"ဘော နဲ့ သူမ"




"ဘော နဲ့ သူမ"
-----------------
ရေးသူ _ သန်၎ကို
                   ကလေးမက ဘော်လုံးပွဲကြည့်ချင်တယ်လို့.. ပူဆာတာနဲ့ လက်မှတ် နှစ်စောင်ဝယ်ပြီး သွားကြတယ်။
သူက ဝေးလံသီခေါင်တဲ့ အရပ်ကလာတဲ့ တောင်ပေါ်သူလေး ဆိုတော့...
ဘောကို မြင်ဖူးတာ မဟုတ်ဘူး၊ အဲလေ ဘောကန်တာကို မြင်ဖူးတာ မဟုတ်ဘူး။
ကွင်းထဲရောက်တော့ ပွဲမစသေးတာနဲ့ ကိုယ့်နေရာမှာ ကိုယ်ထိုင်ပြီး တောင်ငေးမြောက်ငေးလုပ်နေတုန်း သူက မေးလာတယ်... ...
"ဘော်လုံးကွင်း... ဘော်လုံးကွင်း နဲ့ ကြည့်လိုက်တော့လည်း လေးထောင့်ကြီးပါလား ကိုကိုရဲ့"
"ငင်... ခညားကဘယ်လိုထင်လို့တုံး"
"အဝိုင်းပုံကြီးမှတ်နေတာ"
"အော်... အင်း... ဘောလုံးကွင်းသာ အဝိုင်းကြီးဆို ကြည့်ကောင်းအုံးတော့မှာပဲ"
"သိဘူးလေလို့... ကွင်း ကွင်း နဲ့ ပြောနေတာကြတာကြီးကို"

"အေးဘာ... FIFA ဖီဖာကို အဝိုင်းပုံလုပ်ဖို့ ပြောပေးမယ် သိလား"
"ဘာ... ကိုကိုက ဘယ်က မကောင်းတဲ့ မိန်းမတွေ နဲ့ သိနေတာလဲ ပြောစမ်း ခု"
"ငင်... ဖီဖာဆိုတာ မကောင်းတဲ့မိန်းမ မဟုတ်မပါဘူး မမပီးရယ်၊ ကမာ့္ဘဘော်လုံးအဖွဲ့ချုပ်ကို ပြောတာပါဂျာ... "
"ဟွင်းးးး..."
ခက်ဘူးလား... ဖီဖာတောင် နာမည်မှာ 'ဖာ' ပါတာနဲ့ မကောင်းတဲ့ မိန်းမ ဖြစ်ရော...
ခဏနေတော့ ပွဲစတယ်...
အချင်းချင်း လက်ဆွဲနှုတ်ဆက်၊ နိုင်ငံတော်သီချင်းတွေ ဘာတွေဆိုပြီး စ ကန်ကြတယ်။
အစပိုင်းတော့ သူ ငြိမ်ပြီး ကြည့်နေသေးတယ်။
တော်တော်လေးကြာတော့ မနေနိုင်တော့ဘူး။ မေးခွန်းတွေ မေးလာပြန်ရော... ...
"ဘယ်နှယောက် ကစားကြတာလဲဟင်"
"တစ်ဖက် ၁၁ ယောက်၊ စုစုပေါင်း ၂၂ ယောက်"
"ဒီလောက်လူတွေ အများကြီးကို ဘော်လုံးလေးက တစ်လုံးထဲပေးထားတယ်"
"ငင်... ခညားက ဘယ်နှလုံးများ ပေးချင်လို့ တုံး"
"ဒီလူ အရေအတွက်နဲ့ဆို ၄ လုံးလောက်မှ အဆင်ပြေမှာပေါ့"
"ငင်... ဘုရားဘုရား၊ ဘယ်လိုတွေများ ကန်ကြရပ့ါ စဉ်းစားလို့တောင် မရဘူး"
"ပီး က သူတို့ကို သနားလို့ပါ ကိုကိုရဲ့"
"ဟုတ်ပါပြီဗျာ... လျှောက်မေးမနေနဲ့ ငြိမ်ငြိမ်ကြည့်၊ ပွဲကောင်းနေပြီ"
"ဟုတ်..."
အဲလိုတော့လည်း သနားစရာ။
မျက်နှာငယ်လေး နဲ့ ဆက်ကြည့်နေရှာတယ်။
တော်တော်ကြာပြန်တော့ လူကိုလှည့်ကြည့် လှည့်ကြည့်နဲ့ လုပ်လာပြန်ရော
တခုခု မေးချင်နေတာ နေမှာပေါ့
ဒါနဲ့...
"ဘာမေးချင်လို့လဲ ပီး"
"ဟိုလေ... ဟို အင်္ကျီအနက်ကြီးဝတ်ထားတဲ့လူက တခါမှ သူကန်ရတယ်လို့ကို မရှိဘူး နော်"
"ငင်... အဲဒါ ဒိုင်လူကြီးဟ... ဘယ့်နှာ့ ဒိုင်လူကြီးက ဘော်လုံးဝင်ကန်လို့ ရမှာတုံး"
"အော်... ... သိပါဘူး၊ ဘော်လုံးနောက်ပဲ လျှောက်ပြေးလိုက်နေတော့ သူ့ဘော်လုံးကို သူများတွေက ယူကန်နေလို့ လိုက်တောင်းနေတယ် မှတ်တာ"
"အေးဘာကွာ... မှားပါတယ် (ခေါ်လာမိတာ)"
ဆက်ကြည့်ကြပြန်တယ်။
ဗီဇဖျောက်မရတော့ ကြာကြာမခံဘူး မေးပြန်တာပဲ... ...
"ဟို... တိုင်နှစ်တိုင်ကြားထဲ ရပ်နေတဲ့လူက ဘာကြီးတုံး"
"အာ့... ဂွေးသမား အဲလေ ဂိုးသမား"
"သူက ဘော်လုံးလည်း လိုက်မကန်ဘူးနော်"
"ငင်... ဘော်လုံးနောက် လျှောက်လိုက်နေရင် သူ့အပေါက် သူများသွင်းသွားမှာပေါ့ ဟဲ့"
"ဘာပြောတာလဲ အာ့ဟာ"
"သူက ဘော်လုံးကို သူ့တိုင်နှစ်တိုင်ထဲ မဝင်ရအောင် စောင့်ဖမ်းနေတာ"
"အော်... "
သူ ဂိုးသမားကို အစာကြေပုံ မရဘူး၊ ခဏနေတော့ ပြောပြန်တယ်... ..
"အဲ့ ဂိုးသမားကျတော့ ဘော်လုံးကို လက်နဲ့ရော ခြေနဲ့ရော ထိလို့ ရတယ်၊ ကျန်တဲ့လူတွေကျ ခြေထောက်နဲ့ပဲ ကန်ရတယ်၊ ဘယ် တရားမတုန်း နော့် ကိုကိုရယ်"
"အေးဘာကွာ... ဖီဖာကို ပြောပေးပါမယ်၊ ဘောသမားအားလုံး လက်ရောခြေရော သုံးခွင့်ပြုပါလို့၊ ဒါမှ တရားမျှတမယ်လို့"
ကြည့်နေတုန်း ရှေ့တန်းတိုက်စစ်မှူးတစ်ယောက်က ဘောလုံးကို ဆွဲပြေးလာတယ်။
ဂိုးပေါက်နား နီးလာတယ်
အဲဒီမှာ ပရိတ်သတ်က ဝိုင်းအားပေးတာပေါ့။ ကိုယ်ဘေ့းနားကြည့်နေတဲ့လူတွေလည်း နာမည်အော်ပြီး အားပေးကြတယ်... ...
"သန်းကျော်ကွ... သန်းကျော်ကွ"
"ဝေး... ဟေး... သန်းကျော်ကွ"
"ဆွဲ ... ဆွဲ သန်းကျော်"
... ဆိုတော့ သူက ပြောတယ်.... ....
"အဲ့ သန်းကျော် ဘော်လုံးရတာနဲ့ လူတွေက ဘာလို့ အော်ကြတာလဲ ဟင်"
"အော်... ဂိုးသွင်းခါနီး အားပေးတာပါကွာ"
"သိပါဘူး... သူတို့ ယောက်ဖကိုတွေ့လို့ လှမ်းခေါ်တာလားလို့"
"ဟိုက်ခ်ျ... ဘယ်လိုတွေများ တွေးနေတာလဲ မမပီးရယ်"
သူမေးတာ ဖြေလိုက်၊ ဘော်လုံးပွဲကြည့်လိုက်နဲ့ ပွဲက ပြီးခါနီးလာတယ်။
၂ ဂိုး ၁ ဂိုးနဲ့ နိုင်နေတာကို ပွဲပြီးဖို့ ၄ မိနစ်လောက်လိုမှ ထပ်သွင်းလိုက်တော့ ၃း ၁ ဖြစ်သွားတယ်။
နိုင်မှာသေချာသွားပြီ။
ပွဲပြီးမှ ထွက်ရင် လူကျပ်နေမှာ စိုးတာနဲ့ ထ ပြန်လာခဲ့တယ်။
ပြန်မလို့ ပြင်နေတုန်း သူ့ကို မေးကြည့်မိတယ်... ...
"ဘယ့်နှယ်တုံး ဘောပွဲကြည့်ရတာ စိတ်ဝင်စားရဲ့လား"
"မဆိုးပါဘူး၊ ဂိုးသွင်းတဲ့လူက လွဲရင် ကျန်တာ ကောင်းပါတယ်"
"ငင်... ဘာလို့ ဂိုးသွင်းတဲ့လူက မကောင်းရတာတုံး"
"အို... အဲဒီလူက ဂိုးသွင်းပြီးရင် ထွက် ထွက် ပြေးနေတော့၊ ကျန်တဲ့လူတွေမှာ သူ့ဝိုင်းဖမ်းနေရတာ အလုပ်တစ်ခုကို ဖြစ်လို့"
"ငင့်..."
.
.
သန်၎ကို - ပေါက်ကရရေးသည်။
https://www.facebook.com/thanlayko
မှတ်ချက် ။ ။ ဂိုးသွင်းပြီး ထွက်ပြေးတဲ့အကြောင်းကို Juliet Sein ပြောပြတာ ဖြစ်ပါကြောင်း။

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း