အသဲကွဲပုစ္ဆာ



အသဲကွဲပုစ္ဆာ

          “ ဒီထက်မြန်လို့ မရဘူးလား ”
          “ ဘာ ”
          မြင်းရိုင်းတစ်ကောင်လို ခုန်ပေါက်နေသည့် ဂျစ်ကားပေါ်မှ ဆောင့်ထွက်လာသည့် သူ့စကားသံကို သက်အောင် ကြားဟန်မတူ။ ဘာလဲဆိုသည့် သဘောဖြင့် မေးဆတ်ပြသည်။ ကြမ်းကြမ်းရှရှ တိုးဝင်နေသည့် လေစီးကြောင်းမှလေကို ခပ်ပြင်းပြင်းရှုလိုက်ရင်း သူ့အသံကိုထပ်မြှင့် လိုက်သည်။
          “ ဒီထက်မြန်မြန် မမောင်းနိုင်တော့ဘူးလား ”
          “ ငါမောင်းနေတာ ဂျစ်ကားဆိုတာလည်း သတိရဦး ဝဏ္ဏ၊ စိတ်အေးအေးထားစမ်း၊ အချိန်မှီရောက်ဖို့ ငါ့တာဝန်ထား၊ ရာသီဥတုကလည်း ငါတို့ဘက်မှာပါကွ ဟားဟား ”
          “ …………………..”
          မျက်နှာချင်းဆိုင်မှလာနေသည့် ကုန်ကားတစ်စီးကို ရှောင်လိုက်စဉ် ထိုကားသံအောက်မှာ သူ့စကားသံ က တိုးဝင်ပျောက်ကွယ်သွားသည်။ အဝေးပြေးလမ်းမထက်မှာ ခုန်ပေါက်ပြေးလွှားနေသည့် ဂျစ်ကားတစ်စင်း။ အတွင်းမှလောင်ကျွမ်းမှုတို့က အိတ်ဇောပိုက်မှတစ်ဆင့် မီးခိုးငွေ့အဖြစ် လုံးလုံးခဲခဲ။
………..                                       ……….                                        ……….
          “ ထိုင်လို့ရမလားရှင့် ”
          အနီးကပ်ထွက်ပေါ်လာသည့် အသံကြောင့် သူမော့်ကြည့်လိုက်သည်။ အသက်နှစ်ဆယ်စွန်းစ ချာတိတ်မလေးတစ်ယောက်။ အားပါး အလန်းလေးပါလား။ မှတ်ချက်နှင့်အတူ သူခေါင်းညိတ်လိုက်မိသည် ထင်သည်။
          ပွိုင့်ဒေါက်ချွန်ချွန်လေးနှင့် ဖိနပ်တစ်စုံက သူမ၏သခင်မကို သူနှင့်မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံဆီသို့ ခေါ်ဆောင်သွားသည်။ သူမလွယ်ထား သည့် ကျောပိုးအိတ်သေးသေးလေးမှာ တွဲလောင်းချိတ်ထားသည့် ဝက်ဝံရုပ်လေးလိုပင် သူ့စိတ်အစဉ်က ယိမ်းယိုင်လျှက် သူမနောက်သို့ ကပ်ပါသွားသည်။ သူမ၏ လှုပ်ရှားမှု အားလုံးကို သတိလက်လွတ် မှတ်တမ်းတင်နေမိသည့် သူ့မျက်လုံးအစုံကို မရုတ်သိမ်းမိ။
          ဘာတစ်ခုမျှလိမ်းခြယ်ထားပုံမရသည့် သူမမျက်နှာလေးသည် နုငယ်ပျိုမြစ်မှုဖြင့် ဝင်းမွတ်လျှက် ရှိသည်။ ပုံဖော်မထားသည့် မျက်ခုံး ထူထူတန်းတန်းအောက်မှ ရှည်လျားကော့ညွတ်သည့် မျက်တောင်ဖြာ များ၊ အညိုရောင်လုသော မျက်ဝန်းကြည်တောက်တောက်လေးများ၊ အနည်းငယ်ချွန်သယောင်ရှိသော နှာတံ လှလှလေးအောက်မှ မိတ်ကပ်ပန်းနုရောင်သမ်းသည့် ဆေးဆိုးမထားသော နှုတ်ခမ်းဖူးငယ်ငယ်။ ထို့နောက် အကြောစိမ်းများ ယှက်သမ်းနေသည့် နူးညံ့ဝင်းမွတ်နေသော လည်တိုင်ဘေးမှ မွေးညင်းနုငယ်လေးများ၊ အရာအားလုံးသည် ညနေခင်း၏ နေခြည်နုနုအောက်တွင် သိပ်ကိုလှပနေသည်။
          နေခြည်ကို ကျောပေးပြီးထိုင်နေသည့်သူမသည် သူ့အတွက် စပ်ဆိုထားသည့် ကဗျာတစ်ပုဒ် မဟုတ်သည်ကတော့ သေချာသည်။ ထို့အပြင် ဒီကဗျာလေးမှာ ခေါင်းစဉ်တစ်ခုခုလည်း ရှိနေနိုင်သည်။ ဘာပဲပြောပြော သူမက သိပ်ကိုလှပါသည်။ သိပ်လှသည်ဆိုခြင်းထက် ချစ်စရာ ကောင်းသည်ဆိုက ပိုမှန်မည်ဖြစ်သည် ။ ယခုအချိန်တွင် ချစ်စရာကောင်းသည့် မိန်းကလေးတစ်ယောက် သူ့ရှေ့မှာ ရှိနေသည်။ ထိုမိန်းကလေးမျိုး ခင်ဗျားတို့ရှေ့မှာ ရှိနေခဲ့မည်ဆိုလျှင်ကော …။
          သူကတော့ သူမကို သတိလက်လွတ် ငေးနေမိသည်ထင်သည်။ အချိုရည်ဗူးမှာနေရာမှ ဖြတ်ခနဲ လှည့်ကြည့်လာသည့် သူမကို ယောင်အမ်းအမ်းအပြုံးတစ်ခု လက်ဆောင်ပေးလိုက်သည်။ ထို့နောက် ဗူးထဲမှ စီးကရက်တစ်လိပ်ကို ထုတ်လိုက်သည်။ စီးကရက်က လက်ထဲမှတစ်ဆင့် အောက်သို့ခုန်ဆင်း သွားသည်။ သမံတလင်းပေါ်လိမ့်သွားသည့်  စီးကရက်ကို ဆတ်ခနဲငုံ့အကောက် …။
          အား လား။ ကြယ်တွေ၊ လတွေ မမြင်ပါဘဲနှင့် အာကာသထဲသို့ရုတ်တရက်ရောက်သွားသလား ထင်ရသည်။ အရာအားလုံးမည်းမှောင်နေသလို အသံဗလံအားလုံးတိတ်ဆိတ်လျှက်။ အာရုံတွေကြည်လင် လင်းလက်လာချိန်မှာတော့ သူ့ကို လှမ်းကြည့်နေကြသည့် ဘေးဝိုင်းများမှ မျက်လုံးများစွာနှင့်အတူ သူမထံမှ ….
          “ ရရဲ့လား …”
          “ အဟင်း ရပါတယ် …”
          သူနဖူးကို လက်နှင့်အသာစမ်းကြည့်လိုက်သည်။ ဖုနေသည့် ဘုကြီးက နည်းနည်းနောနောမဟုတ်။ အသာနှိပ်ကြည့်လိုက်တော့ …။ အား ဟား …။ သူမျက်ရည်များပင် ဝိုင်းသွားသည်။ မျက်ရည်ဝိုင်းဝိုင်းနှင့် စီးကရက်ကို မီးညှိလိုက်သည်။ မီးညှိရင်း ကောင်မလေးကို အသာခိုးကြည့်လိုက် သည်။ သူလုပ်သမျှ စိတ်ဝင်တစားနှင့် မျက်လုံးလေးပြူးပြီးကြည့်နေသည့် ကောင်မလေး …။
          “ အဟင်း …”
          သူရှက်ရယ်ရယ်ရင်း အစီခံလုံးသွားသည့် စီးကရက်ကို လွှင့်ပစ်လိုက်သည်။ သုံးလိပ်မြောက် စီးကရက်ကိုတော့ အဆင်ပြေအောင်မြင်စွာ သောက်ရှုနိုင်ခဲ့သည်။ နဖူးအလယ်မှာ ဆံစုအချွန်လေးပါ၍ မဟာနဖူးဟု အမေ မကြာခဏပြောတတ်သည့် သူ့နဖူးထက်မှ ဘုကြီးက ညနေခင်း၏ ဝင်နေနှင့်အပြိုင် ဝင်းပြောင်နေပြီလားမသိ။ ညနေခင်းရဲ့ ပန်းချီကားတစ်ချပ်၊ သိပ်လှတဲ့ ကဗျာတစ်ပုဒ်၊ ရက်လွန်နေတဲ့ သစ်သီးတစ်လုံး၊ ထိုသစ်သီး ထက်မှ ကဗျာမဆန်သည့် ဘုကြီးတစ်ခု။ သူ သက်ပြင်းချလိုက်သည်။ စီးကရက်မီးခိုးများကို မွန်းမွန်းကြပ်ကြပ်နှင့် မှုတ်ထုတ်ပစ်လိုက်သည်။ ထို့နောက် လေဟုန်စီးသွားသည့် မီးခိုးငွေ့များနှင့်အတူ သူ့အတွေးတွေကို ဆန့်ထုတ်ပစ်လိုက်သည်။
          ဝိုင်းတိုင်းမှာ လူပြည့်နေ၍ သူ့ဝိုင်းသို့လာထိုင်သည့် ကောင်မလေး။ ထိုကောင်မလေးကို ထိုင်ခွင့်ပြုမိ သည့် သူ။ သိပ်လှသည့် ကောင်မလေးထံမှ ချစ်စရာကောင်းမှု။ တိတ်တဆိတ်ခံစားနေသည့် အတိတ်ပန်းချီကားတစ်ချပ်သည် သူမကြောင့် ပို၍မှေးမှိန်ရသည်။ ညနေခင်း၏ ပန်းချီကား သည်လည်း သူမကြောင့်ပင် ဘောင်ကျဉ်းသွားခဲ့ရပြီဖြစ်သည်။ ပါးလျလာသည့် လွတ်လပ်ပေါ့ပါးမှုများကြောင့် သောက်လက်စ စီးကရက်ကို ထိုးခြေလိုက်ပြီး ပြန်ဖို့ပြင်သည်။ နေရစ်တော့ ကောင်မလေးရေ။ ကိုယ့်အသက် အရွယ်နဲ့ ဝေဒနာအဆင်ဆန်းကို မဆင်လိုတော့ပါဘူး။
          “ ကျွတ် …ကြောင်ပုံကိုက …”
          ကောင်မလေးထံမှ တီးတိုးသံကြောင့် သူမလုံမလဲနှင့်ကြည့်လိုက်စဉ် အပြုံးချိုချိုလေးတစ်ခုကို သူရလိုက်သည်။ အိုး သူမရဲ့မျက်လုံးလေး တွေက …။ သူ့ရဲ့ အသက်ရှူမှုလုပ်ငန်းစဉ်ကို မေ့လျော့သွားသည်။ နှလုံးသွေးတွေ ရပ်တန့်သွားပြီလား၊ စိတ်နဲ့ကိုယ်ခန္ဓာ တွဲလျက်ရှိသေးရဲ့လား သူမသိတော့။ ပြုံးပြနေရင်း ပြန်တည်သွားသည့် ကောင်မလေး၏ မျက်နှာထားကြောင့် မသင်္ကာ၍ နောက်လှည့်ကြည့်လိုက်သည်။ နောက်ကျောဘက်ဝိုင်း အုပ်စုထဲမှ ကောင်လေးတစ်ယောက်၏ စပ်ဖြီးဖြီးမျက်နှာကို တွေ့လိုက်ရ သည်။
          “ ဒီဘက်ပြောင်းထိုင်ပါလား၊ ကိုယ်ကပြန်တော့မှာ …”
          “ ဟင် … ပြန်တော့မှာလား ”
          ပြန်ဖို့ပြင်နေသည့် သူ့ခြေထောက်ကို တစ်စုံတစ်ရာက ချည်နှောင်လိုက်သလို ခံစားလိုက်ရသည်။ သူမက လက်မှနာရီပိစိကွေးလေးကို ငုံ့ကြည့်လိုက်ရင်း …
          “ ဟိုလေ အပန်းမကြီးဘူးဆိုရင် ခဏလောက် ဆက်ထိုင်ပေးပါလား၊ မိုးသူငယ်ချင်းတွေ ခဏနေရင် ကျူရှင်ဆင်းတော့မှာ။ ခုနေ မိုး ထွက်သွားရင် ဟိုကောင်တွေ ကပ်ပါလာတော့မှာ၊ တစ်ယောက်တည်း ဆက်ထိုင်နေရင်လည်း ကိုကြီးမြင်တဲ့အတိုင်းပဲ အဟင်း … ၊ ခဏလေးရယ် မကြာဘူးသိလား …”
          ပြောရင်း ဆိုရင်း သူ့ဘေးနားသို့ သူမပြောင်းထိုင်လိုက်သည့်ခဏ ညနေခင်း၏လေပြေထဲတွင် အေးမြညံ့သက်သည့် ရနံ့သစ်တစ်ခု စီးမျော လာသည်။ ကမ္ဘာမြေ၏ လှပမှုကို သတိမပြုမိခဲ့သည်မှာ ကြာပြီဖြစ်ကြောင်း သတိရလိုက်သည်။ သူမ၏ အပြုံးအောက်တွင် သူ့ဦးခေါင်းသည် လိုက်လျောခြင်း သင်္ကေတကို နှစ်ကြိမ်မြောက်အဖြစ် ပြလိုက်သည်။ ပန်းချီကားတစ်ချပ်ကို ညနေခင်းတစ်ခုမှာ ဆုံးရှုံးခဲ့ရဖူးသည်။ ကဗျာတစ်ပုဒ် ကတော့ ညနေခင်းတစ်ခုမှာပဲ သူ၏ နှလုံးသားတံခါးကိုလာခေါက်သည်။ အဲဒီလိုနှင့် မိုးဆိုသောမိန်းကလေးတစ်ယောက်ကို ညနေခင်းတစ်ခုမှာ ဆုံခဲ့ရသည်။ ထို့နောက်မှာတော့ … ။
          ٭٭٭٭٭                                        ٭٭٭٭٭                                        ٭٭٭٭٭
          “ ချစ်သွားပြီကလေးရေ … ဒီလိုလေးပဲ အမြဲတမ်းအတူနေချင် … မင်းကလေး ပြုံးတိုင်းလှ … ”
          “ ဒါဆို ငါ စလုံးသွားနေတုန်း အဲဒီကောင်မလေးနဲ့ ငြိသွားတယ်ဆိုပါတော့၊ ဟုတ်လား ဝဏ္ဏ …”
          ဆောင်းဘောက်မှသီချင်းသံကို တီးတိုးလိုက်ဆိုရင်း သက်အောင်၏အမေးကို သူခေါင်းညိတ် လိုက်သည်။ သက်အောင်က စီးကရက်မီးခိုး များကို မျက်နှာကျက်ဆီသို့ မှုတ်ထုတ်လိုက်ရင်း မျက်လုံးများကို မှေးစင်းကာ …
          “ ဒါဆို မင်းရဲ့ညိုကို မေ့နိုင်ပြီပေါ့ …”
          သောက်လက်စ လက်ဖက်ရည်ခွက်ကို ကမန်းကတမ်း ပြန်ချလိုက်ရင်း ….
          “ နိုး … နိုး ၊ ငါမမေ့သေးဘူး သက်အောင်။ ဘယ်တော့မှလည်း မေ့မှာမဟုတ်ဘူး။ တစ်ခါတစ်လေ မိုးနဲ့စကားပြောရင်း ဖြတ်ခနဲသတိရသွားတာမျိုးတောင်ရှိတယ်။ ရည်စားဦးဆိုတာ မေ့ပစ်ဖို့မှ မဟုတ်တာ၊ မေ့သွားတယ်ဆိုရင်လည်း ညာတာပဲဖြစ်မှာ။ နောက်ပြီး မိုးက ညို့နေရာကို အစားထိုးတာ မဟုတ်ဘူး၊ ညိုက ညိုပဲ၊ မိုးက မိုးပဲ။ နှစ်ယောက်စလုံးကို မတူတဲ့အချစ်နဲ့ချစ်ခဲ့တာကွ။ ညိုက ငါ့အတွက် ပန်းချီကား တစ်ချပ်ဆိုရင် မိုးက ကဗျာတစ်ပုဒ်ပဲ ….”
          “ သတိထား ငါ့ကောင်ရေ၊ ဝက်သက်ဆိုတာမျိုးက ကြီးမှပေါက်ရင် သေတာပဲဟ …”
          “ ငါ့ရဲ့ ကဗျာလေးအတွက်ဆိုရင် သေခြင်းတရားဆိုတာက ဝိုင်တစ်ခွက်ရဲ့ အရသာမျိုးလောက်ပဲ နေမှာ သက်အောင်၊ မင်းလည်း ဝိုင်တစ်ခွက်ကို မက်မက်မောမောသောက်ချင်လာတဲ့တစ်နေ့ဆိုတာ ရောက်လာဦး မှာပါကွ ဟားဟား၊ မြင်ယောင်သေးတယ်ကွာ … ”
          မျက်နှာကြီးမဲ့ရွဲ့ပြီး ပါးပြင်မှ အသားဆိုင်တွေ လှုပ်ခါသွားအောင် ခေါင်းရမ်းနေသည့် သက်အောင်ကို ကြည့်ရင်း သူဟက်ဟက်ပက်ပက် ရယ်မောမိသည်။ မိုးရည်းစားဟောင်း ကောင်လေးနှင့် လူငယ်ဆန်ဆန် ဖြေရှင်းခဲ့ရမှုများ၊ မိုးကျူရှင်ပြန်ချိန် သူဘေးမှာရှိပါလျက်နှင့် စကားလိုက်ပြော သည့်ကောင်လေးများနှင့် ကျင်းပခဲ့ရသည့် လမ်းဘေးရန်ပွဲများ၊ မိုးနှင့် အဆင်မပြေ၍ သည်းသည်းမည်းမည်း ရွာနေသည့်  မိုးရေထဲမှာ တစ်ညလုံး ထိုင်နေမိခဲ့ခြင်းများ၊ သူနှင့် သဘောမတူ၍ ကျောင်းပြီးသည်နှင့် တစ်ခြားတစ်ယောက်နှင့် လက်ဆက်ပေးရန် စီမံနေကြသည့် မိုးအသိုင်းအဝိုင်းဘက်မှ အခြေအနေများ၊ သူနှင့် မိုး၏ ဆုံးဖြတ်ချက်များ။ ဒါတွေအားလုံးကိုသိရလျှင် ဘယ်လိုမှတ်ချက်တွေ ပေးဦးမည်မသိ။ မိုးစာမေးပွဲက တစ်လလောက် တော့ လိုသေးသည်။ လောလောဆယ်လိုအပ်နေသည်က သက်အောင်ထံမှ အကူအညီ။ သူလက်ထဲမှ စီးကရက်ကို ပြာခွက်ထဲထိုးခြေလိုက်သည်။ ထို့နောက် …. ။
          “ ဒီမှာ သူငယ်ချင်း …”
          ٭٭٭٭٭                                        ٭٭٭٭٭                                        ٭٭٭٭٭
          “ ဒီထက် မြန်မြန်မမောင်းနိုင်တော့ဘူးလား … ”
          “ ဒါ ဂျစ်ဟ၊ ဂျက်မဟုတ်ဘူး၊ အချိန်မှီရောက်ဖို့က ငါ့တာဝန်ထားလိုက်။ ရာသီဥတုကလည်း ငါတို့ဘက်မှာကွာ၊ ဘာလိုသေးလည်း …”
          “ …………………………. ”
          ကုန်ကားကြီးတစ်စင်းကို ရှောင်လိုက်စဉ် သူ့စကားသံက တိုးဝင်ပျောက်ကွယ်သွားသည်။
          “ ဆောရီးကွာ သူငယ်ချင်း၊ ငါစိတ်လောသွားတယ်၊ ညိုနဲ့တုန်းက နောက်ကျခဲ့ရတဲ့အဖြစ်ကို ပြန်အမှတ်ရသွားမိလို့ပါကွာ ….”
          သူ့စကားအဆုံး သက်အောင်ခြေထောက်က လီဗာထက်မှ မကြွတော့။ ဟိုစဉ်က သူရောက်သွားချိန် တွင် ညိုမရှိတော့သည့် ခုံတန်းလေးပေါ်မှာထိုင်ရင်း အသည်းကွဲကဗျာတစ်ပုဒ်ရေးခဲ့ဖူးသည့်အဖြစ်က တစ္ဆေတစ်ကောင်လို ခြောက်လှန့်နေဆဲဖြစ်သည်။ ထိုအသည်းကွဲ ကဗျာကိုပင် မိုးကြိုက်သည်ဆို၍ စာအုပ်ထဲတွင် သူရေးပေးခဲ့ရဖူးသည်။ လမ်းမှာသွားလာနေကြသည့် အရာအားလုံးသည် လိုအပ်သည်ထက် နှေးကွေးနေသလား ထင်ရသည်။ လူတွေ ဘာ့ကြောင့်နှေးကွေးနေကြတာလဲ။ ရှေ့မှနှေးတုံ့နှေးတုံ့ သွားနေသည့် ထွေလာဂျီတစ်စီး။  နောက် လိုက်ထရပ်တစ်စီး …။
          “ ကျော်ကွာ … ”
          နောက်ထပ် ကုန်အပြည့်နှင့် ဒိုင်နာ။ ပြီးတော့ ရိန်းဂျားကားကြီးတစ်စင်း။ အားလုံးသောကားတွေကို သက်အောင် ဖြတ်ခနဲ ဖြတ်ခနဲကျော်ပစ်လိုက်သည်။ နောက်ပြီး သူ့ကို နှုတ်ခမ်းတစ်ချက်တွန့်ကာ ပြုံးပြလိုက်သေးသည်။
          “ ရှေ့ကြည့် ကိုယ့်လူ ရှေ့ကြည့်၊ ငါအိမ်ထောင်မပြုလိုက်ရဘဲ ပေါလ်ဝေါ့ကာဖြစ်သွားလိမ့်မယ် …”
          ٭٭٭٭٭                                        ٭٭٭٭٭                                        ٭٭٭٭٭
          ကံကောင်းသည်ဟု ဆိုရမည်။ ရာသီဥတုကလည်း ကိုယ့်ဘက်မှာမဟုတ်လား။ ချစ်သူလေးဆီသို့ အချိန်မှီရောက်ခဲ့သည်။ သူရောက် သွားချိန်တွင် မိုးက နာရီပေါက်စလေးကို ကြည့်ကာ ငိုမဲ့မဲ့ဖြစ်နေပြီ။ သက်အောင်၏ ကျွမ်းကျင်မှုကြောင့်သာ သူမိုးဆီသို့ အချိန်မှီရောက်ခဲ့ ရခြင်းဖြစ်သည်။ လမ်းခရီးမှာ ကြုံခဲ့ရသည့် အခက်အခဲများ၊ သည်းထိတ်ရင်ဖို ရှောင်တိမ်းခဲ့ရသည့်ကားများ၊ သူဘာမျှ မတွေးချင်တော့။ သက်အောင် ကိုတော့ မင်္ဂလာဆောင်ပြီးမှပဲ ဆပ်ပလိုင်းကောင်းကောင်း လုပ်ပေးတော့မည်။ ခုလောလောဆယ်မှာတော့ … ။
          သူလာမည့်လမ်းဆီသို့ မျှော်ငေးနေသည့် မိုးကို ကျီဆယ်လိုစိတ်ဖြင့် ပန်းခြုံများကိုကွယ်ကာ တစ်ဖက်ကပတ်လာခဲ့လိုက်သည်။ အနားသို့သူရောက်သွားချိန်တွင် မိုးတီးတိုးရွတ်ဆိုနေသည်က တစ်ခါက သူရေးပေးခဲ့ဖူးသည့် အသည်းကွဲကဗျာ။ မဆိုပါနဲ့မိုးရယ် ကိုယ်အချိန်မှီ ရောက်ခဲ့တယ်လေ။ သူဖြတ်ခနဲ မိုးရှေ့သို့ရောက်သွားသည်။ အို မိုးမျက်ဝန်းများ မျက်ရည်တွေနဲ့ပါလား။ သူ မရှက်နိုင်တော့။ မိုးရှေ့မှာ ဒူးထောက် ထိုင်ချလိုက်သည်။
          ထိုစဉ် အရှိန်ပြင်းပြင်း ဘရိတ်ဖမ်းသံနှင့်အတူ ပန်းခြံအပြင်ဘက်လမ်းမဘေးမှ ပရာဒိုကားနက် တစ်စီးထိုးစိုက်လာသည်။ ကားထဲမှ ဆင်းလာကြသူများက မိုးဖေဖေနှင့် မိုးမေမေ။ နောက်ပြီးတစ်ချိန်က မိုးချစ်သူကောင်လေး။
          သူနားမလည်နိုင်တော့။ သူအချိန်မီ ရောက်ခဲ့ပါလျက်(နောက်ကျလျှင်တောင် မိနစ်အနည်းငယ် သာဖြစ်မည်)၊  သူတစ်ယောက်လုံး ရှိနေခဲ့ပါလျက် မိုးက သူတို့တတွေနှင့် ပြန်လိုက်သွားရတာလဲ။ မိုးက စိတ်ကောက်လွယ်သလောက် စိတ်ဆိုးပြေလွယ်တာကိုလည်း သူသိထားသည်။ မိုးသူ့ကို စိတ်နာသွားတာ လား။ သူဘာအမှားတွေ လုပ်ခဲ့မိလို့လဲ။ မိုးနောက်ကျောကိုကြည့်ရင်း သူအသံကုန်ဟစ်လိုက်သည်။
          “ မိုး …”
          ဖြတ်ခနဲလှည့်ကြည်လာသည့် ချစ်သူ့မျက်နှာကို တဒင်္ဂတွေ့လိုက်ရသည်။ သူ့ကိုမြင်ပုံမရသလို လူမရှိတော့သည့် ခုံတန်းလေးကို ငေးကြည့်သွားသည့် မိုးအကြည့်ကြောင့် သူဝေခွဲမရ ဖြစ်ရသည်။ မျက်ဝန်းမှ မျက်ရည်တွေကို လက်အစုံနှင့် ခပ်ကြမ်းကြမ်းသုတ်လိုက်ရင်း လမ်းမ၏အခြားတစ်ဖက်ကို ကြည့်လိုက်သည်။ ဂျစ်ကားဘေးမှာရပ်နေသည့် သက်အောင်၏ပုံရိပ်က ညနေခင်း၏အလင်းဖျော့ ကောင်းကင် အောက်တွင် မှုန်ဝါးလွန်းလှသည်။ လမ်းမပေါ်သို့သူပြေးထွက်လိုက်ချိန်တွင် မိုးကိုသယ်ဆောင် သွားသည့် ကားနက်ကြီးက တရှိန်ထိုးမောင်းထွက် သွားသည်။ သူထိုကားနောက်သို့ ပြေးလိုက်ခဲ့ လိုက်သည်။ လမ်းဆုံတစ်နေရာတွင် ကုန်ကားကြီးတစ်စင်းနှင့် မျက်နှာချင်းဆိုင် အက်ဆီးဒင့်ဖြစ်ထားသည့် တွန့်လိမ်ချိုင့်နေသည့် ဂျစ်ကားတစ်စီးကို ဝိုင်းအုံကြည့်နေသည့် လူတစ်စုကို တိုးဝှေ့မနေရဘဲ လျှင်လျှင်မြန်မြန်ပင် ကျော်ဖြတ်ပစ်လိုက်သည်။ အရာအားလုံးသည် နောက်တွင် ရိပ်ခနဲ၊ ရိပ်ခနဲ ကျန်ရစ်ခဲ့ကြသည်။ အိုး သူ့ခြေလှမ်းတွေက ပေါ့ပါးလွန်းလှချည်လား ။
٭٭٭٭٭                                        ٭٭٭٭٭                                        ٭٭٭٭٭
          နောက်ထပ် ခြောက်လခန့်အကြာတွင် မြို့ကလေးရှိ ခြံဝန်းကျယ်ကြီးနှင့် ခမ်းနားကြီးကျယ်သည့် တိုက်ကြီးထဲမှ လူတွေအားလုံး ပြာယာခပ် လှုပ်ရှားလျှက်ရှိသည်။
          “ ရေချိုးခန်းထဲမှာရော …”
          “ ဟိုနား ဒီနားများလား …”
          “ အိပ်ခန်းထဲမရှိတာ သေချာရဲ့လား ….”
          မင်္ဂလာဆောင်မည့် မနက်တွင် သတို့သမီးပျောက်သွားသည့် ဖြစ်လေ့ဖြစ်ထရှိသော မထူးဆန်း သည့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ခြင်းသာဖြစ်သည်။ ထူးဆန်းသည်က ပျောက်ဆုံးသွားသည့် သတို့သမီးလေးသည် သေသည်ရှင်သည် မသိရဘဲ နှစ်ပေါင်းများစွာကြာသည့် ယနေ့ထိတိုင် သတင်းမကြားရတော့ခြင်းဖြစ်သည်။
          မြို့ကလေးရှိ မြို့သူမြို့သားများသည် မျက်နှာစိမ်း ကဗျာဆရာလေး သေဆုံးခဲ့ရသည့် အကြောင်းအရာကိုလည်းကောင်း ၊ မင်္ဂလာဆောင်မည့် မနက်ခင်းမှာ ပျောက်ဆုံးသွားသည့် မိုးဆိုသည့် မိန်းကလေးအကြောင်းကိုလည်းကောင်း၊ ညနေခင်းတိုင်းတွင် မုတ်ဆိတ်စုတ်ဖွား၊ ဆံပင်ညှင်းသိုးသိုး၊ ဖောသွပ်သွပ်မျက်နှာနှင့် ယစ်ရွှေရည်ဆိုင်တွင် စကားမပြောဘဲ တစ်ယောက်ထဲထိုင်နေတတ်သည့် ကောင်ကလေးတစ်ယောက် အကြောင်းကိုလည်းကောင်း စကားဝိုင်းမဖွဲ့ကြတော့။ အသစ်အသစ်သော အကြောင်းအရာများကြားတွင် ထိုအဖြစ်အပျက်များသည် ရိုးအီသွားကြပြီ။ သို့မဟုတ် မေ့လျော့ သွားကြပြီဖြစ်သည်။
          မေ့မသွားနိုင်သည်က မြို့ကလေးဖြစ်သည်။ ထိုလူသားသုံးယောက်၏ နှလုံးသားတွေ နာကျင်ခဲ့ရသော အကြောင်းတရားသည် ဘယ်အရာတွေကြောင့်လဲ၊ ဘယ်သူတွေကြောင့်လဲ ဆိုတာကိုတော့ ယနေ့ထက်တိုင် အဖြေရှာမရဖြစ်နေဆဲပင်ဖြစ်သည်။ ထိုပုစ္ဆာ၏ အဖြေကို သိရှိသူများမှာလည်း ……။

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
٭٭٭٭٭                                        ٭٭٭٭٭                                        ٭٭٭٭٭

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း