ကံကောင်းနေသော ကိုလေးထူး
ကံကောင်းနေသော ကိုလေးထူး
ကိုလေးထူးတို့ ဒီနှစ်ထဲ တော်တော်လေး ကံထူးပါတယ်။ ကရာတေးသင်တန်း (၅၁)နှစ်ပြည့်အထိမ်းအမှတ်မှာ (Kata) ကစားဖို့ ပါထားပါတယ်။ ဖြစ်ချင်တော့ အထိမ်းအမှတ်ပွဲကို မဆင်နွှဲလိုက်ရဘူး။ အဲဒီနေ့ မနက်အစောကြီးမှာပဲ မေမေ့ကို ဆေးရုံတင်လိုက်ရပါတယ်။ လက်လွှတ်လိုက်ရပြီတောင် ထင်ထားတာ။ ရွှေတော်ဝင်မှာ (၂)ပတ်လောက် တက်ပြီး ဆင်းလာရပါတယ်။ မိသားစုဝင်တွေကလွဲလို့ ဘယ်သူ့ကိုမှ အသိမပေးခဲ့ပါဘူး။ အနူမကူးပေမယ့် အပူကူးတယ် မဟုတ်လား။
မဂ္ဂဇင်းအတွက် စာမူကိစ္စလေးတွေ
ဆောင်ရွက်ပေးရင်း စာရေးဆရာတချို့နဲ့ တွေ့ပေမယ့် ကိုယ့်အခြေအနေကို မပြောပြခဲ့ဘူး။ တစ်ရက်
ဆရာ မောင်စိန်လွင်(မင်းကင်း) ခိုင်းတာနဲ့ ဆရာဗိုလ်(မြန်မာစာ) ဆီ စာမူကိစ္စနဲ့သွားတော့
ဆရာကတောင် ပြောသေးတယ်။
“ကိုယ့်ညီရာ နေပူကျဲကျဲကြီးမှာကွာ၊
နေအေးမှ လာရောပေါ့” တဲ့။ အမှန်က ဆေးရုံကနေ အိမ်ပြန်နားတဲ့အချိန်လေး သူ့ဆီသွားရတာ။
ဆေးရုံကဆင်းတော့
(အပေါ့၊ အလေးကစ) မေမေက အိပ်ယာထဲမှာ သွားရတာ။ ခေါင်းမလျှော်ရတာကြာလို့ အိပ်ယာထဲမှာ စာအုပ်ဖုံးတဲ့
ပလတ်စတစ်အကြည်စကြီး ကိုက်ပြီး ဆံပင်ညှပ်ဆိုင်မှာ လျှော်သလို လျှော်ပေးရတာလည်း အမှတ်တရပါပဲ။
နောက်တော့ လူတွဲနဲ့ လမ်းလျှောက်လာနိုင်တော့ မေမေရေချိုးတိုင်း ကျွန်တော်ပဲ ရေးချိုးပေးခဲ့တယ်။
အခုတော့ မေမေလည်း နေကောင်းသွားပါပြီ။ ဆွမ်းလောင်းတာတွေ ဘာတွေလဲ လုပ်နိုင်သွားပါပြီ။
မေမေဆေးရုံတက်တာ
(၂)လတိတိ ပြည့်တဲ့နေ့မှာပဲ ကျွန်တော့် မဒီစံ ဆိုင်ကယ် (Accident) ဖြစ်ပါတယ်။
အဲဒီနေ့က ကျွန်တော်အိမ်မှာ စာသင်နေတုန်း သားငယ်ဖုန်းဝင်လာပါတယ်။ ဖုန်းကိုင်လိုက်ပေမယ့်
ဖုန်းလိုင်း ကျသွားပါတယ်။ စိတ်ထဲမှာ ကျူရှင်လာကြိုတာ နောက်ကျလို့ သားငယ် ဆက်တယ် ထင်လိုက်တာပါ။
နောက်တစ်ခါ ထပ်ဝင်လာတော့ ကောင်းသုတ အဖေလားရှင့် ဆိုတဲ့ အမျိုးသမီး အသံကြားရပါတယ်။ ဆရာမက
သားငယ်အစား ဘာလို့ဆက်တာလဲလို့ အတွေးဝင်လို့ မဆုံးသေးဘူး
“ဆိုင်ကယ် Accident
ဖြစ်လို့ပါ၊ အိုးဝေနဲ့ တိုက်မိတာပါ”
“ဘာဖြစ်သွားသေးလဲဗျ၊
စိုးရိမ်ရလား”
“ကလေးက မစိုးရိမ်ရပါဘူး”
ဟမ် … ကလေးက မစိုးရိမ်ရဘူးဆိုတော့
လူကြီးက စိုးရိမ်ရတယ်ပေါ့။ ခေါင်းမွေးထောင်သွားရော။ ပြီးတော့ မြန်မြန်လာဖို့လည်း ပြောပါတယ်။
ဖုန်းဆက်ပေးတာက ဇာနည်ထွန်း ဆေးရုံက ဆရာမက ဖုန်းဆက်ပေးတာပါ။ ဖြစ်တာကလည်း သူတို့ရှေ့နားလေးမှာ
ဖြစ်သွားတာပါ။ အဲဒါကြောင့် ဆေးခန်းလာပြတဲ့ လူမမာရှင်တွေက ဆေးရုံကို ပို့ပေးကြတာပါ။
ဖြစ်တာက ကြေးရုပ်နားမှာဆိုတော့
လုံခြုံရေးလည်း အပြည့်ရှိပါတယ်။ မလှမ်းမကမ်းမှာ လည်း ရဲစခန်းနဲ့။ တိုက်မိတဲ့ အိုးဝေသမားအတွက်တောင်
စိတ်မကောင်းဘူး။ အဲဒါနဲ့ ဆေးရုံကို အမြန်လာခဲ့လိုက်တယ်။ ကိုယ်က စိတ်ဆတ်လို့ အိမ်မှာကတည်းက
အိုးဝေသမားကို ရန်မလုပ်ဘူး၊ ဆေးကုသစားရိတ်မတောင်းဘူး၊ ဖြစ်ချိန်တန်လို့ ဖြစ်သွားတာ၊
ကြုံကို ကြုံရမှာမို့ ဒီအဖြစ်ကို ကြုံရတာလို့ စိတ်ဆုံးဖြတ်ထားလိုက်တယ်။
ဟိုရောက်တော့ မဒီစံက
သတိမရဘူး။ ကယောက်ကတမ်းတွေ ထထမေးတယ်။ သားငယ်က ပွန်းပဲ့ရုံဆိုပေမယ့် ထိတ်လန့်သွားတော့
နှုတ်ခမ်းတွေ ဖွေးနေတယ်။ ဒါ့ကြောင့် ဆရာမတွေ မေးပြီး အချိုရည်တိုက်ရတယ်။ ခဏနေတော့ မဒီစံ
သတိရလာတယ်။ နောက်မှ သူပြောတာ ကျွန်တော့်အသံကြားလို့ သတိရလာတာတဲ့။ ဖြစ်စဉ်ကို ဘာမှ မမှတ်မိဘူး။
ဘာဖြစ်သွားမှန်းလည်း မသိလိုက်ဘူး။ ကလေး ကျောင်းကြိုပြန်လာတာပဲ မှတ်မိတယ်တဲ့။ ခေါင်းကို
ထိသွားတာမို့ ဆေးရုံကြီးကို သွားရပါတယ်။ ပရဟိတကားကိုတော့ သူငယ်ချင်း ကိုခိုင်ကို ဖုန်းဆက်ပြီး
အကူအညီတောင်းရပါတယ်။ ဦးခေါင်းဓာတ်မှန်ရိုက်တော့ အဖြေကောင်းပေမယ့် ဆေးရုံတက်နေရ ပါသေးတယ်။
နောက်ရက်တွေတော့ မျက်လုံးက
ဖူးယောင်ပြီး ပိတ်သွားပါတယ်။ နောက်ရက် နောက်ရက်တွေမှာတော့ မျက်လုံးအိမ်ပတ်လည်မှာ ညိုမဲပြီး
ပန်ဒါဖြစ်လာပါတယ်။ သူနေကောင်း လာတော့ အပြင်ထွက်ရင် သူမျက်ကွင်းတွေ အညိုအမဲစွဲတာကြည့်ပြီး
လူတွေက ဘာလိုလို ညာလိုလို ထင်ကြတယ် ထင်ပါရဲ့။ ဈေးဝယ်ဖို့ ဆိုင်ကယ်နောက်က သူက ဆင်းသွားရင်
လူတွေက သူ့ကြည့်လိုက် ကိုယ့်ကြည့်လိုက်နဲ့။ နောက်တော့ သူဒဏ်ရာမပျောက်မချင်း အတူတွဲမသွားတော့ဘူးလို့တောင်
စရသေးတယ်။ စကားမစပ် ပြောရရင် အိုးဝေကို ဂငယ်ကွေ့ ကွေ့ပြီး လမ်းကိုမကြည့်ဘဲ မောင်းတဲ့
အိုးဝေသမားကို ခုထိ မတွေ့ခဲ့ရပါဘူး။ လူဆိုတာ သူ့အဆင့်နဲ့ သူပါပဲလို့ တွေးလိုက်ပါတယ်။
အိမ်မှာကလည်း လူမမာနဲ့၊
အမျိုးသမီးကလည်း လူနာဖြစ်နေချိန်မှာ စိတ်ပူတာရော၊
စိတ်ထိခိုက်တာရောကြောင့် အဲဒီအချိန်က မိတ်ဆွေစာရေးဆရာတချို့နဲ့ ဖုန်းပြောရတာ အဆင်မချော
ခဲ့ပါဘူး။ မိသားစုအရေးက မိသားစုအရေး၊ အပေါင်းအသင်း ကဏ္ဍက အပေါင်းအသင်း ကဏ္ဍ မဟုတ်လား။
ဒါပေမယ့် တချို့က လွန်လာလို့ ဘလော့လိုက်ရတဲ့ စာရေးဆရာတစ်ယောက်လည်း ရှိတယ်။
“ငါက မင်းကို စည်းကမ်းရှိမယ်
ထင်ထားတာ”
“အို ကိုယ်က ပါချင်မူးတူး
မဟုတ်ဘူးနော်၊ မထည့်လည်း ရတယ်”
စသည်ဖြင့်ပေါ့ဗျာ။
“ကိုထူး ကျွန်တော်
မေးလ်နဲ့ ပို့လိုက်မယ်”
ကျွန်တော် မေးလ်လည်း
မစစ်အားတာကြောင့် တခြားအယ်ဒီတာဆီကို ပို့ပေးဖို့ ပြောလိုက်ရတယ်။ အဲဒီလို ဂျမ့်လေးတွေ
များပါတယ်။ အခုတော့ မဒီစံလည်း နေပြန်ကောင်းပါပြီ။ တစ်ခါတစ်ခါ ခေါင်းမူးနေတာက လွဲရင်ပေါ့။
ဒီနေ့တော့ မိုးလေးအုံ့နေပေမယ့်
စာသင်စရာလေးရှိတော့ ထွက်လာခဲ့လိုက်တယ်။ အိမ်ကထွက်မှ မိုးစက်လေးတွေ စကျလာတယ်။ ရတနာပုံရပ်ကွက်ထဲလည်းရောက်ရော
မိုးက ဖွဲရာက သည်းလာရော။ ကိုယ်လည်း နောက်ပြန်မလှည့်ချင်တာနဲ့ နှေးနှေးမောင်းရာကနေ ခပ်မြန်မြန်လေး
မောင်းလိုက်တယ်။ ပုံမှန်ဆို ကီလို(၂၀)ပဲ မောင်းတာ။ အသက်ကြီးလာတော့ ကြောက်တတ်လာပြီ လေ။
အမှတ်(၃)လမ်းနဲ့ သပြေပင်တောရလမ်းဆုံရောက်တော့
ဟွန်းတီးပြီး ဖြတ်လိုက်တယ်။ သပြေပင်တော့ရဘက်ကလာတဲ့ ကလစ်ဆိုင်ကယ်ကလည်း ကိုယ့်ဆီကို အရှိန်နဲ့
တန်းလို့။ သူလည်း လန့်သွားတယ်။ ကိုယ်လည်း အတိုက်ခံရတော့မှာဆိုတော့ လန့်တာပေါ့။ လန့်ပြီး
လီဗာတင်လိုက်တယ်။ သူ့ဆိုင်ကယ်က ကိုယ့်ဆိုင်ကယ် နောက်ပိုင်းကို တိုက်မိတယ်။ ကိုယ်ကတော့
မလဲအောင်ထိန်းရင်း လမ်းတစ်ဖက် ရောက်သွားရော။ သူကတော့ ဖုန်းဆို လဲကျန်ခဲ့ရော။
ဆိုင်ကယ်ရပ်ပြီး သူ့ကို
သွားကူဖို့ သွားတယ်။ အဲဒီနားလေးက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးလည်း လာကူတယ်။ အမျိုးသားက
ဆိုင်ကယ်ထူပေး၊ အမျိုးသမီးက သူ့ကိုထူပေးပေါ့။ ကျွန်တော်ကတော့ သူကျနေတဲ့ ပိုက်ဆံအိတ်နဲ့
ဖုန်းလေး ကောက်ပေးလိုက်တယ်။ ဘယ်ဘက်အခြမ်းကို လဲတာဆိုတော့ လက်နည်းနည်း ပွန်းသွားတယ်။
ဘေးတစ်စောင်း ကျတာဆိုတော့ သွားနာသွားတယ်တဲ့။ ကိုယ်ကတော့ သူခေါင်းတွေ ဘာတွေ မခိုက်မိတာ
စိတ်ထဲ တော်တော်သက်သာသွားတယ်။ မဒီစံလည်း သူ့လိုပဲ ဘယ်ဘက်အခြမ်းလဲပြီး ခေါင်းထိသွားတာ
ဆိုတော့လေ။ မှားတာ မှန်တာထက် အကျိုးအကြောင်းလေး ပြောပြသင့်တယ်။ ပြောပြချင်တယ်။ ဒါပေမယ့်
ကျွန်တော် ဘာစကားမှ ထွက်မလာခဲ့ဘူး။ ဆိုင်ကယ်လဲတဲ့ အမျိုးသမီးက ရပါတယ် ဘာမှ မဖြစ်ပါဘူးဆိုမှ
ကျွန်တော် ဆုတ်ဆုတ်ဆိုင်းဆိုင်းနဲ့ ထွက်လာခဲ့လိုက်တယ်။
အဲဒီအချိန်က ကျွန်တော့်စိတ်ထဲမှာ
သူ သွားနာသွားတယ်ဆိုတာကိုလည်း စိတ်မကောင်းဘူး။ ဒဏ်ရာအကြီးအကျယ် မရတာကိုလည်း တော်သေးတယ်ဆိုပြီး
ဖြစ်နေတာ။ အခါတိုင်း ကီလို(၂၀)ပဲ ချိန်ပြီးမောင်းတတ်တဲ့ ကျွန်တော်က ဒီနေ့ ဒီအချိန်မှ
မြန်မြန်မောင်းမိတာကိုပဲ အပြစ်တင်မိတယ်။ တစ်ဖက်က အမျိုးသမီး ဆိုင်ကယ်လဲသွားရတာကို စိတ်မကောင်းပေမယ့်
ဆိုင်ကယ် နောက်ပိုင်း(အိတ်ဇော)ကို တိုက်ခံရတာ ကျွန်တော် ကံကောင်းသွားတာပါ။ ခါးကဖြတ်တိုက်ခံရရင်
ကျွန်တော့်ခြေထောက် ကျိုးမှာ သေချာပါတယ်။
အသက်ကြီးလာတော့ တခြားသူကြောင့်
မထိခိုက်ချင်တာ ပိုလာသလို ကိုယ့်ကြောင့် ထိခိုက်နစ်နာမှာကိုလည်း ပိုစိုးရိမ်လာပါတယ်။
(ဒီနေ့ မတော်တဆဖြစ်တဲ့ အမျိုးသမီးလည်း
ဒဏ်ရာမပြင်းဘဲ အမြန်ဆုံး သက်သာပါစေ။)
ထူးအောင်ဝင့်
(၁၆ ရက်၊ ဩဂတ်လ၊ ၂၀၂၅၊ ည ၁၀ နာရီ ၃၇ မိနစ်။)
Comments
Post a Comment