တယ်တော်တဲ့ ငါပါလား
တယ်တော်တဲ့ ငါပါလား
ယနေ့ ကြာသပေတေးနေ့ဖြစ်သည်။ ထို့ကြောင့် ယောက္ခမကြီး အိမ်သို့ ကိုထူးနှင့် မမစံတို့ အလည်သွားကြသည်။ (ဟမ် ကြာသပတေးနေ့နဲ့ ဘာမလည်း မဆိုင်ဘူး။ ပြန်ရေးမှ...)
မနေ့ညက ကျွန်တော်တို့ လမ်းထိပ်ကအိမ်တွင် (Covid-19) ပိုးတွေ့သဖြင့် ယနေ့ ယောက္ခမကြီးအိမ်သို့ ကိုထူးနှင့် မတ်မတ်စံ တို့ အလည်သွားကြလေသည်။ (အံမယ် အခုလိုကျ ဆိုင်သလိုလိုပဲ။)
သာကြောင်း မာကြောင်းပြော၊ ကော်ဖီလေး ဘာလေး ညာတာပါတေးသောက်ပြီးနောက် ဝိုင်ဖိုင်ချိတ်ကာ အွန်လိုင်းသုံးသည်။ ခဏကြာသော် ဇက်ကြောတက်သဖြင့် ကိုထူးတစ်ယောက် ဖုန်းကိုချကာ ဘေးဘီကြည့်သည်။
တန်းလျားထောင့်တွင် တင်ထားသည့် ဘတ်ဂွကို တွေ့သည်။ ကျောက်စရစ်ခဲဖြူဖြူလေး ငါးလုံးခန့်လည်း ရှိသည်။ အသာကောက်ယူလိုက်ပြီး ဟိုချိန်သည်ချိန် ချိန်သည်။ ပြတင်းပေါက်မှ မြင်နေရသည့် သရက်ပင်ကို ချိန်သည်။ သရက်ကိုင်းပေါ်တွင် ငှက်ကလေးတစ်ကောင်း။ သနားချစ်ခင်စရာ အသံလေး တကျစ်ကျစ်ဖြင့် ဟိုခုန်သည်ကူး လုပ်နေသည်။ သို့နှင့် ဘတ်ဂွကိုဆွဲကာ ချိန်ပြီး လွှတ်လိုက်သည်။ ဘတ်ခဲက သရက်ကိုင်းကိုမှန်ကာ ကဲန်နင်ဖြင့် ကွမ်းရွက်ရွေးနေကြသည့် ဝန်ထမ်းများဘေးရှိ တန်းလျားပေါ်တွင် တရားစခန်းမှ ဓမ္မမိတ်ဆွေများအကြောင်း အတင်းတုတ်နေသည့် ယောက္ခမကြီးကို မှန်သွားသည်။
" ဟိုက် သေပဟ "
ဘတ်ဂွကို တန်းလျားထောင့်စွန်း ပြန်ထားလိုက်ပြီး ချထားသည့် ဖုန်းကို ကောက်ကိုင်လိုက်သည်။
ထို့နောက် တီးတိုးရွေရွတ်သံ ထွက်လာသည်။ ထိုအသံမှာ
" အင်း ... ဒါလည်း ကောင်းတာပဲ "
ဟုဆိုလိုက်သည်လား သို့မဟုတ်
" ဒါပဲ ကောင်းပါတယ်လေ "
ဟု ဆိုလိုက်သည်လားတော့ သေချာမသိလိုက်ရချေ။ ဖုန်းဖြင့် (Facebook) သုံးနေသည့် ကိုထူးအောင်ဝင့် ၏ မျက်နှာကြီးကား ပြုံးနေသည်ကို အိမ်ထဲတစ်ယောက်ယောက် ဝင်လာမည်ဆိုပါက တွေ့ရပေလိမ့်မည်။
ရှဥ့်ညိုလေး
(၁၄.၁.၂၀၂၁ နံနက် ၁၀း၅၃ မိနစ်)
(မှတ်ချက်။ ။ ထိုအဖြစ်အပျက်မှာ အမှန်မဖြစ်နိုင်ကြောင်း ခင်ဗျားသိလောက်ပြီ ထင်သည်။ အမှန်ဖြစ်ပါစေဟု ဆုမတောင်းခဲ့သည်မှာတော့ အမှန်ပင်ဖြစ်ပါသည်။ ထိုသို့သော ပေါက်တတ်ကရ ရေးနေခြင်းကို၊ ပေါတောတောတွေးနေခြင်းကို တယ်တော်တဲ့ ငါပါလားဟု အထင်ရောက်မိသွားပါကြောင်း။)
Comments
Post a Comment