စာအုပ်တစ်အုပ်အကြောင်း

စာအုပ်တစ်အုပ်အကြောင်း

 
ကျွန်တော် (၂၀၀၈) ခုနှစ်တွင် စာ စရေးပါသည်။ ပထမဆုံး ရေးသည့် ဝတ္ထုတိုမှာ အသဲကွဲရာသီ ဖြစ်၍ ရေးသည်မှ (၈)နှစ်အကြာ (၂၀၁၆ ဂျူလိုင်လထုတ် မဟေသီ) တွင် ပုံနှိပ်ခံရပါသည်။ ပြောလိုသည်က စည်းမျဉ်းစည်းကမ်းများ၊ ရေးထုံးရေးနည်းများကို မသိနားမလည်ဘဲ ရေးချင်စိတ်သက်သက်ဖြင့် ရေးခဲ့ခြင်း ဖြစ်သည်။
ကျွန်တော်ရေးလိုသည်က လုံးချင်းဟာသ ဖြစ်သည်။ ထိုသို့စာရေးချင်သည့်အကြောင်းကို (၂၀၀၆)ခုနှစ်ကတည်းက ခင်ခဲ့ရသည့် စာရေးဆရာ ညီဘွား၏နှမ မမအေးကို အကြောင်းတိုက်ဆိုင်၍ ပြောပြမိသည်။ ထိုအချိန်တွင် ဆရာညီဘွားဆုံးသည်မှာ (၂)နှစ်ခန့်ရှိပြီထင်ပါသည်။ မမအေးက အကြံပေးသည်။ ဝတ္ထုရှည်မရေးသေးဘဲ ဝတ္ထုတိုလေးတွေ အရင်ရေးကြည့်သင့်ကြောင်းပင် ဖြစ်သည်။ ထို့ကြောင့် ဝတ္ထုတိုကို စရေးဖြစ်ခဲ့ခြင်း ဖြစ်သည်။
ရေးထုံးရေးနည်း၊ စည်းမျဉ်းစည်းကမ်း နားမလည်ဘဲ ရေးခဲ့မိသည့် ဝတ္ထုတိုလေးပြီးသွားသောအခါတွင် ခံစားရသည့် ခံစားချက်က တော်တော်လေး ကျေနပ်စရာ ကောင်းပါသည်။ ဖြစ်သွားပြီ၊ စာတစ်ပုဒ်အဖြစ်ရှိသွားပြီဆိုသော ခံစားချက်ဖြစ်သည်။ သဒ္ဒါစည်းကမ်း၊ စာစည်းကမ်းနားမလည်ဘဲနဲ့ ရေးခဲ့သည့်ဟု ပြောရခြင်းမှာ စာရေးနည်းစာအုပ်များ၊ လမ်းညွှန်ချက်များကို ပုန်ကန်လို၍ မဟုတ်ဘဲ ကျွန်တော်နားလည်သလို၊ ခံစားရသလို ရေးခဲ့ခြင်းဟု ဝန်ခံလိုခြင်း ဖြစ်သည်။ ထို့နောက်တွင်မှ နှမအငယ် ငှားလာသည့် မှုခင်းမဂ္ဂဇင်းတစ်ခုမှ ဆရာအောင်လင်း၏ စာဘယ်လိုရေးမလဲ…စာရေးချင်သူများသို့ ဆိုသော ဆောင်းပါးကို ဖတ်ခဲ့ရသည်။
စာရေးစာဖတ် ဝါသနာပါသည့် ကိုမျိုးဇော်(ကံထူးကံသာ ထမင်းဆိုင်) ပိုင်ရှင်ထံမှ စာပေနှင့် ပတ်သက်သည့် စာအုပ်အတော်များများကို ဖတ်ခွင့်ရသည်။ ဆရာမောင်ခင်မင်(ဓနုဖြူ)၏ စကားပြေ သဘောတရား၊ စကားပြေ အတတ်ပညာဆိုသော စာအုပ်ကို ကိုမျိုးဇော်၏ ကျေးဇူးဖြင့် ဖတ်ခွင့်ရခဲ့ခြင်းဖြစ်သည်။ ထိုစာအုပ်ကို လိုချင်သည်။ အပိုင်သိမ်းထားရမည့် စာအုပ်ဟုလည်း နှလုံးသွင်းမိသည်။ စာအုပ်ဆိုင်များတွင် လိုက်ရှာသည်။ ထိုအချိန်က စာအုပ်ဆိုင်ရှိ အရောင်းစာရေးမလေးတချို့သည် ဆရာမောင်ခင်မင်(ဓနုဖြူ)ကို မသိကြ။ မေးလိုက်တိုင်း မသိ၊ မရှိက များနေသည်။ သူတို့သိသည်က ဆွေမင်း(ဓနုဖြူ)ဖြစ်သည်။ ဓနုဖြူ ဒေါ်စောရီဖြစ်သည်။ သို့နှင့် သူငယ်ချင်း ကဗျာဆရာ ဒေါင်းနီ၏ အဖေ၊ တစ်ချိန်က မှုခင်းမဂ္ဂဇင်းများတွင်ရေးခဲ့သည့် စာရေးဆရာ ထိန်လှိုင်ဦး ရန်ကုန်သွားသည့်အခေါက်တွင် မှာလိုက်သည်။
ရပါသည်။ ကျွန်တော်လိုချင်သည့် စာအုပ်လေးသည် ထိုအချိန်က (၃၅၀၀/)ပေးရသည်။ သိပ်မကြာမီပင် မုံရွာမြို့ရှိ စာအုပ်ဆိုင်ကြီးများတွင် ဘယ်နှစ်ကြိမ်မြောက်မှန်းမသိသည့် ပုံမှန်ဆိုဒ်ထက် အနည်းငယ်ကြီးသော စာအုပ်အဖြစ်ထွက်လာသည်။ ဈေးနှုန်းမှာ (၂၅၀၀/) ဖြစ်သည်။ ကျွန်တော် စာအုပ်ဝယ်မရခင်စပ်ကြားတွင် ကံထူးကံသာထမင်းဆိုင်ပိုင်ရှင် ကိုမျိုးဇော်ထံမှ စကားပြေသဘောတရား စာအုပ်ကို အချိန်ယူ၍ ဖတ်သည်။ စာအုပ်ကို နှမျောလွန်း၍ စာအုပ်ချုပ်သည့်ဆိုင်တွင် သားရေတုဖြင့် ကတ္ထူဖုံးပြီးမှ ဖတ်ခဲ့ခြင်းဖြစ်သည်။ စာအုပ်ကို အချိန်ပေးဝေမျှခဲ့သည့် ကိုမျိုးဇော်ကိုလည်း ကျေးဇူးတင်ရပါသည်။ 
 
ရှဥ့်ညိုလေး
(၁၃.၉.၂၀၁၆ ည ၁၀း၅၂မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း