းကို စကားတင်းဆိုချင်သူတွေကလည်း မရှား။ မြစ်တစ်စင်း လမ်းကြောင်းမှန်နှင့် အဆင်ပြေပြေစီးဆင်းဖို့အတွက် ကမ်းပါးအနားသတ်တွေက အဓိကဖြစ်သည်။ မြစ်တစ်စင်း၏ မာယာကို အန်တုနိုင်ဖို့အတွက်တော့ ကမ်းနှစ်ဖက်တာရိုးတွေ ခိုင်မာမြင့်မားဖို့လိုသည်။ သို့မဟုတ်လျှင်တော့ ……။
***                                           ***                                           ***
          သည်မြို့ကလေးကဲ့သို့ သူ့မှာလည်း မြစ်တစ်စင်းတော့ရှိသည်။ ယောက်ျားတစ်ယောက်၏ ဂုဏ်သိက္ခာကို တိုက်စားပြီး မိသားစု၏ နွေးထွေးမှု၊ မေတ္တာတရာတွေကို ကျော်လွှားကာ စိတ်ကြိုက်စီးဆင်း တော့မည့် မြစ်တစ်စင်းကို သူပိုင်ဆိုင်ထားသည်။ သူမကိုယ်တိုင်ကလည်း မြစ်တစ်စင်းသာဖြစ်ကြောင်း ဝန်ခံခဲ့သေးသည်။
          “ ဟုတ်တယ် … မောင်၊ ကျွန်မဟာ မြောင်းမဟုတ်ဘူး၊ ချောင်းမဟုတ်ဘူး၊ ပင်လယ်ဆီကို စီးမယ့် မြစ်တစ်စင်းပဲ … ”
          ယောက်ျားတစ်ယောက်၏မာနက သည်မြစ်ကို စွန့်လွှတ်ဖို့အတွက် စဉ်းစားမိသည်မှာ အကြိမ်ကြိမ် ဖြစ်သည်။ စဉ်းစားလိုက်တိုင်း မြင်ယောင်နေသည်က ပြိုကွဲသွားတော့မည့် မိသားစု၊ နှစ်ယောက်စလုံး အတွက် တစ်ခုလပ်ဆိုသည့် ဘွဲ့ထူး၊ သားအတွက် အရှိန်ပြင်းပြင်းတိုက်ခတ်လာတော့မည့် လောကဓံ မုန်တိုင်း။ အတင်းအဖျင်းလှိုင်းလုံးအောက်မှာ သားဦးကျိုးသွားနိုင်သည်။ ဒါမှမဟုတ် ကျန်ရှိနေ သေးသည့် ဘဝကို ဆိုးသွမ်းလူငယ်အဖြစ်ဖြင့် လျှောက်လှမ်းသွားရနိုင်သည်။ မိဘနှစ်ပါး မာနစီးချင်း ထိုးသည့်ပွဲ ကြုံခဲ့ရသည့် ကလေးတိုင်းကတော့ ရာခိုင်နှုန်းအတော်များများ သည်အတိုင်းသာ ဖြစ်သည်။ သူ၏ ဆုံးဖြတ်ချက်တစ်ခုကြောင့် သား၏ဘဝမှာ မုန်တိုင်းထန်သွားနိုင်သည်။ ဒီအဖြစ်မျိုးကိုတော့ သူလက်မခံနိုင်။ သားလေးမွေးတုန်းက သူ့အဖိုး၏ ဆုံးမစကားကို ကြားယောင်မိသည်။
          “ ခင်မောင်ဦး … မင်းဟာ ခုဆိုရင် သားတစ်ယောက်ရဲ့ဖခင်ဖြစ်လာပြီ။ မြေးလေးရဲ့ကောင်းမှု၊ ဆိုးမှု၊ အနာဂတ်တောက်ပြောင်မှုဆိုတာ မင်းအပေါ်မှာ မူတည်နေပြီ။ ဖခင်တိုင်းဟာ သားတွေအတွက်တော့ သူရဲကောင်းပဲ။ သူတို့ရင်ထဲမှာ သိသိသာသာရော မသိမသာပါ မော်ကွန်းတင်ပြီးသားပဲ။ ဖခင်ရဲ့အပြုအမူ လုပ်ဆောင်ချက်တိုင်းဟာ သူတို့တွေအတွက် ပြဌာန်းချက်ပဲ။ မြေးလေးဟာ မင်းကိုယ်တိုင် မော့ကြည့်ရမယ့် အဆင့်အတန်းတစ်ခု၊ အခြေအနေတစ်ခုကို ရောက်နေပြီဆိုရင်တော့ မင်းဟာတာဝန်ကျေတဲ့ ဖခင်ပဲ။ ဖခင်ကောင်းတစ်ယောက်ပဲ။ ပုခုံးနဲ့ထမ်းတင်ရမယ့်သားကို မြေကြီးပေါ်ကိုင်ပေါက်သလိုလုပ်ရပ်မျိုးတော့ မင်းက မလုပ်မိစေနဲ့ … ”
          ဘာဆက်လုပ်ရမလဲဆိုသောအတွေးနှင့် ရင်ဘတ်ထဲမှ မွန်းကြပ်မှုတို့က သူ၏သက်ပြင်းချသံအဖြစ် အသွင်ပြောင်းကာ ချင်းတွင်းမြစ်ရေနှင့်အတူ မျောပါသွားကြသည်။ ဒီပုစ္ဆာကို အခြားရှုထောင့်တစ်ခုမှ စဉ်းစားကြည့်လိုက်ပြန်တော့ သူ၏ဂုဏ်သိက္ခာ။ သူမ၏ ဆန္ဒကိုလိုက်လျောလိုက်သည်နှင့် သူ၏ဂုဏ်သိက္ခာ က တောင်ပြိုသလိုပြိုမည်ဟု ထင်သည်။ ဆုံးဖြတ်ရခက်သည့် ဒီပုစ္ဆာက သူ့ကို သက်ပြင်းတွေ၊ အိပ်ဆေး တွေနှင့် မိတ်ဖွဲ့စေခဲ့သည်မှာလည်း မကြာခဏ။ အသက်ထက်ချစ်ရပါသောသားနှင့် သူ့ဦးခေါင်းကို အမြဲ မတ်မတ်ထားစေနိုင်သည့် သိက္ခာ။ သူ ဘာကို ရွေးချယ်ရမှာလဲ။
          “ သားရေ ဖေဖေဘယ်လိုဆုံးဖြတ်ရမှာလဲကွယ် … ”
          သူ၏ တီးတိုးစကားသံကို နားစွင့်ရင်း ချင်းတွင်းမြစ်ကြီးက စကားလုံးအချို့ကို သယ်ဆောင်သွား ပြန်သည်။ ပင်လယ်ပြင်မှာတော့ သူ၏သက်ပြင်းတွေ တီးတိုးစကားသံတွေနှင့် စုပုံနေတော့မည်ဟု ထင်ရ သည်။
***                                           ***                                           ***
          “ လွယ်အိတ် လွယ်အိတ်။ ရှင်ဟာ တကယ့်လွယ်အိတ်ကြီးပဲ သိလား။ တကယ့် ဘစ်ဘက် (Big Bag) ပဲ။ ရှေ့ကလည်း မသွားဘူး။ နောက်ကလည်း မလိုက်ဘူး။ ဘေးကနေ ကျွန်မကို ကန့်လန့်တိုက်ဖို့ပဲ သိတယ် ”
          “ မင်းကလည်း ဂျီပီကြီးပဲ။ ဂရိတ်ပရောဗလမ်ကြီး (Great Problem) ပေါ့။ အမြဲတမ်းပဲ ပြဿနာရှာနေတာလေ ”
          ယခုနောက်ပိုင်း သူမနှင့် သူ စကားများတိုင်း အပြန်အလှန် ပစ်ပေါက်နေကျ စကားလုံးတွေ ဖြစ်သည်။ ဒီလိုပြဿနာမျိုး အိမ်ထောင်ဦးတုန်းကတစ်ကြိမ် ကြုံခဲ့ရသေးသည်။ အဲဒီတုန်းက သူ့ကို အမေရိကားမှာ အလုပ်လုပ်ရင်း ကျောင်းတက်စေလို၍ဖြစ်သည်။ ဒီနိုင်ငံမှာမွေး၊ ဒီနိုင်ငံမှာကြီးပြီး ဒီနိုင်ငံမှ ပေးသောပညာနှင့် မည်သည့်နိုင်ငံတွင်မှ၊ မည်သည့်နိုင်ငံအတွက်မှ သူအလုပ်မလုပ်ချင်ခဲ့။ ခေါင်းယမ်း ငြင်းဆန်နိုင်ခဲ့သည်။ ယခုအကြိမ်မှာတော့ သူမက ကိုယ်တိုင်သွားတော့မည်။
          အထူးကုဆရာဝန်ကြီးတစ်ယောက်ရဲ့ဇနီးက နိုင်ငံခြားသွားပြီး စီးပွားရှာမည်၊ အလုပ်လုပ်မည် ဆိုသည့် သတင်းက သူ့အသိုင်းအဝိုင်း၊ သူ့ပတ်ဝန်းကျင်မှာ …။ ရှေ့မှာချီးကျူးစကားဆိုနေသော်လည်း နောက်ကွယ်မှာ ပြုံးယောင်နေမည့် မျက်နှာများစွာအတွက် သူ အနေခက်သည်။ သူရှာဖွေရသမျှနှင့် သူမ၏ လိုအင်ဆန္ဒက တိုက်ရိုက်အချိုးမညီ၍ ပတ်ဝန်းကျင်မှာ လှောင်ပြုံးများစွာဖြစ်ထွန်းနေပြီဟု သူယူဆသည်။ ဗိသုကာနှင့် ကျောင်းပြီးထားသည့် သူမက ဒီကလုပ်ငန်းတွေပြီးပြတ်လျှင် ဟိုကိုသွားတော့မည်။ သူမ၏ အဆက်အသွယ်အချို့အကူအညီနှင့် ပရောဂျက်တစ်ခုကို လက်ခံထားလိုက်ပြီ။ သူမ၏အပိုင်းက အနည်းဆုံး သုံးနှစ်ခန့်ကြာမည်ဟု ပြောသည်။ တက်ကြွမှုက တိုက်ပွဲဝင်တော့မည့် စစ်သူကြီးတစ်ဦးနှယ်ပင်။
          တစ်နှစ်တည်းကျောင်းဆင်းသည့် သူငယ်ချင်းတစ်ဦးက သူ၏ ပြည်ပအတွေ့အကြုံအချို့ကို မျှဝေဖူးသည်။
          “ ဟိုမှာက အလည်အပတ်အတွက်ပဲကောင်းတယ် သူငယ်ချင်းရေ။ ယဉ်ကျေးမှု၊ ဘာသာ၊ ဓလေ့စရိုက်မတူတဲ့ အဲဒီနေရာဟာ တို့တစ်တွေအတွက် အိမ်မဟုတ်ဘူး။ အိမ်နီးနားချင်း ရင်းနှီးနွေးထွေးမှု၊ စောင့်ရှောက်မှုဆိုတာ ကိုယ်တို့နိုင်ငံမှာပဲရှိတယ်။ ဟိုမှာတော့ အားလုံးဟာ သူစိမ်းပဲ။ ညနေ(၆)နာရီကျော်တာနဲ့ ဘယ်လူကောင်းမှ အပြင်မထွက်ရဲဘူး။ ညနေစောင်းရင် ကိုယ့်လုံခြုံရေးအတွက် တိုက်ခန်းထဲမှာ စာတစ်အုပ်နဲ့အောင်းနေရတော့တာပဲ။ စာချုပ်စေ့တာနဲ့ ကိုယ်လည်း ပြန်လစ်ခဲ့တော့တာ ”
          လူရမ်းကားတွေ သိပ်ကိုများသော၊ ကိုယ့်အသက်၊ ကိုယ့်ဘဝအတွက် လုံခြုံမှုမရှိသည့် နေရာသစ် တစ်ခုတွင် သူမ အဘယ်ခြေလှမ်းမျိုးနှင့် ရပ်တည်မည်နည်း။ သူစိမ်းတွေကြားထဲမှာ အဆင်ပြေမှာလား။ သူတကယ့်ကို သိချင်လှသည်။
          ယခုအချိန်မှာတော့ သူ့စကားသံတွေက သိပ်ကို ဆန္ဒပြင်းပြနေသည့် သူမအတွက် အဆင်ပြေ မည်တော့ မထင်။ ရောဂါပြင်းသည့် လူမမာတွေမှာပင် ဆေးမတိုးသည့် အချိန်ဆိုတာ ရှိနေသေးသည်။ တစ်ချိန်မှာတော့ သူ့စကားသံတွေက အရာထင်လာလိမ့်မည်ဟု ယူဆရသည်။ သူ၏စိတ်တွေညွတ်နူး နေချိန်တစ်ချို့တွင် သူမက သကာလူးထားသည့် စကားလုံးခါးခါးများကိုလည်း ဆိုတတ်သေးသည်။
          “ ကျွန်မဘဝမှာ မောင်ရယ် သားရယ်ပဲ ရှိတာလေ။ မိသားစုအတွက် မောင်တစ်ထမ်း၊ မယ်တစ်ရွက်ဆိုပြီး ဝင်ကူချင်တာ မောင်ရဲ့။ မောင်တစ်ယောက်တည်း ပင်ပန်းနေတာကိုလည်း မကြည့်ရက် ဘူး။ နောက်ပြီး သားရဲ့နောင်ရေးအတွက် မိခင်တစ်ယောက်အနေနဲ့ လုပ်နိုင်စွမ်းရှိတုန်း လုပ်ပေးချင်တယ်။ လုပ်ခွင့်ရချင်တယ် မောင်ရယ် … နော် ”
          တစ်ချိန်ကတော့ သူမ၏ ဆည်းလည်းသံလေးတွေကြားမှာ သူပျော်ဝင်ခဲ့ဖူးသည်။ သမီးရည်းစား ဘဝတွင် “ မောင်ရယ် … နော်” ဟု ဆိုလိုက်လျှင် သူ၏ ဦးခေါင်းကို သွက်သွက်ကြီး ညိတ်စေခဲ့ဖူးသည်။ အိမ်ထောင်သည်ဘဝတွင် သွက်သွက်မဟုတ်တောင် ခပ်လေးလေးတော့ ခေါင်းညိတ်စေခဲ့သည်။ အခုအချိန်မှာတော့ … ။ အချိုကုန်သွားသည့် ဆေးခါးကြီးကို အကြားအာရုံက သောက်မျိုလိုက်ရတိုင်း သူလက်သီးဆုပ်မိသည်။ အံကြိတ်မိပြီ။ မပြတ်သားနိုင်သည့် သူ့ကိုယ်သူလည်း ရွံမုန်းမိသည်။
          “ တောက် … ”
          အနားမှဖြတ်သွားသည့် ခေါင်းရွက်ဈေးသည်ကြီးကု သူ့ကိုလှည့်ကြည့်သွားသည်။ သူသတိတရနှင့် လှမ်းကြည့်လိုက်တော့ ချင်းတွင်းမြစ်ကြီးက သူ၏ တက်ခေါက်သံကို သယ်ဆောင်သွားပြီ။
***                                           ***                                           ***
          ဟိုးအနောက်ဘက်ရှိ ပြာမှိုင်းမှိုင်း တောင်တန်းကြီးများကို ကြည့်မိချိန်တွင် ဝင်လုဆဲနေမင်းကြီးက မေးတင်နေပြီဖြစ်သည်။ နေရောင်ဟပ်ကာ နီကျင်ကျင်ဖြစ်နေသည့် မြစ်ပြင်ကျယ်ပေါ်မှာတော့ အထက်မြစ်ညာမှ စုန်ဆင်းလာသည့် မော်တော်ကြီးက တရွေ့ရွေ့။ ၄င်းအပေါ်မှာတော့ အထက်မြစ်ညာမှ သယ်ဆောင်လာသည့် ကုန်ပစ္စည်းများက အပြည့်။ အမှတ်မထင်ငေးနေမိရာမှ သူတစ်စုံတစ်ရာကို သဘောပေါက်သလိုရှိလာသည်။ ပန်းတိုင် … ။ ဒီမော်တော်ကြီးအတွက် ရည်ရွယ်ရာအရပ်(ပန်းတိုင်)သည် သာလျှင် အဓိကဖြစ်သည်။ ရေစုန်၊ ရေဆန်က အဓိက မဟုတ်တော့။ သူရည်ရွယ်သည့် ပန်းတိုင်သည် မြစ်ညာမှာရှိနေလျှင်လည်း ဆန်တက်သွားမည်။ မြစ်အောက်ဘက်မှာ ရှိနေလျှင်လည်း စုန်ဆင်းသွား မည်သာဖြစ်သည်။ ဦးတည်ရာအရပ်သို့ ချောချောမွေ့မွေ့ အချိန်မှီရောက်ရှိရေးသည်သာ အဓိကဖြစ်သည်။
          သူ့ဘဝ၏ပန်းတိုင်မှာ သားဖြစ်သည်။ သားရဲ့ဘဝအခြေမြင့်မားဖို့၊ သာယာလှပဖို့အတွက် သူ့ဘက်မှ ပေးဆပ်ဖို့အဆင်သင့် ရှိနေသင့်သည်။ ရေစုန်ပဲဖြစ်ဖြစ်၊ ရေဆန်ပဲဖြစ်ဖြစ် သားသာလျှင် အဓိကဖြစ်နေရမည်။ သားဘဝအတွက် မိသားစုဆိုသည်က အရေးကြီးဆုံးသော ကဏ္ဍတစ်ရပ်ဖြစ်သည်။ မိသားစုပြိုကွဲသည်နှင့် သားဟာလွင့်စင်သွားမည့် ကျောက်ခဲတစ်လုံးဖြစ်သွားနိုင်သည်။ သားရဲ့ဘဝသာယာ လှပရေး၊ မိသားစု မပြိုကွဲရေးအတွက် သူ၏မာနတွေကို ခွာချပစ်လိုက်တော့မည်။ ပြည်ပထွက်ခွာရန် ထက်သန်နေသည့် သားအမေ၏ ဆန္ဒကို ခွင့်ပြုလိုက်တော့မည်။
          တစ်ခါတစ်ရံမှာတော့ တောင်တန်းကြီးတွေလည်း မာနကို ခဝါချကာ မြစ်ချောင်းတွေကို သူတို့၏ကျောကုန်းပေါ်တွင် စီးဆင်းခွင့်ပြုခဲ့ကြသည်။ ထို့ကြောင့်သာ လောကကိုအလှဆင်မည့် သိပ်ကိုလှပသည့် ရေတံခွန်တွေ ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်သည်။ တကယ်တော့ ယောက်ျားတစ်ယောက်မှာ ရှိသည့် အတ္တမာနက သိက္ခာအယောင်ဆောင်ကာ ဆုံးဖြတ်ချက်တွေကို ဝေဝါးစေခဲ့တာဖြစ်မည်။
          သက်ပြင်းတစ်ချက် ရှိုက်လိုက်ရင်း ဘေးအိတ်ထဲမှာ ရှိနေသည့် တစ်စုံတစ်ရာကို ထုတ်ယူ လိုက်သည်။ အရင်းနှီးဆုံးလူသားနှစ်ဦး၏ ပတ်သက်မှုကို ဖြတ်တောက်ပေးမည့် အက္ခရာဓားသွားတွေ စီထားသည့် ထိုအရာက မြစ်ပြင်မှခပ်ကြမ်းကြမ်း တိုက်ခတ်လာသည့်လေကြောင့် သူ့လက်ထဲမှာ တဖျပ်ဖျပ်ခါလျှက်ရှိသည်။ ထိုအရာ၏ ညာဘက်စွန်းအောက်ခြေတွင် ဘာတစ်ခုမှ မရေးထိုးရသေးသည့် နေရာလွတ်တစ်ခု။ ကျန်သက်ဆိုင်သည့် သတ်မှတ်နေရာများမှာတော့ ဘွဲ့ထူးဂုဏ်ထူးတွေနှင့် လက်မှတ် အသီးသီးက ရေးထိုးပြီးကြပြီဖြစ်သည်။ ဝေဝါးနေသည့် သူ၏အကြည့်ကို ရုတ်သိမ်းမိချိန်မှာတော့ သူလက်မှတ်ထိုးထားသည့်နေရာမှ မင်တချို့က ပြန့်နေခဲ့ပြီဖြစ်ကြောင်း သိလိုက်ရသည်။
          “ သားရေ … မင်းဘဝမှာ ကွက်လပ်မရှိအောင်လို့ အဖေ့ရဲ့သိက္ခာ၊ အဖေ့ရဲ့မာနေတွေကိုလေ … ”
          စုတ်ပြဲနေသည့် စက္ကူအပိုင်းအစများက မြစ်ကြော်င်းတစ်လျှောက် မျောပါလျက်ရှိသည်။ လက်မှ နာရီကို ငုံ့ကြည့်လိုက်ရင်း ရပ်ထားသောကားဆီသို့လှမ်းခဲ့လိုက်သည်။ နောက်သို့ ဖြတ်ခနဲ အမှတ်တမဲ့ လှည့်ကြည့်လိုက်တော့ သူ့ကျောပြင်ကို ငေးကြည့်နေသည့် ချင်းတွင်းမြစ်ကြီးနှင့် အကြည့်ချင်းဆုံသွားသည်။ သူလှစ်ခနဲ ပြုံးလိုက်သည်။ သူ၏ သတင်း၊ အတင်း။ သူ၏ သောက၊ ဒေါသ၊ သူ၏ ဂုဏ်သိက္ခာ အပိုင်းအစတွေကို သယ်ဆောင်သွားသည့် မြစ်မင်းချင်းတွင်းသည် ပင်လယ်နှင့်တွေ့ဆုံချိန်တွင် လူသား တစ်ယောက်အကြောင်း၊ သို့မဟုတ် တောင်တန်း၏ကာရန်၊ အလှသစ္စာတရားတို့ကို ပြောပြနေပေလိမ့်မည်။
          နေမင်းကြီးက စုံးစုံးမြုပ် ငုပ်လျှိုးသွားပြီ။ ချင်းတွင်းမြစ်မင်းကတော့ ခိုနားရမည့် ပင်လယ်ဆီသို့ တရွေ့ရွေ့ စီးဆင်းဆဲ။ သူ၏ ကားလေးက အိပ်တန်းပြန် ငှက်တစ်ကောင်အလား တစ်နေရာသို့ ဦးတည်ပြေးလွှားလျက် … ။

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.weebly.com 

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း