ဆောင်းကြာဖြူ

 ဆောင်းကြာဖြူ

         သူမများ ဖြစ်နေမလားဆိုသည့် အတွေးကြောင့် သူ့ရင်အစုံသည် တဒိတ်ဒိတ်နှင့် အခုန်မြန်လာသည်။ ညနေခင်းရဲ့ အလင်းရောင်သည် တစ်ချိန်က ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသည့် လူသားနှစ်ဦးကို မမှတ်မိနိုင်လောက်အောင်တော့ ဖျော့တော့ အားနည်းမနေခဲ့ချေ။ ဟုတ်ပါတယ် သူပါ။ မျက်ဝန်းမှပုံရိပ်တို့ကို တိကျပြတ်သားစွာ မြင်နေရသည့်တိုင် သိစိတ်၏ မယုံမရဲစိတ်ကြောင့် နှုတ်ဖျားမှ တီးတိုးရေရွတ်မိသည်အထိ ဖြစ်ရသည်။
သေချာတယ် ဒါဟာ သူ့ရဲ့တစ်ချိန်က ပန်းချီကားလေးဆိုတာ သိပ်ကိုသေချာတယ်။ ပန်းချီကားလေး၏ နွဲ့နှောင်းသည့် လှုပ်ရှားမှုကောက်ကြောင်းအားလုံးက သူ့နှလုံးအိမ်ထက်မှာ ယနေ့ထက်တိုင် စွဲထင်နေဆဲဖြစ်သည်။ သူ ဘာလုပ်ရမလဲ။ ဦးနှောက်ကို အပြင်းအထန် အလုပ်ပေးကြည့်သည်။ ခပ်ထုံထုံဖြစ်နေသည့် ဦးနှောက်က ခြေဖျားလက်ဖျားများ အေးစက်နေခြင်းကို ဦးစွာ သတင်းပို့သည်။ သူ့ခြေလက်တွေက ဘာ့ကြောင့်အေးစက်နေရတာလဲ။ မြစ်ပြင်ဆီမှ ခပ်ကြမ်းကြမ်း တိုက်ခတ်လာတဲ့လေကြောင့် မဟုတ်ဘူး ထင်ပါရဲ့။ အချိန်တွေကြာခဲ့ပြီပဲ။ သူဘာကြောင့် သူမနဲ့ပတ်သက်ပြီး မတည်ငြိမ်နိုင်သေးတာပါလိမ့်။
ပန်းချီကားလေးက သူ့ဘေးမှပုံရိပ်လေးနှင့် စကားတွတ်ထိုးရင်း လမ်းသွယ်လေးဆီမှ တာရိုးပေါ်သို့ ခပ်ပြေပြေ ဆင်ခြေလျောအတိုင်း တက်လာသည်။ သူမဘေးမှ ကျောပိုးအိတ်လေးနှင့် ကလေးမလေးကိုကြည့်ရင်း သူ့ရင်အစုံက ချက်ခြင်းပင် လေးလံမွန်းကြပ်လာသည်။ ဒါ သူမရဲ့ သမီးလေးပေါ့။ တိတိကျကျဆိုရလျှင် ပုဂံမှ ယွန်းထည်ပစ္စည်းများကို နိုင်ငံခြားသို့ တင်ပို့နေသည့် ဦးကောင်းမြတ်နှင့် သူမ၏တစ်ဦးတည်းသော သမီးလေးပဲဖြစ်မည်။ ခင်ပွန်းသည်ဆုံးပြီးနောက် ဖခင်မဲ့သမီးလေးတစ်ယောက်နှင့် သူမ ဘယ်လိုဖြတ်သန်းခဲ့ပါလိမ့်။ ဦးကောင်းမြတ် သူ၏ ဇာတိ ညောင်ဦးသို့အပြန် ကားမတော်တဆဖြစ်ကာ ဆုံးသည့်သတင်းကိုတော့ သူအဝေးတစ်နေရာမှ ကြားသိခဲ့ရသည်။ ဖုန်းဖြင့်အားပေးနှစ်သိမ့်လိုသော်လည်း သူမနှင့် သူ့ကြားတွင်ခြားနားနေသည့် တံတိုင်းတချို့ကြောင့် ဖုန်းမဆက်ဖြစ်ခဲ့။ တကယ်တော့ သူဟာ ရှောင်ပြေးခဲ့သူတစ်ဦးသာ ဖြစ်သည်။ ကိုယ့်ချစ်သူလက်ကိုဆွဲကာ ရင်မဆိုင်ဝံ့သည့် ခပ်ညံ့ညံ့ယောက်ျားတစ်ယောက်သာ ဖြစ်သည်။ ပတ်ဝန်းကျင် အခက်အခဲများကို ရင်ဆိုင်ဝံ့သည့် ငယ်ရွယ်သည့် ချစ်သူနှစ်ဦးအတွက် ပထမဆုံးကျော်ဖြတ်ရမည့် တောင်မှာ မြင်းမိုရ်တောင်ဖြစ်ကြောင်း သူသိလိုက်ရချိန်တွင်…။
" သိပ်လှတဲ့ ဇနီးမယားတစ်ယောက်ဟာ ခင်ပွန်းသည်တစ်ယောက်အတွက် ရန်သူပဲလို့ အဆိုရှိတယ် သားရဲ့၊ သားကောင်မလေးက လှလည်း လှတယ်၊ သားထက် ငယ်လည်းငယ်တယ်၊ သားအပေါ်မှာ ဆိုးလိုက်နွဲ့လိုက်မယ့်ဖြစ်ခြင်း၊ နောက်ပြီး မေမေတို့ကြားထားတဲ့ သတင်းတွေကလည်း … "
သူမ သိပ်လှသည်ဆိုတာကိုတော့ သူဝန်ခံပါသည်။ သူမ အပြင်ထွက်တိုင်း ကောင်လေးတစ်ယောက်မဟုတ် တစ်ယောက်တော့ ပါလာတတ်သည်။ ထိုအထဲမှ သူသာလျှင် သူမ၏ရည်းစားဖြစ်သည်။ အချစ်ဦးဖြစ်သည်။ သူမက မျက်နှာမများခဲ့ပါ။ ချဉ်းကပ်သူတော့ ပေါခဲ့သည်။ မေမေတို့ သဘောမတွေ့သည်ကလည်း ထိုအချက်ဖြစ်သည်။ မှန်သည်ထင်လျှင် ရှေ့ဆက်တိုးရန် ဝန်မလေးသည့် ဇွတ်တရွတ်နိုင်သည့် ဂျစ်ကန်ကန်ကောင်မလေးနှင့် လိုချင်သည့်အချက်ကို ဖြောင်းဖျပြောဆိုနိုင်သည့် အမျိုးသမီးကြီးတစ်ဦး၊ ထိုနှစ်ဦးကြားရှိ ဆယ်ကျော်သက်ကောင်လေး၏ ဆုံးဖြတ်ချက်သည် မည်သည့်ဘက် ယိမ်းယိုင်မည်ကို တွေးကြည့်လျှင် အထင်အရှားသိနိုင်မည် ထင်သည်။
မာနကြီးသည့် သူမက ပုဂံ-ညောင်ဦးဘက်မှ သူဌေးတစ်ဦးနှင့် လက်ထပ်ရန်ပြင်ဆင်နေချိန်တွင် သူက မြို့ကလေးကိုစွန့်ကာ ထွက်ပြေးခဲ့သူဖြစ်သည်။ ထိုအချိန်မှစကာ မြို့ကလေးနှင့်သူ ဆယ်စုနှစ်တစ်ခုကျော် ဝေးကွာခဲ့ရသည်။ မှတ်မှတ်ရရ မေမေဆုံးတုန်းက တစ်ခေါက်သာရောက်ခဲ့ရသည်။ လူကအဝေးတစ်နေရာ ရောက်နေသော်လည်း သူ့နှလုံးသား ကျန်ရစ်ရာမြို့လေးဆီသို့ သူ့နားတွေကို စွင့်ထားလိုက်သည်။ သူမ၏ပုံရိပ်က စက္ခုအားရုံနှင့် အဆက်ပြတ်ခဲ့သော်လည်း သူမ၏ သတင်းအကြောင်းအရာတွေက သူ၏နားစည်တွင်းမှာ အဆက်မပြတ်။ ရိုးသားစွာဝန်ခံရလျှင် ဟိုစဉ်ကလို အချိန်ပြည့်သတိရမနေသော်လည်း ဝေးကွာခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်အတွင်း သူမအကြောင်း မတွေးမိသည့်နေ့ဟူ၍ တစ်ရက်မှ မရှိခဲ့ကြောင်းကိုတော့ ကျိန်ဆိုဝံ့ပါသည်။ ယခုလည်း မြို့ကလေးဆီသို့ပြန်ရောက်စဉ် သူမကို သတိရစိတ်ဖြင့် ကမ်းနားလမ်း ကျောက်ဆောင်ဆိပ်ဆီသို့ လာခဲ့မိခြင်းဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် သူမနှင့်ထိပ်တိုက်တိုးနေပြီဖြစ်သည်။ မြစ်ကမ်းဘက်သို့လှည့်ကာ မမြင်ချင်ယောင်ဆောင်ရန် စဉ်းစားမိသော်လည်း သူမ၏ပုံရိပ်လေးကို အလွမ်းပြေ အငမ်းမရ ငေးလိုသေးသည့် နှလုံးသား၏ဆန္ဒကို သူမငြင်းဆန်နိုင်။ သူမနှင့် ပတ်သက်ပြီး ရှောင်ပြေးနေရသည်မှာ ကြာပြီ။ တော်ပြီ သူထွက်မပြေးချင်တော့ဘူး။ သူမ မမြင်လျှင် နှုတ်မဆက်ဘဲနေမည်။ မြင်သွားခဲ့လျှင်ရော။ သူ ဘာလုပ်ရမလဲ၊ ပြုံးပြရမလား၊ ဘယ်က စပြောရမှာလဲ၊ တစ်ယောက်ထဲလားလို့လည်း မေးလို့မဖြစ်သေးဘူး၊ လာနေတာက နှစ်ယောက်ဆိုတော့လေ။ နေကောင်းလား၊ ဟင့်အင်း အဲဒါလည်း ကြောင်တောင်တောင်နဲ့၊ နေကောင်းလို့ပဲ လေညင်းခံရင်း လမ်းလျှောက်နေတာပေါ့။
" အယ် … အစ်ကို …"
အနားနီးမှ ရုတ်တရက်မြင်လိုက်ရသည့် သူ့ပုံရိပ်ကြောင့် သူမထံမှ အံ့အားသင့်ဟန်နှင့်အတူ ပုံရိပ်တချို့ ဖြတ်သန်းသွားသည်။ ထို့နောက် သူမဘေးမှ သမီးငယ်လေးကို တစ်ချက်ကြည့်ကာ …
" တစ်ယောက်ထဲလား … "
သူမက မိန်းမတို့အတတ်ပညာဖြင့် တစ်မြို့ထဲနေ တွေ့နေကြမိတ်ဆွေတစ်ယောက်ကို လမ်းမှာတွေ့သလို ပေါ့ပေါ့ပါးပါး နှုတ်ဆက်လိုက်သောအခါ သူ ကယောင်ကတမ်းနှင့် မျက်မှန်ချွတ်ကာ သုတ်ရင်း ခေါင်းညိတ်မိလိုက်သည် ထင်သည်။
" မသိလိုက်ဘူး … ၊ ပြန်ရောက်တာ ကြာပြီလား …"
သူမ ဘာကိုပြောတာလဲ။ သူမကြောင့် ဒီမြို့ကထွက်ပြေးသွားသူတစ်ယောက်က သူမသိအောင်ပြန်လာရမှာလား။ သူမကြောင့် ထွက်ပြေးသွားရတာကိုပဲ မသိလိုက်တာလား။ ဘာကို မသိလိုက်တာလဲ။ ရှုံးနိမ့်နေသူအကြောင်းကို မသိကြပေမယ့် စင်ပေါ်ကလူတွေအကြောင်း ကြားနေရသည်ကိုတော့ သူမ သိစေချင်လိုက်တာ။
" ကြာဖြူ … "
စိတ်ကူးထဲမှာ အမြဲရှိနေတတ်သော၊ အိပ်မက်မက်တိုင်း ရမ်းယောင်ခေါ်မိတတ်သော၊ ကမ္ဘာပေါ်တွင် သူတစ်ဦးတည်းသာ ခေါ်ခဲ့ဖူးသော နာမည်တစ်ခုကို သူ့နှုတ်မှ လွှတ်ခနဲထွက်သွားချိန်တွင် သူမဘက်မှတုန့်ပြန်မှုက ...
" အစ်ကို့ မှတ်ဥာဏ်တွေက ဟိုးတုန်းက အတိုင်းပဲလား …"
သူ အာခေါင်ခြစ်၍ အော်ဟစ်ပစ်လိုက်ချင်သည်။ ဟုတ်တယ်၊ ဟိုးတုန်းက အတိုင်းပဲ၊ ခံစားချက်တွေကလည်း ဟိုးတုန်းက အတိုင်းပဲ၊ အရာရာဟာ သူ့ဘက်က ဘာမှ မပြောင်းခဲ့ဘူး။ ပတ်ဝန်းကျင်ကို လစ်လျူရှုပြီး သူမပခုံးနှစ်ဖက်ကို ကိုင်လှုပ်ရင်း မေးလိုက်ချင်တယ်။ ဟိုးတုန်းကလိုပဲ ချစ်သေးရဲ့လားလို့။ ကဲ အဲဒါဆို သူမ ဘယ်လိုဖြေမှာပါလိမ့်။ တစ်ချိန်က သူမမျက်နှာထက်မှ စာရွက်များအားလုံး သူဖတ်ရှုနိုင်ခဲ့သည်။ ဘာသာပြန်နိုင်ခဲ့သည်။ ယခု သူမ မျက်နှာထက်မှာ သူ အဖြေကို ရှာသည်။ သူမ မျက်ဝန်းတွေထဲက ဘာသာစကားကို ရှာသည်။ ဘာမှ မတွေ့၊ ဘာမှ မဖတ်ရှုနိုင်တော့။ သူ့ မျက်မှန်ကို ပါဝါတိုးရတော့မည် ထင်သည်။
ညနေခင်း၏ နေခြည်နွေးနွေးအောက်တွင် သစ်အယ်သီးရောင် သူမ၏ ဆံပင်သည် ရောင်စဉ်တစ်မျိုးဖြင့် လှနေကြောင်းကိုတော့ သတိပြုမိသည်။ နေခြည်နောက်ခံတွင် သူမ၏ပါးနှင့် နားရှိမွေးညင်းနုလေးများကို အသည်းယားစဖွယ် မြင်နေရသည်။ တိုက်ခတ်လာသည့်လေကြောင့် နားနောက်နှင့် လည်ဂုတ်သားတစ်ဝိုက်ရှိ ဆံနုလေးများက လှုပ်ခါနေသလို သူ့စိတ်အစဉ်သည်လည်း ယိမ်းထိုးလျက်ရှိသည်။ အမျိုးသမီးတစ်ယောက်ရဲ့ အလှတရားကို ဒီထက်ပိုမကျူးကျော်ရန် သိစိတ်က သတိပေးသည်။ ဒီမျက်လုံးတွေပေါ့ သူ့ရင်ထဲက ခံစားချက်အားလုံး ဖတ်ရှုသွားတာ၊ ဒီနှုတ်ခမ်းတစ်စုံပေါ့ သူ့ဒေါသတွေကို လျော့ကျစေခဲ့ဖူးတာ၊ နောက်ပြီး … ။ အို သူဘာတွေ တွေးနေတာလဲ။ စိတ်ကို ချွန်းအုပ်ကာ သူ ခေါင်းငုံ့လိုက်သည်။
တစ်ချိန်က ဆေးရောင်စုံဖြင့် လှပဖူးသည့် ဖြူဖြူသွယ်သွယ် ကတော့ချွန်လက်ချောင်းလေးများကို ဆေးဆိုးမထားသော်လည်း ပန်းနုရောင်သမ်းသည့် ဗာဒံစေံသဏ္ဍာန် လက်သည်းညီညီနှင့် ဖယောင်းလက်ချောင်းလေးများအဖြစ် တွေ့လိုက်ရသည်။ လက်သည်းရှည်ထားတာကို မကြိုက်သော၊ ဆေးဆိုးတာကို မနှစ်သက်သောသူ့ကြောင့် ချစ်သူဖြစ်ပြီးသည့်နောက်ပိုင်း သူမက သူ့အလိုအတိုင်း လိုက်လျောခဲ့ရသည်ကို သတိရလိုက်မိသည်။ ခုချိန်ထိ သူ့စကားကို လိုက်လျောတုန်းလားဆိုသည့် အတွေးလေးဖြတ်သန်းသွားစဉ် နှလုံးသားသည် လှိုက်ခနဲ နွေးသွားသည်။ ထိုလက်ကလေးကို ဆုပ်ကိုင်ထားစဉ် သူမက …
" အစ်ကို အဲလိုဆုပ်ထားလိုက်ရင် လုံခြုံနွေးထွေးသွားသလို အမြဲခံစားရတယ် သိလား … "
" ဒီနာမည်ကို သိပ်ကြိုက်တာပဲ၊ အစ်ကိုနဲ့ ဖူးစာဆုံရင်ဖြစ်ဖြစ်၊ တကယ်လို့ မဆုံဘဲ တစ်ခြားတစ်ယောက်နဲ့ ဆုံရင်ပဲဖြစ်ဖြစ် သမီးလေးမွေးခဲ့ရင် ဆောင်းကြာဖြူလို့ ပေးမယ်နော်။ အဲဒါ ဘာလို့လဲ သိလား … "
ပြောခဲ့ဖူးသည့် စကားလုံးတိုင်းကို မှတ်မိနေသည့် သူ့မှတ်ဥာဏ်ကြောင့် နှလုံးအိမ်သည် မောပမ်းလှသည်။ နာကျင်ရသည်။ သူမလက်လေးကို ကြည့်ကာ ငိုင်နေမိစဉ် သူမထံမှ …
" ဆေးလိပ်မသောက်တော့ဘူးနော် … ကောင်းပါတယ် … "
" …………………………………………………………………"
" အို … "
သူဆေးလိပ်စဖြတ်လိုက်သည့် သူမနှင့် သူသာသိသည့် နေ့စွဲတစ်ခုကို ပြောလိုက်ချိန်တွင် သူမ အမူအရာတို့ ပျက်ယွင်းချင်လာသည်။ ဒီထက် အခြေအနေမဆိုးခင် သွားသင့်ပြီဟု သူမယူဆလိုက်ပုံရသည်။ အသံတိုးတိုးဖြင့် …
" သွားတော့မယ် … "
မသွားပါနဲ့၊ မသွားပါနဲ့၊ တောင်းပန်ပါတယ်၊ ကိုယ်တို့နှလုံးသားတွေ ပွင့်လင်းဖို့လိုပြီ၊ မာနတွေကို ခွာချလိုက်ကြစို့လား ကြာဖြူရယ်။ အပြင်ကို ထွက်ကျမလာသည့် စကားလုံးတွေကို မြိုချရင်း သမီးလေးလက်ဆွဲကာ ထွက်ခွာစပြုနေသည့် သူမနောက်ကျောကိုကြည့်ရင်း သူနှင့်ပတ်သက်သည့် သူမ၏လက်ရှိသဘောထားကို ဖော်ထုတ်ဖို့အတွက် နောက်ဆုံးသော မျှော်လင့်ချက်ကောက်ရိုးမျှင်ကို ဆွဲဆုပ်လိုက်သည်။
" သမီးလေးက ဘယ်နှစ်တန်းရောက်ပြီလဲ၊ နာမည် ဘယ်လိုခေါ်လဲဟင် … "
သူသိချင်သည်မှာ ဒုတိယမေးခွန်းကိုဖြစ်သည်။ အရောင်ဖျော့ဆည်းဆာအောက်တွင် မျှော်လင့်ချက်တောက်တောက်ဖြင့် သူမေးလိုက်ခြင်း ဖြစ်သည်။ သူမထံမှ ရယ်သံညင်းညင်းနှင့်အတူ သမီးငယ်လေးထံမှ ခပ်စူးစူးထွက်လာသည့် စကားသံက သူ့နှလုံးသားကို အရှိန်ပြင်းပြင်းနှင့် ထိုးစိုက်သွားသည်။
" လေးတန်း၊ ရွှန်းလဲ့ကြည်ဖြူ … "
သူ့ဦးခေါင်းသည် ညနေခင်း၏ ညစ်ထပ်ထပ်ဆည်းဆာအောက်တွင် ရုပ်ပျက်ဆင်းပျက် ငိုက်စိုက်ကျသွားသည်။ သူမနှလုံးသားဟာ တကယ်ကို ရင့်ကျက်သွားပြီပဲ။ သူမနှင့် သူ့ရဲ့ ရေစက်ကုန်သွားတာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကတည်းကပေါ့။
" သမီး ပြောလိုက်လေ၊ အဲဒါက ကျောင်းနာမည်၊ အိမ်နာမည်က ဆောင်းကြာဖြူလို့ ဦးဦးကိုပြောလိုက် … "
" ……………………………. "
သူ့နှုတ်ဖျားမှ ဝမ်းသာအားရနှင့် ဘာစကားသံတွေ ထွက်သွားသည်ပင် သူမသိတော့။ သတိထားမိချိန်တွင် သူမနှင့် သမီးလေး၏ နောက်ကျောပြင်က ဟိုးခပ်ဝေးဝေးဆီသို့ ရောက်သွားပြီဖြစ်သည်။ သေချာသည်၊ နောက်ရက်များတွင် သမီးလေးကျူရှင်ပြန်သည့် ဒီလိုအချိန်မျိုးတွင် ဒီနေရာမှာ သူရောက်နေတော့မှာ သေချာသည်။ နောက်ပြီး သိပ်မကြာတော့သည့် ကာလတစ်ခုတွင် သူမ၏ ဧည့်ခန်းတွင် သူအလည်ရောက်နေလိမ့်မည်။ ထို့နောက် … ထို့နောက်မှာတော့ … ။ သူ မြစ်ကမ်းဘက်သို့ လှည့်လိုက်သည်။ ဟူးဟူးရားရားတိုက်နေသည့် လေထုထဲတွင် သူ့အော်သံက ထိုးဖောက်သွားသည်။
" ဆောင်းကြာဖြူ … "
ကမ်းနားသစ်ပင်ထက်ဆီမှ အိပ်တန်းဝင်ရန်ပြင်နေသည့် ငှက်အချို့ ဝရုန်းသုန်းကားဖြင့် ထ-ပြန်ပြေးကြသည်။ သူ့ရှေ့မှာရှိနေသည့် မြစ်ကြီးကတော့ သူရည်ရွယ်ရာအရပ်ဆီသို့ တရွေ့ရွေ့ စီးဆင်းနေဆဲ … ။

(၁၃.၁၂.၂၀၁၃) ညနေ (၄း၁၄ မိနစ်ပြီး)
(၂၀၁၅ နိုဝင်ဘာ၊ ရွှေအမြုတေ မဂ္ဂဇင်း)

               



Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း