ညဈေးတန်း ဇီးယိုရောင်း

ညဈေးတန်း ဇီးယိုရောင်း

ကျွန်တော် အလုပ်တစ်ခုခု လုပ်ရန်အတွက် မဒီစံနဲ့ တိုင်ပင်နေသည်။

“ စံရေ ကိုယ်ပြန်စဉ်းစားကြည့်တော့ အင်္ဂါနံတွေက ကိုယ်နဲ့ အကျိုးပေးတယ်ကွ ”

“ အင်း … ပြောပါဦး ”

“ အိမ်မှာ စာအုပ်ဆိုင်ဖွင့်တယ်ကွာ၊ ကိုယ်က အဲဒီတုန်းက ကလေးဆိုတော့ ကိုယ့်မုန့်ဖိုးလေးတွေစုပြီး ပုံပြင်စာအုပ်လေးတွေ၊ ကာတွန်းစာအုပ်လေးတွေ တင်တယ်၊ အံမယ် မုန့်ဖိုးတောင် မိဘဆီက မတောင်းရတော့ဘူး၊ စာအုပ်ငှါးခနဲ့တင် အိုကေလို့ ”

“ နောက်တော့ ဆိုင်ကယ် ဝယ်ရောင်းကွာ၊ ဟုတ်နေတာပဲ ”

“ အဲဒီတော့ အခုရှင်က ဘာလုပ်မယ် စိတ်ကူးသတုန်း ”

မဒီစံ၏ အမေးအဆုံး ကျွန်တော် စားပွဲကို ပုတ်လိုက်ရင်း

“ ဈေးဆိုင်ဖွင့်ရမယ်ကွ၊ ဈေးဆိုင် ”

စားပွဲကို ပုတ်လိုက်ရာတွင် အားအနည်းငယ်ပါသွားသဖြင့် လက်လည်း နည်းနည်းတော့ နာသွားသည်။ စိတ်ဝင်တစားဖြင့် နားထောင်နေသည့် သားငယ် သုတက

“ ဖေဖေ ဘာဆိုင် ဖွင့်မှာလဲ ”

“ ဆေးဆိုင်ပေါ့ သားရဲ့”

ကောင်းသုတက ရှုံ့မဲလိုက်ရင်း

“ မုန့်ဆိုင်ဆိုတော်သေး ဖေကြီးရာ၊ သားတို့လဲ စားလို့ရတယ် ”

ကျွန်တော် စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်သည်။

“ မုန့်ဆိုင်က ဖေဖေနဲ့ အကျိုးမပေးဘူးကွ၊ ဖေဖေက အင်္ဂါနံမှ အကျိုးပေးတာ ”

ထိုစဉ် သားကြီး ကောင်းဇေယျာက

“ အင်္ဂါနံဆိုတာ ဘာလဲ ဖေကြီး ”

“ စ ဆ ဇ ဈ ည နဲ့ စတဲ့ အလုပ်တွေပေါ့သားရာ၊ အဲဒါတွေကမှ ဖေဖေနဲ့ အကျိုးပေးတာ ”

သားကြီးမျက်နှာ ဝင်းသွားပြီး

“ ဟာ ဒါဆို ညစောင့် လုပ်ပါလားဖေဖေ၊ သားသူငယ်ချင်း အဖေဆို ညစောင့်ပြီး ပြန်လာရင် ငါးခြောက်တို့ ဘာတို့ စားစရာတွေ အများကြီး ပါလာတာ ”

“ ဟာ အဲဒါ သူက ဈေးထဲက နှိုက်လာတာ၊ အဲလေ မင်းကလည်းကွာ အဖေကို တခြားအလုပ် အကြံမပေးဘဲ … ”

“ ဖေဖေ ဆိုက်ကားနင်းပါလား၊ အိမ်ဘေးက ဦးလေးကြီး ဆိုက်ကားနင်းပြန်လာရင် လက်ဖက်ရည်တို့ ခေါက်ဆွဲကြော်တို့ ပါလာတာ သားတွေ့တယ် ”

ကျွန်တော့်စကား မဆုံးသေး၊ သားငယ်က ဝင်၍ ဆိုက်ကား နင်းခိုင်းနေသည်။ ကျွန်တော် ရှုံ့မဲ့ပြီး စစ်ကူရလိုရငြား မဒီစံကို လှမ်းကြည့်သည်။ သူက တွေးတွေးဆဆပုံဖြင့်

“ ဆိုက်ကားကတော့ ရှင့်ဗလနဲ့ မဖြစ်ပါဘူး၊ ဆိုက်တွဲမောင်းပါလားဟင်၊ သူလဲ အင်္ဂါနံပဲဟာ ”

ဘဝကြီးက လေပါတယ်ဗျာ။ သားအမိသုံးယောက်နဲ့ တစ်ခုခုလုပ်ဖို့ တိုင်ပင်လိုက်တာ တစ်ယောက်က ညစောင့်လုပ်တဲ့၊ တစ်ယောက်က ဆိုက်ကားနင်းတဲ့၊ တစ်ယောက်က ဆိုက်တွဲမောင်းတဲ့။ ဘဝတွေမြင့်မား လာပုံများနော်။ ခင်ဗျားလည်း မိတ်ဆွေပီပီ အင်္ဂါနံအကျိုးပေးတဲ့ ကျွန်တော့်အတွက် အင်္ဂါနံအလုပ်လေး အကြံပေးပါဦးဗျ။ “ ညဈေးတန်း ဇီယိုရောင်း ” ဆိုတဲ့ အကြံတော့ ပေးနဲ့ဗျာ။

(မှတ်ချက်။ ။ ဆရာမင်းညရဲ့ အိမ်ကကောင် ဆိုတဲ့ ဟာသလေးကို ဖတ်ပြီးနောက် ဆင့်ပွားထားခြင်း ဖြစ်ပါသည်။)

ရှဉ့်ညိုလေး

(၈.၆.၂၀၂၂ ညနေ ၄ နာရီ ၃၅ မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း