ပညာပြချင်လိုက်တာ


 
ပညာပြချင်လိုက်တာ

ကျွန်တော် မဂ္ဂဇင်းစာအုပ် တစ်အုပ်အတွက် စာစီအပ်တယ်။ (အရင် မဂ္ဂဇင်းတွေလည်း အပ်နေကျပါ)။ ရိုက်နေကျ ဖောင့်၊ ဆိုဒ် ကို (Page maker) နဲ့ ရိုက်ဖို့ သတိပေးတယ်။ (အရင်တစ်ခါတုန်းက Microsoft Word နဲ့ ရိုက်ပေးထားလို့)

စာမူတွေကို သုံးလေးပုဒ် တစ်ခါ အပ်တယ်။ (တစ်ခါတည်း အများကြီးဆို စာကျန်တာတွေများမှာစိုးလို့ အချိန်ပေးတဲ့သဘောပါ)

တစ်ပတ်လောက်ကြာမှ နောက်ထပ် စာမူအသစ် ရိုက်ခိုင်းတယ်။ အရင်ရိုက်ပြီးသား စစ်ဖို့ပြန်ယူတယ်။ (Soft Copy မယူသေးဘူး၊ စာလုံးအကျအပေါက်ပြင်ပြီးမှ အားလုံးယူမယ်ပြောထားတယ်)

ရိုက်ပြီးသားတွေ အားလုံးပြန်စစ်တော့ စာလုံးအမှား၊ အကျအပေါက်တွေအပြင် စာပိုဒ်လိုက် ကျန်ခဲ့တာတွေ တွေ့တယ်။ စာရေးဆရာအမည်တွေကျန်တယ်၊ နာမည်စာလုံးပေါင်းတွေ မှားတယ်။ (စိတ်ထဲ သိပ်ခံတွင်းမတွေ့တော့ပေမယ့် တစ်ရက်အချိန်ပေးပြီး မှားတဲ့၊ ကျန်တဲ့စာတွေကို သူတို့တွေနား ထိုင်ပြီး ပြင်ခိုင်းရပါတယ်)***ဒါလေးတွေ ပြင်ထားပေးပါဆိုရင် အကုန်လုံးပြင်မပေးတတ်တာကြောင့်ပါ***

သူတို့ထမင်းစားချိန်ကျော်လာတာကြောင့် (Soft Copy) ပဲ အားလုံးကူးပေးလိုက်တော့ဆိုပြီး ပြန်လာပါတယ်။ (နည်းနည်းကျန်တာကိုတော့ ကိုယ့်ဘာသာပဲ ဒီဇိုင်းဆရာနဲ့ ပြင်တော့မယ် စိတ်ကူးလိုက်ပါတယ်)

ဒီဇိုင်းဆရာကို (USB) ပေးလိုက်တော့ နောက်ရက် ကိုယ့်အိမ်ပြန်ရောက်လာတယ်။ (ဝတ္ထု၊ ဆောင်းပါး ၁၁ ပုဒ် စတစ်ထဲ ပါမလာဘူးတဲ့)

ကျွန်တော် သေချာပြောရက်နဲ့ ကျန်ခဲ့တော့ စိတ်တိုသွားပါတယ်။ (အဲဒီလို စိတ်တိုသွားလို့လဲ သူတို့ ပညာပြတာ ဖြစ်နိုင်ပါတယ်)

သူတို့ အလုပ်က အိမ်ကို နေရာပြောင်းထားတာပါ။ ကျွန်တော် စာလုံးပေါင်းအမှားတွေ သူတို့တွေနဲ့ ပြင်တဲ့ အိမ်ထဲက (Computer) မှာပဲ လိုတဲ့ စာမူတွေ ထပ်ဖြည့်ခိုင်းပါတယ်။ အဲဒီအချိန် အမျိုးသမီးတစ်ယောက် ရေမိုးချိုးပြီး အဲဒီအိမ်ထဲမှာပဲ အလှပြင်နေတယ် ထင်ပါတယ်။ ကျွန်တော်တို့ အလုပ်လုပ်နေတဲ့ စားပွဲနဲ့ သိပ်မဝေးဘူး။ ကျွန်တော်လည်း ကိုယ့်ဒေါနဲ့ ကိုယ်၊ ကိုယ့်ဇောနဲ့ ကိုယ် ဆိုတော့ အလုပ်ပြီးဖို့ပဲ အာရုံထားမိတယ်။ အခုပြီးထားမှ ညကို ဒီဇိုင်းဆရာက အလုပ် လုပ်နိုင်မှာ မဟုတ်လား။ (ညကျမှ အခါတိုင်းလိုပဲ တစ်နေ့တာ လုပ်ခဲ့သမျှ ပြန်သုံးသပ်မိတော့ နေ့လည်က ကျွန်တော် စိတ်လောသွားတာကို သတိပြုမိတယ်။ ဝန်ထမ်းကောင်လေး သုံးယောက်နဲ့ ကျွန်တော် ရှိခဲ့တာဆိုပေမယ့် ကျွန်တော်က တစိမ်းလေ။ နောင်ကို ဆင်ခြင်ရမယ်ဆိုပြီး မှတ်ထားလိုက်တယ်။ ဝန်ထမ်းကောင်လေးတွေအပေါ် စကားသံတောင် မမာခဲ့တာမို့ ပညာပြတာဆိုရင် အဲဒီဖောင်းကြောင့်ပဲ ဖြစ်မယ်ထင်ပါတယ်။ ဟုတ်ချင်မှလည်း ဟုတ်မယ်။)

ကျွန်တော် အားချင်း လုပ်လိုက်တာ ကောင်းသွားတယ်။ ရက်မပုတ်တော့ဘူး။ ဒီဇိုင်းဆရာက ညနေ အိမ်ဝင်ယူမယ်လို့ ဖုန်းဆက်လို့ပါ။ နောက်ရက်ကျ ဒီဇိုင်းဆရာ အိမ်ရောက်လာတယ်။ ကျန်တဲ့စာမူတွေကို (Microsoft Word) တွေနဲ့ ကူးပေးလိုက်တာတဲ့။ ကျွန်တော် ကျွဲမဟုတ်လို့ ကျွဲမြီး မတိုပေမယ့် စိတ်တော့ တိုသွားပါတယ်။ ဒါနဲ့ စာစီဆိုင် တစ်ခေါက်သွားပြီး ရိုက်ပြီးသမျှကို (Page Maker) ထဲ ထည့်ပြောင်းပေးဖို့၊ စာကျန်ခဲ့မှာစိုးလို့ သေချာထည့်ပေးဖို့ ပြောပြီး စတစ်ပေးထားခဲ့ပါတယ်။ စောင့်ယူနေရင် သူတို့ကို (Press) ပေးတယ် ဖြစ်နေမှာစိုးလို့ပါ။ နောက်တစ်ရက် နေ့လည် သွားယူတော့ စတစ်ကို တန်းပေးပါတယ်။ အိုကေပေါ့။

ထုံးစံအတိုင်း ဒီဇိုင်းဆရာက စတစ်ကို အိမ်ဝင်ယူတယ်။ ညကျ ဖုန်းဆက်တယ်။ (Page Maker) ထဲ ထည့်ပြောင်းပေးတာ မဟုတ်ဘဲ (pdf file) ပြောင်းပေးလိုက်တာတဲ့။ မနက်ဖြန် သူတို့ဆီကို တစ်ခေါက် သွားရဦးမှာပေါ့။

ကျွန်တော်ကို (Push) လုပ်ရင် မကြိုက်ဘူး။ တစ်ခုခုကို ကျွန်တော့်တာဝန်ထားလိုက်လို့ ပြောပြီးရင် အဲဒါ ကျွန်တော့်တာဝန်ပဲ၊ ပြီးအောင်လုပ်တယ်။ ခဏခဏ ဖုန်းဆက်ပြီး (Push) လုပ်ရင် မကြိုက်တော့ဘူး။ သူများကိုလည်း (Push) မလုပ်ချင်ဘူး။ ကျွန်တော်တွေ့ဖူးတဲ့ လူတချို့က ဖုန်းခဏခဏဆက်ပြီး (Push) လုပ်မှ အဆင်ပြေတာတွေ့ရတော့ ကိုယ့်ကို ဖုန်းဆက်တဲ့ တချို့လူကြီးတွေကို နားလည်လာသလိုလိုပေါ့။

အခုကြုံနေရတဲ့ အဖြစ်ကတော့ လုပ်ငန်းနဲ့ပတ်သက်ပြီး သူတို့တွေ ပေါ့ဆတာ ဖြစ်နိုင်သလို ကျွန်တော့်ကို မနှစ်သက်လို့ ပညာပြနေတာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်ကြိုက်တဲ့ ပညာပြနည်းကတော့ လုပ်ငန်းကို သေချာလုပ်တယ်၊ တခြားသူတွေဆီ ပြောင်းမသွားနိုင်လောက်အောင် ကိုယ်မှကိုယ် ဖြစ်နေအောင် အလုပ်ကို လုပ်ပြပြီး ပညာပြစေချင်တာပဲ။

ကျွန်တော်လည်း အဲဒီလို ပညာပြနိုင်အောင်တော့ ကြိုးစားနေဆဲပဲလေ။ ပညာပြချင်လိုက်တာ…။

 

ရှဉ့်ညိုလေး

(၂၈.၂.၂၀၂၂ ည ၁၁ နာရီ ၅၈ မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း