ကျွန်တော် ရယ်စရာလုပ်ကြည့်တဲ့အခါ

 

ကျွန်တော် ရယ်စရာလုပ်ကြည့်တဲ့အခါ
 
ကျွန်တော် လွဲခဲ့တာတွေထဲက တစ်ခုကို ပြောပြချင်ပါတယ်။ ဟိုတယ်မှာ ညဆိုင်းဆင်းရတုန်းကပေါ့။ ကျွန်တော်နဲ့ တာဝန်အတူကျတဲ့ ညီငယ်က ပြေရဲဦးပေါ့...။ သူက ချစ်စရာ တော်တော်ကောင်းတယ်။ ပျော်ပျော်နဲ့ ပေါ့ပေါ့ပါးပါး နေတတ်တယ်။ ချက်နဲ့လက်နဲ့လည်း ပြောတတ်တယ်။ (ကျွန်တော် သူ့ကို စကားနိုင်မလုနိုင်တဲ့အခါ နှိပ်စက်နည်းတချို့ပြောပြပြီး ခြိမ်းခြောက်ရတယ်။) ။ အဲဒီနေ့ကတော့ လုပ်စရာတာဝန်တွေပြီး မနက်(၂)နာရီကျော်တော့ သူနားပြီ။ ကျွန်တော် သူ့ကို စချင်တာနဲ့ ကျွန်တော့်ဖုန်းနဲ့ သူ့ဖုန်းကို ခေါ်လိုက်တယ်။ ဖုန်းဝင်သွားတယ်။ ဒါပေမယ့် ဖုန်းမြည်သံ မကြားရဘူး။ ဆိုင်းလင့် လုပ်ထားသလားဆိုတော့လည်း မလုပ်ထားဘူး။ သူက ဖုန်းနဲ့ ဂိမ်းဆော့နေတာကိုး။ တစ်ဖက်က ထူးသံကြားရတယ် " ဟယ်လို " တဲ့။ အမျိုးအသမီးအသံ။ အသံက အိပ်ချင်မူးတူးနဲ့ဆိုတော့ သိလိုက်ပြီ။ သူ့ မဒီ ဆီရောက်သွားပြီ။
" ဟိုက် ... သေပြီဆရာ "
ကျွန်တော် ဂိမ်းဆော့နေတဲ့ ကိုပြေဆီသွားပြီး ဖုန်းထိုးပေးလိုက်တယ်။ သူလည်း ဖုန်းယူလိုက်ပြီး အဆင်သင့်သလို ပြောနေတော့ တော်သေးတာပေါ့။ ကိုယ့်မှာ ခပ်လှမ်းလှမ်းသွားပြီး ရယ်နေရတယ်။ ပြီးမှ ကိုယ့်အလွဲကို ပြောပြတော့ ဒီကောင်လည်း စပ်ဖြီးဖြီးနဲ့ပေါ့။ အဲဒီရက်ကျမှ ညီတော်မောင်က သူ့ဖုန်းကို လေဒီမိုး ပေးထားခဲ့တာတဲ့လေ။ ကံကောင်းလို့ လေဒီမိုး ရန်တွေ့မခံရတယ်...။
မနက်(၃)နာရီလောက်ကြီး ဖုန်းထဲက သူငယ်ချင်းလေဒီအသံကြီး ကြားလိုက်ရရင် ခင်ဗျားတော့ဘယ်လိုနေမလဲ မသိပေမယ့် ကျွန်တော်တော့ ခေါင်းမွေးထောင်သွားတယ်ဗျ။ တစ်ခါတစ်ခါ ကျွန်တော် ရယ်စရာလုပ်ပေမယ့် မရယ်ရတာတွေက များတယ်။ ဒါ့ကြောင့် ရယ်စရာရေးဖို့ မကြိုးစားတော့တာ။
အခုစာကလည်း ရယ်စရာ မကောင်းဘူး မဟုတ်လား။ ဒါ့ကြောင့် ရယ်စရာကောင်းတဲ့ ပုံလေးနဲ့ တွဲတင်လိုက်တယ်နော်။
 
ရှဥ့်ညိုလေး
(၆.၁.၂၀၂၀ နေ့လည် ၂း၃၄ မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း