ကျွန်တော်နှင့် မျက်ဝန်းတို့၏ ဘာသာစကား



ကျွန်တော်နှင့် မျက်ဝန်းတို့၏ ဘာသာစကား
ရသစာတမ်း
          မျက်လုံး ဆိုတာ စိတ်ရဲ့ပြူတင်းပေါက်လို့ သူငယ်ချင်းတစ်ချို့ပြောတာကို ကြားမိသည့်နောက်ပိုင်း မျက်လုံးဆိုသောအရာတွေကို ဂရုတစိုက်စောင့်ကြည့်ဖြစ်ခဲ့သည်။ အစပိုင်းတွင် တမင်တကာ စောင့်ကြည့်ရ သော်လည်း သိပ်မကြာသောကာလတွင် လူတစ်ယောက်ကို မြင်လိုက်သည်နှင့် ပထမဦးဆုံး သတိထားမိ သောအရာမှာ မျက်လုံးများ ဖြစ်လာလေသည်။
ယောက်ျားလေး၊ မိန်းကလေး မခွဲခြားဘဲ မျက်လုံးများစွာကို စူးစမ်းပြီးသည့်နောက်မှာတော့ သိလာသော အရာတစ်ခုရှိသည်။ အလှတရား   ဖြစ်သည်။ မျက်လုံးသည် စိတ်၏ပြူတင်းပေါက် ဆိုသော်ငြား ပြူတင်းပေါက်မှ မြင်ရသည့်စိတ်ကို ဝိုးတဝါး မြင်မိယုံမှအပ ကောင်းစွာအကဲမခတ်တတ်ခဲ့ သည်မှာ သေချာသည်။ ရိုးသားစွာဝန်ခံရလျှင် လူကဲခတ်သည့် နေရာတွင်ကျွန်တော် အတော်လေးကို ညံ့ပါသည်။
သူငယ်ချင်းတစ်ယောက် အစဆွဲထုတ်လာသည်နှင့် မျက်လှည့်ဆရာရှေ့ရောက်နေသည့် ဆယ်နှစ်သားလေးလို အံ့သြဘနန်းနှင့် သူ့နှပ်ကြောင်းအတိုင်း လိုက်ခဲ့မိသည်။ အဆုံးသတ်ရောက်မှ ကိုယ့်နှဖူး တူနှင့်နှက်နေမှန်း သိလိုက်ရသည်။ တစ်ခါတစ်ရံတော့ ဂျိုကိုင်၍ ဝပ်ထရိန်း တိုင်ပေးနေမှန်းပင် မသိလောက်အောင်း တုံးပါသည်။ ဆိုလိုသည်က အရိပ်အကဲကြည့်ကာ ကိုယ့်ကို ချုပ်နေသလား၊ အုပ်နေသလား မသိအောင် ပိန်းပါသည်။ ထို့ကြောင့် မျက်လုံး များ၏ နောက်ကွယ်မှာရှိနေသည့် စိတ်ကို ကောင်းစွာ မဖတ်တတ်ခဲ့ပါ။ သို့သော် မျက်လုံးများ၏ အလှတရားကိုတော့ ကောင်းစွာခံစားတတ်ခဲ့ပါသည်။
တစ်ချို့မျက်လုံးလေးများက ကြည်တောက်နေသည့် မျက်ဝန်းညိုလေးများဖြစ်သည်။ တစ်ချို့ မျက်ဝန်းတွေက အကြင်နာကြီးသည့် မျက်ဝန်းညိုကြီးများဖြစ်သည်။ တစ်ချို့မျက်ဆံလေးများက အနက်ဖြစ်သည်။ ထိုမျက်ဆံနက်ကလေးများကို ထောင့်ကပ်ပြီးပြောလိုက်သည်နှင့် ကျွန်တော့်ကို ချောက်ချ နေကြ သူငယ်ချင်းတစ်ချို့ ချောက်ထဲကျကုန်တော့သည်။ တစ်ချို့မျက်ဝန်းတွေက ထူးထူးခြားခြား မလှသော်လည်း သူမမျက်ဝန်းတစ်ချက်အပင့်တွင် ကော်ရစ်ဒါမှာထိုင်နေသည့် ကျောင်းသားတစ်ချို့ တက္ကသိုလ်ကျောင်းသား အဖြစ်မှ ဘဝတ္ကသိုလ်သို့ ပြောင်းတက်ရန် အသင့်ဖြစ်သွားတတ်ကြသည်။ တစ်ချို့က သူမတို့၏ မျက်ဝန်းလေးများကို မျက်တောင်ကော့လေးများဖြင့် တဖြတ်ဖြတ်ခတ်လိုက်သည့်အခါ ကော်ရစ်ဒါမှလာရှိုးနေသည့် ငနဲသားမှာ အသည်းယားသွားသည်။ သို့မဟုတ် အူယားသွားသည်။ အသည်းတို့ အူတို့ယားတတ်သလား ဆိုသည်ကို အတိအကျမသိသော်လည်း မနေတတ် မထိုင်တတ်ဖြစ် သွားသည်မှာ သေချာသည်။
တစ်ချို့တွေ၏ မျက်လုံးက အနည်းငယ်မှေးသည်။ မျက်လုံးမလှသော်လည်း သူတို့အတွက် ဖြေရှင်းနည်းက အသင့်ရှိပြီး ဖြစ်သည်။ ကိုရီးယားမင်းသမီးလေးများလို မျက်နှာထက်တွင် အပြုံးတပ်ဆင်လိုက်သည့်အခါ ပြုံးနေသည့် မျက်လုံးလေးကြောင့် ချစ်စရာလေးဆိုသောအသံက ကျောင်းသားအတော်များများထံမှ ထွက်လာသည်။ မျက်လုံးအားနည်းသည့်အတွက်  ပါဝါပါသည့် မျက်မှန် လေးများတပ်ရသည့်တိုင် ချစ်ခင်နှစ်သက်ဖွယ်ရာမျက်ဝန်းလေးများကို ပိုင်ဆိုင်သည့် မိန်းကလေးတစ်ချို့ ကိုလည်း တွေ့မြင်ဖူးသည်။ အထက်တန်းကျောင်းတွင် ကျွန်တော်တိတ်တခိုး သဘောကျခဲ့ဖူးသည့် မျက်မှန်နှင့်သူငယ်ချင်းမလေး၏ ပုံရိပ်ကို ယခုထိတိုင်မြင်ယောင်မိဆဲဖြစ်သည်။
 တစ်ချို့မျက်လုံးလေးများက ရီဝေဝေနှင့် အလွမ်း မျက်လုံးဟုပင် ဆိုရမည်လားမသိ။ ထိုမျက်လုံးလေးနှင့် ခပ်ဆွေးဆွေးအကြည့်ခံရချိန်တွင် သက်ဆိုင်သူ ငတိမှာ ရန်ဖြစ်စိတ်ကောက်ထားသည့် စုံတွဲဖြစ်စေကာမူ တင်းထားသည့် ကျားတို့၏မာနသည် ကိုညီထွဋ်၏ အရည်တွေပျော်ကုန်ပြီ ဆိုသော တေးကို ညည်းကာ ပျော်ကျလာတော့သည်။ ကိုယ်တိုင်က အမှားမကျူးလွန်  ထားစေဦး ချစ်သူနှင့် စကားများမိ၊ ချစ်သူအပေါ် သဝန်တိုမိသည်ကပင် အပြစ်ကြီးကျူးလွန်ထားသလို ခံစားသွားမိတတ်ကြသည်။
ကျွန်တော့်သူငယ်ချင်း ကိုစိတ်တိုနှင့် မဆွေးတို့ စုံတွဲသည် မကြာခဏ စကားများတတ်ကြသည်။ ရန်ဖြစ်ကြသည်။ ကျွန်တော့်သူငယ်ချင်းစိတ်တိုက အဆောင်သွား၍ ကောင်မလေး အပြင်သွားသည် နှင့်ကြုံလျှင် စိတ်တိုတော့သည်။ ကောင်မလေးပြန်ရောက်လာမည့် အချိန်မှန်းကာ နောက်တစ်ခေါက် သွားမည်။ တွေ့လျှင် ထိုင်နေကြ အအေးဆိုင်ခေါ်မည်။ အအေးဆိုင်တွင် ရင်မအေးသည့် အကြောင်း များပြောကာ ပူလောင်ဆူပွက် ဒေါသထွက်မည်။ ထူးဆန်းအံ့သြဖို့ ကောင်းသည်မှာ ထိုအချိန်တွင် ကောင်မလေးဖြေရှင်းသည့် စကားလုံးများအားလုံးသည် ကျွန်တော့် သူငယ်ချင်း စိတ်ဆိုးဒေါသထွက်မည့် စကားလုံးများဖြစ်သည်။ နောက်တော့ ကောင်မလေးကို အဆောင်ပြန် ပို့မည်။ သူလည်း အဆောင် ပြန်ရောက်သည်နှင့် နံရံကို လက်သီးတဒုန်းဒုန်းထိုးမည်။
နှစ်ရက်သုံးရက် ကြာတော့ အဆောင်မရောက်ဖြစ်သော်လည်း စာသင်ခန်းရှေ့ကော်ရစ်ဒါကို ရောက်သွားမည်။ သူ့ကောင်မလေးကို မကြည့်ဘဲ ဟိုငေးဒီငေးလုပ်မည်။ ခေါင်းငုံ့နေသည့် မမြင်ချင် ယောင်ဆောင် နေသည့် သူ့ကောင်မလေးက ဘေးကအဖော်ပြောမှ ကိုယ့်လူကို ဖြတ်ခနဲလှမ်းကြည့်မည်။ ဟိုဒီငေးနေသည့် သူငယ်ချင်းက တိုက်ဆိုင်စွာ၊ အမြဲတမ်းလည်း တိုက်ဆိုင်ပါသည်။ ဖြတ်ခနဲအကြည့်တွင် မျက်လုံးချင်း ဆုံဖြစ်သွားသည်။ ကောင်မလေး ခေါင်းငုံ့သွားမည်။ နောက်တစ်ကြိမ် အကြည့်တွင် အရည်ပျော်အကြည့်ကို သူငယ်ချင်းထံသို့ ပို့လွှတ်မည်။ ကျွန်တော့်သူငယ်ချင်း အရည်ပျော်သွားမည်။ ပြီးလျှင် အပြစ်ရှိသလို ခံစားရမည်။ ထိုသို့ဖြင့် ခပ်ဆွေးဆွေးမျက်ဝန်းတစ်စုံအတွက် ကျွန်တော့်သူငယ်ချင်း အလုပ်များခဲ့ဖူးသည်။
သူငယ်ချင်းတွေ ရင်ခုန်ခဲ့ရသည့်၊ ရင်ခုန်ခဲ့ကြသည့် မျက်လုံးလေးများနှင့်အတူ ကျွန်တော် ရင်ခုန်မူးရီဖူးသည့် မျက်ဝန်းလေးတစ်စုံအကြောင်း ပြောပြချင်ပါသေးသည်။ သမင်မျက်လုံးလေးများကဲ့သို မျက်ဝန်းကြည်လေးလည်း မဟုတ်သလို ညှို့အားပြင်းသည့် မျက်ဝန်းတစ်စုံ မဟုတ်သည်မှာလည်း သေချာသည်။ သူမမျက်ဝန်းလေးကို မြင်လိုက်သည့် တခဏ
“ ချစ်စရာကောင်းလိုက်တာ”
ထိုသို့သော စကားမျိုး ယောင်ယမ်းထွက်သွားစေလောက်သည့် မျက်ဝန်းများဖြစ်သည်။ သူမ၏မျက်ဝန်းက ထိုသို့သော မျက်ဝန်းလေး ဖြစ်သည်။ ထိုမျက်ဝန်းလေးနှင့် မည်သူ့ကိုမျှ မဖမ်းစားသလို ၄င်း၏လှပမှုကို ကိုယ်တိုင်သိနေသည့် မျက်ဝန်းမျိုးလေးဖြစ်သည်။ ထိုမျက်ဝန်းလေးနှင့် မကြာခဏ ပြုံးတတ်သော်လည်း ထိုအပြုံးသည် မည်သူကိုမျှ ညှို့ယူဖမ်းစားရန် မရည်ရွယ်ကြောင်း သူမနည်းတူ ကျွန်တော်လည်း ခံစားသိဖြင့်သိသည်။ သူမနှင့် ကျွန်တော့်ကြားတွင် ခြားထားသည့်တံတိုင်းမှာ အတော်လေးကို မြင့်ပါသည်။ မေဂျာတူ တစ်ခန်းတည်း ဆိုသော်လည်း ရင်းနှီးခင်မင်ဖို့အရေးသည် သူမဘက်မှ ရှိနေကြသည့် တုံးတစ်ချို့ လျော့ချဖိုလိုသလို ကျွန်တော့်ဘက်မှလည်း တုံးတစ်ချို့ ခုဆင့်ဖို့ လိုအပ်ပါသည်။
“ ကိုယ်တွေ့နေပါတယ် … မင်းမျက်ဝန်းရဲ့အလှနဲ့ … ”
ထိုအချိန်က ဂစ်တာတီးတိုင်း ကျွန်တော်သီဆိုဖြစ်သည့်သီချင်းဖြစ်သည်။ ကံကောင်းထောက်မစွာ သူငယ်ချင်းများ၏ ဆက်စပ်ပတ်သက်မှုဖြင့် သူမနှင့်ကျွန်တော်ခင်မင်ခွင့် ရခဲ့သည်။ ထို့နောက်မှာတော့ မျက်ဝန်းလေးအတွက်ဆိုလျှင် ဘာမဆိုအသင့်ဖြစ်နေတတ်သည့် ကျွန်တော့်ကြောင့် ရင်တွင်းခံစားချက်ကို ဖွင့်ဟမတိုင်မိသည့်တိုင် သူငယ်ချင်းတို့ ရိပ်မိကြသည်။ ကျွန်တော်၏ သူငယ်ချင်းမလေးလည်း ရိပ်မိ မည်ထင်ပါသည်။
 ကျွန်တော်က လူကဲခတ်ညံ့သလို ဟန်ဆောင်ရာတွင် မတော်ကြောင်း သိနေကြသည့် သူငယ်ချင်း တို့၏ မြှောက်ပေးကြသည့် စကားလုံးတို့သည် ခေါင်းညိတ်ယုံမှအပ မည်သို့မျှ အစွမ်းမပြနိုင်ကြချေ။ ရင့်ကျက်မှုနှင့် သတ္တိတို့သည် သူမရှေ့တွင် လွင့်ပါးပျောက်ရှသွားသည်မှာ သူမ၏ မျက်ဝန်းလေးကြောင့် ဖြစ်သည်။ ထိုမျက်ဝန်းလေး စိတ်ဆိုးဒေါသထွက်မည့် ကိစ္စဆိုလျှင် ဘာတစ်ခုမျှ စိတ်မကူးမိအောင်ပင် မျက်ဝန်းလေးက ချစ်စရာကောင်းသည်။ မျက်ဝန်းလေးမှ စိတ်မဆိုးဒေါသမထွက်သည့်တိုင် ကျွန်တော့် ဘဝထဲသို့ ဆွဲမခေါ်ရက်သည်မှာ သူမအပေါ်ထားသည့် ချစ်ခြင်းမေတ္တာကြာင့်လည်း ဖြစ်သည်။
သူငယ်ချင်းများ အမြင်တွင်မူ ကျွန်တော်က ကြောင်တောင်တောင်နိုင်သော သတ္တဝါတစ်ကောင် ဖြစ်နေသည်။ သစ်ငုတ်တိုများသည်ပင် နှဲ့လွန်းသည့်အခါ နဲ့လာတတ်သည်ဆိုလျှင် သစ်ငုတ်တိုမဟုတ်သည့် ကျွန်တော်၏ စောင့်စည်းနိုင်စွမ်းတို့ လျော့ပါးလာသည်ကို ကိုယ်တိုင်ခံစားသိဖြင့် သိလာသည်။ သူမ နှလုံးသားတံခါးကို မခေါက်ဘဲနှင့်တော့ နှလုံးသားဧည့်ခန်းမဆီသို့ ဘယ်တော့မှ မရောက်နိုင်ဆိုသော အတွေးတို့ ဖြစ်ထွန်းလာသည်။ ဘယ်မိန်းကလေးကမှ စ-မစီးဘူးကွ မြောင်းဘဲသွယ်ပေးနိုင်တာ ဆိုသော စကားအဆီအနှစ်တို့ဖြင့် နှလုံးသားကို သြဇာကျွေးကြသည့်နောက်ပိုင်း ကျွန်တော် ဖွင့်ပြောရန် ဆုံးဖြတ်လိုက်သည်။
“ ကျောင်းပြီးသွားရင် ခုလိုတွေ့ခွင့်ရလိမ့်မယ် ထင်မနေနဲ့၊ အခွင့်အရေးဆိုတာ…”
သူငယ်ချင်းမလေးတစ်ယောက်၏ ခြိမ်းချောက်မြှောက်ပင့်သည့် စကားကြောင့်လည်း နောက်ဆုံးနှစ်ကျောင်းသားကျွန်တော် ဆုံးဖြတ်ချက်လုံးလုံးကျသွားခြင်းဖြစ်သည်။ ထိုနေ့သည် နေမပူဘဲ လေအေးလေးများ တိုက်နေသောနေ့ဖြစ်သည်။ မိုးကောင်းကင်ထက်မှ တိမ်သားထုတို့ အုံ့အုံ့ဆိုင်းဆိုင်းနှင့် ကမ္ဘာမြေဆီသို့ ချဉ်းကပ်လာနေသောအချိန်လည်း ဖြစ်သည်။ အဓိပတိလမ်းမဘေးရှိ ခုံတန်းပြာလေး ပေါ်တွင် ထိုင်ရင်း သူမလာမည့်ဂိတ်တံခါးဆီသို့ မကြာခဏငေးကာ သူမနှင့်တွေ့လျှင်ပြောမည့်စကားလုံး
တို့ကို စိတ်ကူးထဲမှာပင် စစ်ထုတ်စီစစ်နေသော အချိန်လည်းဖြစ်သည်။
ကြည့်ခဲ့ဖူးသည့် ရုပ်ရှင်ဇာတ်လမ်းများမှ မင်းသားနှင့် မင်းသမီး ချစ်ခွင့်ပန်သည့် ဇာတ်ကွက်မျိုးစုံကို မြင်ယောင်နေမိသည်။ သူမကို ချစ်ခွင့်ပန်နေချိန်တွင် အဓိပတိလမ်းမထက်         ၌ မိုးဖွဲလေးများ ကျဲသွန်နေစေ လိုသေးသည်။ ကျွန်တော်ချစ်သည့် သူငယ်ချင်းမလေးလက်ကိုတွဲကာ အဓိပတိလမ်းမထက်တွင် လမ်းလျှောက်လိုပါသေးသည်။ ကျွန်တော်တို့နှစ်ယောက်၏ အဖြစ်အပျက်သည် ရုပ်ရှင်ပြဇာတ်မဆန်ခဲ့ သည်မှာ သေချာသည်။ အဘယ့်ကြောင့်ဆိုသော် ထိုနေ့သည် … ။
ထိုနေ့သည် အဓိပတိလမ်းမထက်သို့ မိုးစက်များ သည်းသည်းမည်းမည်း ခုန်ဆင်းသောနေ့ လည်းဖြစ်သည်။ ထီးကိုယ်စီနှင့်စုံတွဲများ ထိုလမ်းမပေါ် လမ်းများကြသောနေ့လည်းဖြစ်သည်။ ထိုလမ်းမကြီး ဘေးရှိ ခုံတန်းပြာလေးပေါ်တွင် ကျောင်းဂိတ်ဝဆီသို့ငေးရင်း မိုးရွာထဲထိုင်နေသည့်  ကြောင်တောင်တောင် ငတိတစ်ကောင်ရှိသည်။ ထိုသူသည် ကျွန်တော်ဖြစ်သည်ဆိုပါလျှင် ထိုနေ့က ကျောင်းမတက်သူမှာ သူမ ဖြစ်သည်။
ရုပ်ရှင်ဇာတ်လမ်းထဲမှ မင်းသားများလို မိုးမိရုံဖြင့် မဖျားနာတတ်သော ကျွန်တော်သည် နောက်ရက် များတွင် သူမပြောပြသည့် စကားများကြောင့် နှလုံးသားလေး အအေးပတ်သွားပြီဆိုသည်ကို သိလိုက်ရသည်။ ထိုနေ့က သူမကျောင်းပျက်သည်မှာ ကျောင်းပြီးသည်နှင့် လက်ထပ်ရန် အိမ်ကသဘောတူ ထားသည့် ကိုကိုဒေါက်တာရောက်နေသောကြောင့်ဟူသော စကားတစ်ခွန်းနှင့် လက်ထဲမှဂစ်တာကို ချထားလိုက်တော့သည်။ ကဗျာပြောင်းရွတ်ရန် ကြိုးစားမိသည်အထိ ဖြစ်သည်။
“ လမ်းဘေးပန်းတော့ မဟုတ်ခဲ့ဘူး
  ရာသီလွန်မှ ပွင့်ခဲ့ရတဲ့ ပန်းရယ်ပါ။
  ပွဲမဝင်ခင်ထဲက ရှုံးနိမ့်ခဲ့ရတဲ့ ကိုယ်
  စင်ပေါ်တက်ခွင့် မရှိမှတော့
  ဖြတ်လျှောက်အဆင့်နဲ့ ကျေနပ်ရမှာပါ …”
ထို့နောက် ထို့နောက်မှာတော့ ပရက်တီကယ်၊ ကျူတိုရီယယ်အချိန်များမှအပ စာသင်ခန်းကို ရှောင်သည်။ သူမကို ရှောင်သည်။ သူငယ်ချင်းများကို ရှောင်သည်။ မကွဲဘဲ နာချင်နေသည့်အသည်းနှင့် အထက်တန်းကျောင်းအတူတက်ခဲ့ကြသည့် သူငယ်ချင်းများရှိရာ ဂျီတီစီသို့ ရွေ့သည်။ ကွန်ပျူတာသို့ ဝေ့သည်။ ကွန်ပျူတာတက္ကသိုလ်တွင် ထူးခြားသည့် မျက်ဝန်းလေးနှင့်ဆုံပြီးနောက်ပိုင်း ကျွန်တော်၏ အားလပ်ချိန်များအားလုံးကို ထိုနေရာသို့ ရွေ့ထားလိုက်သည်။
ထူးခြားမျက်ဝန်းလေးသည် ကျွန်တော်မြင်ဖူးသည့် လှပသည့်မျက်ဝန်းများလောက် မလှခဲ့ချေ။ ကျွန်တော်ချစ်ခဲ့မိသော သူငယ်ချင်းမလေး၏ မျက်ဝန်းများလောက် ချစ်စရာ မကောင်းသည်မှာလည်း သေချာသည်။ နာကျင်နေသည့်နှလုံးသားကို သက်သာပျောက်ကင်းသည်အထိ စွမ်းဆောင်နိုင်သော မျက်ဝန်းတစ်စုံလည်း မဟုတ်ခဲ့ချေ။ သို့သော် မျက်ဝန်းလေးသည် ကျွန်တော့်အတွက် ထူးခြားသည်။ ဆန်းကြယ်သည်။ ထိုမျက်ဝန်းလေးတွင် ဆွဲဆောင်မှုတစ်ခုခုရှိနေသည်။ ထိုမျက်ဝန်းလေးနှင့် အကြည့် ခံရလျှင် ကျွန်တော်ပျော်သည်။ ထိုမျက်ဝန်းလေးနှင့် အကြည့်ခံရမည်ကို ကျေနပ်နှစ်သက်သည်။ ထိုမျက်ဝန်းလေးနှင့် အကြည့်ခံရမည့်အဖြစ်ကို ကျွန်တော်က ရင်ခုန်စိတ်လှုပ်ရှားစွာ ခံယူလိုသူဖြစ်သည်။
ခံစားရသည့် နှလုံးသားဒဏ်ရာသည် အမာရွတ် မဖြစ်တဖြစ်အချိန်တွင် ထူးခြားသည့် မျက်ဝန်းလေး သည် ကျွန်တော်၏အိပ်မက်၊ ကျွန်တော်၏ မျှော်လင့်ချက်နှင့် ကျွန်တော်၏ ဘဝဖြစ်လာခဲ့သည်။ ထိုအချိန် တွင် ကျွန်တော်ရွတ်ခဲ့သော ကဗျာမှာ …
“ အိပ်မက်တွေနဲ့ ထုဆစ်ထားတဲ့ဘဝမှာ
  မဖြစ်နိုင်တာတွေ မျှော်လင့်ရင်း မက်ခဲ့တော့
  ဂယောက်ဂယက်နဲ့ အိပ်မက်ဟာ
  ဆောင်းတွင်းမှာ ယောက်ယက်ခတ်ဘူးတယ် …”
ဘွဲ့ဝတ်စုံတွေ ဝတ်ဆင်ပြီးနောက် သိပ်မကြာသောကာလတွင် ထူးခြားသည့် မျက်ဝန်းရှင်လေးသည် ကျွန်တော်၏ အိမ်ရှင်မဖြစ်လာခဲ့သည်။ ကျွန်တော်၏ သူငယ်ချင်းမလေးမှအပ သူငယ်ချင်းများအားလုံး မင်္ဂလာပွဲကို တက်ရောက်ချီးမြှင့်ကြသည်။ ထိုနေ့သည် ကျောင်းပြီးလျှင် လက်ထပ်တော့မည်ဆိုသော ချစ်စရာမျက်ဝန်းရှင် သူငယ်ချင်းမလေး ပြည်ပသို့ထွက်ခွာသောနေ့လည်း ဖြစ်နေသည်။
          သက္ကရာဇ်တွေ ကြီးထွားလာသည့်နည်းတူ ကျွန်တော့်ဦးခေါင်းထက်တွင် ဆံပင်ဖြူတို့ တိုးထွက်လာခဲ့ကြသည်။ မိုး၊ ဆောင်းနှင့်နွေတို့ စနစ်တကျလှည့်ပတ်ရင်း ကျွန်တော့်မျက်ဝန်းရှေ့တွင် ပါဝါပါသည့် မျက်မှန်တစ်စုံကို ကာထားခဲ့ရပြီဖြစ်သည်။ ဆယ်စုနှစ် တစ်ခုနှင့်တစ်ဝက်ဟူသောအချိန်သည် နှလုံးသားအနာကို ကျက်စေခဲ့သည်မှန်သော်လည်း ပုံပြင်ဟောင်းကို မေ့ပျောက်စေရန် မစွမ်းသာသည်က လည်း အမှန်ပင်ဖြစ်သည်။ တစ်ခါတစ်ရံ သူမဘယ်ရောက်နေသလဲ၊ ဘာလုပ်နေသလဲဆိုသော အတွေးမျိုးတွေးမိတတ်သေးသည်။ သူငယ်ချင်းဟောင်းများနှင့်ဆုံလျှင် သူမအကြောင်း စကား ဆက်စပ်မိတတ်သော်လည်း နှုတ်ဆိတ်နေတတ်သည်မှာ တားထားသည့် စည်းတစ်ချို့ကြောင့်လည်း ဖြစ်နိုင်သည်။
“ မောင် ကော်ဖီရပြီ …”
အတွေးလွန်ကာ မဖတ်ဘဲဖွင့်ထားသည့် စာအုပ်ကိုပိတ်ကာ ကော်ဖီခွက်ဘေးရှိ စားပွဲပေါ် သို့တင်လိုက်သည်။ ချစ်ဇနီး၏ ပြည့်ပြည့်ဖောင်းဖောင်း လက်ကလေးကိုဆွဲ၍ လက်ဖမိုးလေးကို အသာ ငုံ့နမ်းလိုက်သည်။ မော့်ကြည့်လိုက်တော့ ငုံ့ကြည့်နေသည့် ချစ်ဇနီး၏ မျက်ဝန်းများ။ ဟိုစဉ်တုန်းက အဓိပ္ပါယ်တိတိကျကျ ခွဲခြားမသိနိုင်၍ ထူးခြားသည်ဟု ခံစားမိစေခဲ့သော မျက်ဝန်းများကို တွေ့လိုက်ရသည်။ ယခုတော့ ထိုထူးခြားမျက်ဝန်းလေး၏ အရိပ်ကို ကျွန်တော်သိလိုက်ရပြီ။ ယုံကြည်ကိုးစားခြင်းနှင့် ချစ်ခြင်း မေတ္တာတို့ပြည့်လွှမ်းနေသော မျက်ဝန်းလေးဖြစ်သည်။
“ သားကြီးရော …”
“ အိမ်စာလုပ်နေတယ်၊ ပြီးရင် မုန့်ဝယ်ကျွေးမယ်လို့ ပြောထားတယ်ဆို …”
ဧည့်ခန်းဘက်ဆီသို့ ဇနီးသည်ထွက်သွားသည့် အခါမှာတော့ ကော်ဖီသောက်ရင်း စာကြည့်ခန်း ထဲမှပင် အတွေးတို့ကို ဆက်လက်ရွက်လွှင့်ဖြစ်သည်။ မျက်ဝန်းဘာသာစကားနှင့် ပတ်သက်သည့် စာအုပ် တစ်အုပ်လောက်ရှိလျှင်ကောင်းမည်ဟု မဆီမဆိုင်တွေးလိုက်မိသေးသည်။
“ ဖေကြီး အိမ်စာပြီးသွားပြီ၊ ကတိ ကတိ …”
လက်သန်းလေးကွေးကာ ကတိသင်္ကေတလုပ်ပြနေသည့် သားကြီးမျက်ဝန်းကို ကြည့်လိုက်မိသည်။ သည်မျက်ဝန်းထဲမှ ချစ်ကြည်ကိုးစားမှုနှင့် မျှော်လင့်ခြင်းတို့ လျော့ပါးမသွားစေရန်အတွက် အဝတ်အစား လဲကာ မြို့ထဲဘက်ထွက်ခဲ့လိုက်သည်။ သားကြိုက်သည့် ကြက်သားမုန့်ရှိရာ ကော်ဖီဆိုင်သို့ဖြစ်သည်။
မှန်တံခါးကို တွန်းဖွင့်ဝင်လိုက်စဉ် မျှော်လင့်မထားသည့် ပုံရိပ်တစ်ခုကြောင့် ရင်အစုံက ဒိတ်ခနဲခုန် သွားသည်။ အံ့သြရိပ်တို့ တဒင်္ဂစွန်းထင်းသွားသည့် သူမမျက်နှာထက်မှ ပုံရိပ်ကိုလည်း သတိထား လိုက်မိသည်။ စိတ်ချင်းဆက်သွယ်မိတယ် ဆိုတာများလား။ မကြာသေးမီက ကျွန်တော့်စိတ်အတွေးထဲမှာ ရှိနေသည့် သူမသည် ယခုအခါ ရှေ့တည့်တည့်သို့ ရောက်နေပြီဖြစ်သည်။ တစ်ချိန်က ကျွန်တော်၏ သူငယ်ချင်းမလေးဖြစ်သည်။ ချစ်စရာမျက်ဝန်းရှင် သူငယ်ချင်းမလေးဖြစ်သည်။ သူမ မျက်ဝန်းတွင် အပြုံးလေးတစ်ခုချိတ်ဆွဲမိစဉ် ကျွန်တ်ေနှုတ်ဖျားမှ …
“ ပြန်ရောက်တာကြာပြီလား …”
“ မကြာသေးဘူးဟ၊ နင်ကလွဲလို့ သူငယ်ချင်းတော်တော်များများသိတယ် …”
သူမသည် ဆယ့်ငါးနှစ်နီးပါးဝေးကွာခဲ့သည့် သူငယ်ချင်းတစ်ယောက်အတွက် စကားလုံးများ ခမ်းခြောက်မနေလောက်ဟု ထင်ပါသည်။ ကျွန်တော့်အတွက်မူ ခေါင်းစဉ်တပ်မထားသည့်  ပြောစရာ စကားများ ရှိနေသည်။ မုန့်စားလာသည်မှာ တစ်ယောက်ထဲဖြစ်နေ၍ သူမ၏ ကိုကိုဒေါက်တာမပါဘူးလား သို့မဟုတ် ယခုချိန်ထိတိုင် (Single)လား ဆိုတာမျိုးကို  မဆိုင်တော့သော်လည်း သိချင်နေသေးသည်။
ကော်ဖီဆိုင်၏ အပေါ်ထပ်သို့ နှစ်ဦးသားတက်လာစဉ် ခုန်နေသည့်ရင်ကို မတွေ့တာကြာပြီဖြစ်သည့် သူငယ်ချင်းနှင့် ဆုံရသောကြောင့်ဟု ခေါင်းစဉ်တပ်လိုက်သည်။ သူမက မုန့်စားပြီးစဖြစ်၍ ဘာတစ်ခုမျှ မမှာသောကြောင့် ကော်ဖီသောက်ပြီးသည့်ကျွန်တော်က ရေခဲမုန့်သာမှာလိုက်သည်။ မတွေ့ဖြစ်သည့် နှစ်များအတွင်းမှ အဖြစ်အပျက်အကြောင်းအရာတို့ကို ဟိုရောက် သည်ရောက် ပြောဖြစ်ကြသည်။
“ နင်ရော ကလေးနှစ်ယောက်နဲ့ စိုပြေနေတယ်ဆို …”
“ အေးဟ … နင်ရော …”
ကျွန်တော်သိလိုသည့် မေးခွန်းကို ချက်ချင်းပင် ကောင်တာ(Counter)ပြန်လိုက်သည်။ သူမထံမှ ရယ်သံညင်းညင်းနှင့်အတူ ငတုံးဆိုသောအသံ ထွက်လာသည်။
“ ခုနေခါမှာ ငါမပြောသင့်တဲ့ စကားရှိတယ်၊ ဘယ်တော့မှ မပြောဘူးလို့ ဆုံးဖြတ်ထားတဲ့ စကားပေါ့၊ ဒါပေမယ့် ခု ငါပြောတော့မယ်၊ ဒါမှ နင်ဘယ်လောက်တုံးတယ်ဆိုတာ သိအောင်လို့ …”
“ ဟမ် …”
ကျွန်တော် သူမမျက်ဝန်းဆီမှာ အဓိပ္ပါယ်ရှာကြည့်သည်။ ပြောလာမည့်အကြောင်းအရာ၏ အရိပ်အယောင်ကိုပင် ရှာဖွေမရခဲ့။ သူမမျက်ဝန်းလေးများသည် ဟိုစဉ်တုန်းကအတိုင်း ချစ်စရာကောင်း သည်မှလွဲ၍ ကျွန်တော်အကဲမခတ်နိုင်ခဲ့ချေ။ ချစ်စရာမျက်ဝန်းလေး၏နောက်တွင် ခပ်နက်နက်အဓိပ္ပါယ်တို့ ရှိတတ်ကြောင်း ဘာ့ကြောင့်များ ကျွန်တော် အတိတ်ကာလက မသိခဲ့ရပါလိမ့်ဆိုသောအတွေးနှင့် သူမပြော မည့်စကားကို နားစွင့်ထားလိုက်မိသည်။
“ ကျောင်းပြီးရင် အိမ်ကသဘောတူထားတဲ့ ဆရာဝန်နဲ့ လက်ထပ်တော့မှာလို့ မဟုတ်ဘဲနဲ့ ငါနင့်ကို ညာပြောခဲ့တာ ဘာ့ကြောင့်လဲ သိလား …”
မေးခွန်းတစ်ခုကို ချန်ထားပြီး သစ်ရွက်ကြွေလေးတစ်ရွက် လေပြေဝေ့သွားသလို သူမထွက်သွား သောအခါ စားပွဲတွင် ကျွန်တော်နှင့် ရေခဲမုန့်တစ်ခွက် ကျန်နေရစ်ခဲ့သည်။ သူမမေးသွားသည့် မေးခွန်း၏ အဓိပ္ပါယ်ကို သူမနှင့် ကျွန်တော်၏ သူငယ်ချင်းများအားလုံး သိခဲ့ကြပါလိမ့်မည်။ ကျွန်တော် တစ်ယောက်မှ လွဲ၍ ဖြစ်သည်။ ယောင်တောင်တောင်နှင့် ရေခဲမုန့်ကို ခပ်စားလိုက်သည်။ ဇွန်းကို ပြန်မနှုတ်မိ။
မျက်ဝန်းတို့၏ ဘာသာစကားသည် ခက်ခဲနက်နဲလွန်း၍လား၊ ကျွန်တော်ကိုယ်တိုင်ကပဲ တုံးအ လွန်းသည်လား မသိတော့။ ဆယ်စုနှစ်တစ်ခုကျော် ပေါင်းသင်းလာသည့် ဇနီးသည်၏ မျက်ဝန်းအဓိပ္ပါယ်ကို ယနေ့မှပင် ဖော်နိုင်ခဲ့သည်။ ချစ်သော၊ ချစ်ခဲ့ဖူးသော သူငယ်ချင်းမလေး၏ မျက်ဝန်းအဓိပ္ပါယ်ကို ယနေ့ထိ တိုင် မဖော်နိုင်ခဲ့။ မဖော်တတ်ခဲ့ချေ။ ထိုမျက်ဝန်းလေး၏နောက်တွင် လေးနက်သော အဓိပ္ပါယ်တို့ ရှိခဲ့ဖူး ကြောင်း ရိပ်မိယုံသာ ရှိခဲ့သည်။
ထိုနေ့က ကော်ဖီဆိုင်၏ မှန်တံခါးကိုတွန်းဖွင့်ပြီး လွတ်လပ်ပေါ့ပါးစွာထွက်ခွာသွားသည့် အမျိုးသမီး သည် သူမဖြစ်သည်ဆိုပါလျှင် ကော်ဖီဆိုင်၏အပေါ်ထပ်ရှိ စားပွဲတစ်ခုတွင် ရေခဲမုန့်တစ်ခွက်နှင့် ငေါင်တောင်တောင်ထိုင်နေသော အမျိုးသားမှာ ကျွန်တော်ဖြစ်လေသည်။ ထိုနေ့သည်...။

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း