ဘဲလ်သံ





ဘဲလ်သံ
      တံခါးဝမှာ တပ်ဆင်ထားသည့် ဘဲလ်လေးများကို မြင်ဖူးကြမည် ထင်ပါသည်။ တချို့က ခြံဝင်းပေါက်ဝမှာ၊ တချို့က တိုက်ခန်းတံခါးဝမှာ။ ရုံးမှ၊ လုပ်ငန်းခွင်မှ ပြန်ရောက်လာသည့် ခင်ပွန်း၊ ဈေးမှပြန်ရောက်လာသည့် အိမ်ရှင်မ၊ ကျောင်းမှ ကျူရှင်မှ ပြန်ရောက်လာသည့် သားသမီးတို့၏ အိမ်ပြန်ရောက်ပြီဖြစ်ကြောင်း အချက်ပြသည့် ကြားခံတစ်ခုသာ ဖြစ်သည်။ မရောက်တာကြာပြီဖြစ်သည့် မိတ်ဆွေတစ်ယောက်၏ အလည်ရောက်လာကြောင်း အချက်ပေးသည့် သင်္ကေတတစ်ခုလည်း ဖြစ်နိုင်သည်။

      ခုနှစ်လွှာမှာရှိသည့် သူမတိုက်ခန်းတံခါးဝတွင် ဘဲလ်တစ်ခုကို တပ်ဆင်ထားပါသည်။ သာယာညွှတ်နူးဖွယ်ရာ အသံအမျိုးမျိုးရှိသည့်အနက် တံခါးဝမှာ တပ်ဆင်ထားသည့်ဘဲလ်သံက သူမအတွက်တော့ အချိုမြိန်ဆုံးဖြစ်သည်။ ညနေ(၆)နာရီဝန်းကျင်ခန့်တွင် မြည်လာတတ်သည့် ဘဲလ်သံက သူမ၏ရင်ကို လှိုက်ခုန်နွေးထွေးစေသည်။ ထိုအချိန်မျိုးတွင် သူမ၏ မျက်ဝန်းလေးများ ရွှန်းလဲ့ ကြည်စင်နေမည် ထင်သည်။ ပန်းနုရောင်ဖျော့ဖျော့ နှုတ်ခမ်းလေးအစုံက ကွေးညွှတ်နေမည်။ နောက်ပြီး ကျွန်းသားတံခါးနောက်ကွယ်က နူးညံ့ညက်ညောစွာ ပြုံးနေမည့် ဘဲလ်သံရှင်၏ပုံရိပ်ကို သူမက ထွင်းဖောက်မြင်နေတတ်သေးသည်။ ထို့ကြောင့် ဘဲလ်သံလေးများကို သူမ သိပ်ကို ချစ်ပါသည်။
***                                                          ***                                                ***
      မကြာမီ မောင်ရောက်လာတော့မည်။ ဧည့်ခန်းမှနာရီသည် မောင်ရောက်လာတော့မည်ဖြစ်ကြောင်း သံစဉ်တစ်မျိုးဖြင့် သူမ၏အာရုံကို လှုပ်နှိုးလိုက်သည်။ သေချာသည်။ မောင်လမ်းမှာ ရောက်နေလောက်ပြီ။ အတွေးအဆုံး ခြေသံမဲ့ပန်းတစ်ပွင့်၏ ခြေလှမ်းမျိုးဖြင့် အလှပြင်သည့် မှန်တင်ခုံရှေ့ ရောက်သွားပြန်သည်။ ရနံသင်းသင်းဖြင့် ညီညာမှုန်ညက်နေသည့် သနပ်ခါးတွေက အသက်(၃၀)စွန်းစ သူမ၏ ပါးပြင်ထက်မှာ ဣနြေ္ဒရရ။ ယောက်ယက်ခတ်နေသည့် သူမ၏စိတ်အစဉ်က သနပ်ခါးလိမ်းတာ ကိုကို့အတွက်ပါကွယ် ဆိုသည့် အဆိုတော် ကော်နီ၏ သီချင်းကို သတိရလိုက်မိသေးသည်။ မိတ်ကပ် ရနံ့၊ ကာနေးရှင်း ရနံ့၊ ဟိုရနံ့ ဒီရနံ့တွေကြားမှာ ရှုပ်ထွေးနောက်ကျိနေတတ်သည့် မောင့်အတွက် သူမ၏ သနပ်ခါးရနံ့က စွဲဆောင်မှုတစ်ခု ဖြစ်နေနိုင်သည်။
      ဟဲယားဘရပ်ရှ်လေးဖြင့် ရှည်လျားနက်မှောင်လှသည့် သူမ၏ ဆံနွယ်တချို့ကို ခပ်ဖွဖွဖြီးသင်လိုက် သည်။ ထို့နောက် ဘေးဘက်သို့ စောင်းငဲ့ကာ နောက်ဘက်သို့ ဆတ်ခနဲ ယမ်းပစ်လိုက်သည်။ မှန်ထဲမှာလွင့်ဝဲသွားသည့် ရှန်ပူရနံ့သင်းသည့် ဆံနွယ်လေးများ၏ ပုံရိပ်ကိုကြည့်ရင်း ပြုံးလိုက်မိသည်။ သူမအဖြစ်ကို အဒေါ်အပျိုကြီး ကြီးကြီးမြ မြင်လျှင် မည်သို့ မှတ်ချက်ပြုမည် မသိ။ အနည်းဆုံး ထိပ်ခေါက်ခံရနိုင်သည်။ သူမ ဧည့်ခန်းဘက်သို့ ပြန်ထွက်လာခဲ့လိုက်သည်။ နာရီကိုကြည့်ရင်း ...
      " ဟွန်း … လာမှကို စိတ်ကောက်လိုက်ဦးမယ်…"
      သူမအဖြစ်က ခြိမ်းသာ ခြိမ်းလိုက်ရသည်။ မရွာဖြစ်သည့် မိုးလိုပင်။ တကယ်တော့ စိတ်ရှည်၍ အချော့ကောင်းသော မောင့်ကို သူမကြာရှည်စွာ စိတ်ကောက်နိုင်မည် မထင်ပါ။ တက္ကသိုလ်မှာတုန်းကပင် သူမ မောင့်ကို ကြာရှည် စိတ်မကောက်နိုင်။ အရေးကြီးသည်က မောင့်ရဲ့ ချော့မြူမှုကို ခံရရေးသာ ဖြစ်သည်။ မောင်ရေ လာပါတော့ စိတ်ကောက်ချင်လှပြီ။
      ခပ်လှမ်းလှမ်းမှ ခြေသံတဖြတ်ဖြတ် ကြားရသည်။ သူမ မျက်ဝန်းတွေက တံခါးအောက်ခြေကို ကြည့်နေရင်း ခြေလှမ်းတိုင်းကို ရေတွက်နေမိသည်။ တစ်လှမ်း …၊ နှစ်လှမ်း…၊ သုံးလှမ်း…။ တံခါးအောက်ခြေမှာ တဒင်္ဂ မြင်လိုက်ရသည့် အရိပ်က ခြေသံနှင့်အတူ အခန်းရှေ့မှ ဖြတ်ကျော်သွားသည်။ မျှော်လင့်ချက်က သက်ပြင်းနှင့်အတူ သူမထံမှ လျော့ပါးသွားသည်။
      " ဟင်း …"
      ဒီနေ့ကို မောင်မေ့နေတာလား။ မေ့နေတာ မဖြစ်နိုင်ဘူးဆိုတာကိုတော့ သူမသိသည်။ မောင်က သူမဘဝရဲ့ အရေးပါတဲ့ရက်စွဲတွေကို သူမထက်ပိုမှတ်မိနေသူ မဟုတ်လား။ လမ်းမှာ မီးပွိုင့်မိနေလို့များလား။ မောင်လက်ဆောင်အဖြစ် ပေးထားသည့် ကနုတ်ပန်းလေးတွေနှင့် ဟန်းဖုန်းအဖြူလေးကို ကောက်ကိုင်လိုက်သည်။ နံပါတ်တချို့ကို နှိပ်နေဆဲ အစည်းအဝေးရှိလို့များလား ဆိုသည့်အတွေးကြောင့် သူမ ဖုန်းမခေါ်ဖြစ်တော့။ ထိုစဉ် ကွန်ကရစ်ကြမ်းခင်းပေါ် နင်းလျှောက်လာသည့် ခြေသံဖွဖွကို ကြားလိုက်ရသည်။ မောင်လား ဒါမှမဟုတ် မောင့်လိုပဲ ခြေသံညင်သာသည့် သူမအခန်းရှေ့မှ ဖြတ်လျှောက်သွားမည့်သူ တစ်ယောက်ယောက်လား။ ခြေသံကို သရုပ်ခွဲနေစဉ်မှာပင် သူမသိပ်ချစ်သည့် ဘဲလ်သံလေးက တံခါးဆီမှ ထွက်ပေါ်လာသည်။
      " ဟော … မောင်လာပြီ…"
      အပြေးတစ်ပိုင်းဖြင့် သွားဖွင့်ပေးလိုက်သည်။ မိန်းမတို့ အတတ်ပညာဖြင့် နှုတ်ခမ်းဖူးဖူးလေးကို စူထားဖို့အတွက်ကိုလည်း သူမ မမေ့။
      " ဟက်ပီးဘတ်ဒ်ဒေး …၊ ဟော အသက် …၊ မောင်နောက်ကျလို့ စိတ်ကောက်နေတာပေါ့လေ၊ ဟုတ်လား၊ နှုတ်ခမ်းလေးကို စူထားလိုက်တာ ဝက်ပေါက်လေး ကျနေတာပဲ။ ကြည့်စမ်းပါဦး နဖူးမှာလည်း ချွေးတွေက ပြန်လို့ …"
      " ဟုတ်တယ် ဟုတ်တယ်၊ မောင့်ကို စိတ်ဆိုးလွန်းလို့ ဒေါသတွေက ချွေးအဖြစ်နဲ့ ထွက်လာတာ …"
      မောင့်ထံမှ လက်ဆောင်ပန်းစည်းလှလှကြီးကို ယူလိုက်ရင်း သူမ ရန်ထောင်လိုက်သည်။ နဖူးစပ်မှာ စိုနေသည့် ချွေးလေးများကို ပုဝါဖြူလေးဖြင့် တယုတယသုတ်ပေးနေသည့် မောင့်ကို ကြည့်ရင်း စိတ်ကောက်ချင်ယောင်ဆောင်ထားသည့် သူမမျက်နှာသည် ပြုံးယောင်သမ်းနေမည်မှာ သေချာသည်။
      " ကဲ… ဖယ်ပါ။ တကယ်လည်း ဂရုမစိုက်ဘဲနဲ့များ …"
      ရေခဲသေတ္တာထဲမှ ပျားရည်နှင့်ဖျော်ထားသည့် သံပရာတစ်ခွက်ကို မောင့်ဆီသို့ ယူလာခဲ့လိုက်သည်။ မောင်က မသောက်သေးဘဲ စားပွဲပေါ်သို့ တင်ထားလိုက်ပြီး …
      " အဲဒါတွေကြောင့် မောင်အသက်ကို ချစ်နေရတာဗျ၊ သိရဲ့လား။ အသက်ကို မောင်ပေးစရာ ကျန်သေးတယ် …"
      သူမ၏ လက်သူကြွယ်တွင် ခဲသားရောင် စိန်ပွင့်လေးပါသည့် လက်စွပ်တစ်ကွင်းက နေရာယူသွား သည်။ သူမ၏ နဖူးပေါ်သို့ နူးညံ့သိမ်မွေ့သည့် သင်္ကေတတစ်ခု မောင်ခပ်နှိပ်နေစဉ်မှာတော့ သခင်၏ ပွတ်သပ်ချော့မြူမှုကို ကြည်ကြည်နူးနူး ခံယူနေသည့် ကြောင်မလေးတစ်ကောင်နှယ် …။ သူမ မျက်ဝန်းတွေကို မှေးမှိတ်ထားလိုက်သည်။
***                                                          ***                                                ***
      " ဘယ်သူတွေ ဖိတ်ထားသေးလဲ…"
      " လရိပ်ချို … ဟော လာပြီထင်တယ် …"
      အဆက်မပြတ်မြည်လာသည့် ဘဲလ်သံကြောင့် သူငယ်ချင်းစာရေးဆရာမ ရောက်လာပြီအထင်နှင့် တံခါးကို ပြေးဖွင့်လိုက်သည်။ တွေ့လိုက်ရသည်က သူမ၏ သူငယ်ချင်းမဟုတ်ဘဲ သူမထက် အနည်းငယ်ကြီးမည်ဟု ယူဆရသည့် အမျိုးသမီးတစ်ယောက်။ အထက်တန်းကျကျ ဝတ်ဆင်ထားသည့် ထိုအမျိုးသမီးထံမှ ခင်မင်နှစ်လိုဖွယ်ရာ မရှိသည့် အရှိန်အဝါတစ်ခုက သူမ၏ အာရုံကို ရိုက်ခတ်လာသည်။ လည်မှာဆွဲထားသည့် စိန်လော့ကက်သီးနှင့်အပြိုင် တလက်လက်တောက်ပနေသည့် မျက်ဝန်းတွေ။ တစ်စုံတစ်ရာကို ထိုးစိုက်ပစ်တော့မည့် ဓားတစ်လက်ဆန်သည့် အကြည့်တွေ။ လူစိမ်းအမျိုးသမီးကို သူစိမ်းဆန်ဆန်ကြည့်လိုက်စဉ် …
      " ပါပါ …"
      အသံနှင့်အတူ အမျိုးသမီးနှင့် ကွယ်နေသည့် ကလေးမငယ်လေးကို တွေ့လိုက်ရသည်။ မျက်ခုံးထူထူတန်းတန်းနှင့် ကလေးမလေးကို သူမရင်းရင်းနှီးနှီး မြင်ခဲ့ဖူးသလိုလို ခံစားလိုက်ရသည်။
      " ဘုန်းမြတ်ထွဋ်ရဲ့ မဟေသီ မျိုးမမဆိုတာ ကိုယ်ပဲ၊ ဒါကိုယ်တို့သမီးလေး မေမြတ်နိုး…"
      " ရှင် …"
      သူမ အကြားအာရုံထဲသို့ မိုးကြိုးအစင်းပေါင်းများစာ ခွင်းသွားသည်။ ညွှတ်ခွေတော့မည့် ခြေအစုံကို အားတင်းထိန်းရင်း အားကိုးတကြီး မောင့်ဆီသို့ လှည့်ကြည့်လိုက်သည်။ သူမ ဘဝတွင် သိပ်ကိုကြောက်ရွံ့တုန်လှုပ်ခြောက်ခြားနေသည့် ယောက်ျားတစ်ယောက်၏ မျက်နှာကို ပထမဆုံးနှင့် နောက်ဆုံးအဖြစ် တွေ့ဖူးလိုက်ရသည်။ မျိုးမမဆိုသည့် အမျိုးသမီးထံမှ စူးရှထက်မြိနေသည့် စကားလုံးဓားသွားမုန်တိုင်းတွေက သူမ၏ နှလုံးသားကို တစ်စစီဖဲ့ထုတ်ချေမွနေသည်။ သူမရင်ထဲမှာ ဗလာကျင်းသွားအောင်၊ ဟင်းလင်းပွင့်သွားအောင် မုန်တိုင်းဆင်ရင်း သူမဘဝမှာ အနာဂတ်ဆိုတာပင် မရှိလောက်အောင် တိုက်ခတ်သွားသည်။ လွင့်ဝဲသွားသည့် ဆံနွယ်များနှင့်အတူ သူမမျက်နှာ တစ်ဖက်လည်ထွက်သွားသည်။ မုန်တိုင်းက ရုတ်တရက် ရပ်စဲသွားသည်။
      မုန်တိုင်းတိုက်ပြီးနောက် အခန်းထဲတွင် လူသားနှစ်ဦး ကျုန်နေရစ်ခဲ့သည်။ အခန်းလေးက အချိန်အတန်ကြာအောင်ပင် သက်မဲ့သွားသည်။ ဆံပင်စုတ်ဖွားနှင့် အဝတ်အစား ဖရိုဖရဲဖြစ်နေသည့် သူ့ထံမှ ကြောင်ရေနစ်ထားသည့် အသံဖြင့် …
      " ဆောရီး အသက်ရယ်… ကိုယ့်ကို ခွင့်လွှတ်ပါကွာ၊ ကိုယ် …"
      သူမ၏ လက်တစ်ဖက် လေထဲသို့ မြောက်တက်သွားသည်။ ထို့နောက်မှာတော့ အခန်းငယ်လေးထဲတွင် သူမတစ်ယောက်သာ ကျန်နေရစ်ခဲ့သည်။ သူမ အဝတ်စုတ်လေးတစ်စနှယ် ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်သည်။ သူနှင့် ပတ်သက်သမျှထဲမှ နောက်ဆုံးဖြစ်သော လက်စွပ်ကို ဒေါသတကြီး လွှင့်ပစ်လိုက်ချိန်တွင် သူငယ်ချင်း " လရိပ်" ရောက်လာခဲ့သည်။
      " ဘာဖြစ်တာလဲဟင် သက်ထား၊ ရှင် အဆင်ပြေရဲ့လား။ ကျွန်မနောက်ကျသွားတဲ့ မိနစ်ပိုင်းလေးမှာ ဘာတွေဖြစ်သွားတာလဲဟင်၊ ပြောစမ်းပါ ကျွန်မကို …"
      "ငါ … ငါ နွံနစ်နေတာ…"
      " ဘာ … ဘာနစ်တာ…"
      " သူများပိုင်တဲ့ ကန်ထဲမှာ နစ်သွားတာဟ…"
***                                                          ***                                                ***
      ကျိုးပဲ့သွားသည့် သိက္ခာ၊ မိန်းမတစ်ယောက်၏ မာန၊ ယုံကြည်မှု။ ဒီအရာတွေ ပြန်လည်တည်ဆောက်ဖို့ အတွက်တော့ ထပ်ဆုံဖို့ လိုအပ်သည်ဟု သူမယူဆသည် သူမဘက်မှ ဝန်ချတောင်းပန်ရန် မဟုတ်သလို ထိုအမျိုးသမီးစွပ်စွဲသွားသည့် စကားလုံးများနှင့် အပြုအမူအတွက် တောင်းပန်ခိုင်းရန်လည်း မဟုတ်ချေ။ မသိဘဲ ကျူးလွန်မိသည့် အမှားအတွက် သူမဘက်မှ အပြစ်ကင်းစင်ပါသည်ဟူ၍ မယူဆမိသလို ထိုအမျိုးသမီး ပြုမူသါားသည့် အပြုအမူအားလုံးကိုလည်း မှန်ကန်ပါသည်ဟု လုံးဝ မထောက်ခံနိုင်။ စာနာခွင့်လွှတ်ခြင်းတရား သူမ ရင်မှာ မဖြစ်တည်သေးသ၍ ဒီအကြောင်းအရာကို မေ့ထားခြင်းသာလျှင် အကောင်းဆုံးမဟုတ်သော်လည်း သင့်တော်သည့်နည်းတစ်ခုအဖြစ် သူမလက်ခံထားသည်။
      မိန်းမတစ်ယောက်၏ တန်ဖိုး၊ မိန်းမတစ်ယောက်၏ ဂုဏ်သိက္ခာကို မြောင်းထဲချထားသည့် အမျိုးအစားထဲတွင် သူမ မပါကြောင်း၊ သစ္စာမဲ့သည့် ယောက်ျားတစ်ယောက်၏ ဖျားယောင်းလှည့်စားမှု ကြောင့် လောကစည်းအပြင်ဘက်သို့ တဒင်္ဂရောက်ခဲ့ရသည့် အမျိုးကောင်းသမီးတစ်ဦးအဖြစ် ထိုအမျိုးသမီး သိစေရမည်။ နားလည်လက်ခံစေရမည်။
      ထို့ကြောင့် သူမ၏ လိပ်ပြာ၊ သူမ၏ သိက္ခာကို မြှင့်တင်သောအားဖြင့် တခြားနေရာတွင် မတွေ့ဆုံဘဲ ထိုအမျိုးသမီးပိုင်ဆိုင်သည့်၊ ရဲတိုက်ဆန်ဆန်ဆောက်လုပ်ထားသည့် အဆောက်အဦးကြီး တည်ရှိရာ ခြံဝင်းကျယ်ကြီးထဲတွင် သွားရောက်တွေ့ဆုံခဲ့သည်။
      " ကျွန်မ မောင်နဲ့…အင်း သူနဲ့ပြန်ဆုံဖြစ်တာ မကြာသေးပါဘူး။ စီးပွားရေးနဲ့ ပတ်သက်တဲ့ သင်တန်းတစ်ခုမှာပေါ့။ နောက်ပြီး တက္ကသိုလ်မှာတုန်းက သူနဲ့ ကျွန်မနဲ့က …"
      " ကိုယ် မနေ့ညက သူ့ကို စစ်ပြီးပါပြီ။ သူအားလုံး ဝန်ခံတယ်။ ကျောင်းတုန်းက ဇာတ်လမ်းတွေရော၊ မင်းကို လှည့်စားခဲ့တာတွေရော၊ ကိုယ့်အပေါ် သစ္စာမဲ့ခဲ့တာတွေရောပေါ့။ မင်းကို အကြံတစ်ခုပဲ ပေးချင်တယ်။ အချိန်တန်ရင် စုတ်သွားမယ့်၊ တစ်ခါတစ်လေဆို သိပ်မဟောင်းခင်မှာပဲ စွန့်ပစ်တတ်ကြတဲ့ အဝတ်အစားကိုတောင် ကိုယ်တို့သေချာရွေးခဲ့ကြသေးတာပဲ။ တစ်သက်လုံးလက်တွဲသွားမယ့် သူအတွက် ဒီထက်ပိုပြီး ရွေးချယ်သင့်တာပေါ့။ အလေးထားသင့်တာပေါ့။ သေချာရွေးချယ်ထားတာတောင် သိပ်မစွံဘူး ဆိုတာ ကိုယ့်အဖြစ်က လက်တွေ့သက်သေပဲလေ။ သစ္စာမရှိတဲ့၊ စိတ်ဓာတ်မခိုင်မာတဲ့ ယောက်ျားမှန်း သိသိရက်ကြီးနဲ့ ပေါင်းနေရတာ ဘယ်လောက်ခါးသီးသလဲ။ ဘယ်လောက်စိတ်ပျက်စရာ ကောင်းလဲ။ သမီးလေးမျက်နှာငဲ့ပြီး အင်း … ကိုယ်မှ အိမ်ထောင်ရေး အပြိုကွဲ မခံနိုင်တာ။ မင်းကိုယ့်ဆီကို ဒီလောက် မြန်မြန်ကြီး ရောက်လာလိမ့်မယ် မထင်မိဘူး၊ မိန်းမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့ မင်းသတ္တိကို လေးစားပါတယ်။ ဟိုနေ့က ကိုယ့်အပြုအမူတွေ ကြမ်းသွားတာကိုလည်း တောင်းပန်ပါတယ်။ အဲဒီလိုပဲဟေ့ မိန်းမတွေက ကိုယ့်ယောက်ျားနဲ့ ပတ်သက်လာရင် မိန်းမကြမ်းကြီးတွေ ဖြစ်ဖြစ်သွားကြတာပဲ …"
      ခမ်းနားကြီးကျယ်လှသည့် ခြံဝင်းကျယ်ကြီးထဲမှ ထွက်လာချိန်မှာတော့ လောကသစ် ကမ္ဘာသစ်ထဲသို့ ယခုမှ ရောက်ရှိလာသူပမာ သူမ၏ နှလုံးအိမ်သည် ရွှင်မြူးတက်ကြွနေခဲ့သည်။ ခြေလှမ်းတိုင်းသည်လည်း အနာဂတ်လမ်းကို လျှောက်လှမ်းရန်အတွက် လွတ်လပ်ပေါ့ပါးစွာဖြင့် အသင့်ဖြစ်နေခဲ့သည်။ ကြည်စင် နေသည့် သူမမျက်ဝန်းလေးများသည် နေ့သစ်များကို ရင်ဆိုင်ရန်အတွက် ရဲရင့်မှုတစ်မျိုးဖြင့် တောက်ပ နေခဲ့သည်။
      ထိုနေ့က ခြံဝင်းကျယ်ကြီး၏ ဝင်းတံခါးပေါက်တွင် တပ်ထားသည့် ဘဲလ်လေးကိုကြည့်ရင်း သူမ အတွေးတစ်မျိုး ပေါက်လာခဲ့ရသေးသည်။ လှည့်စားတတ်သည့် မနုဿမုဆိုးတွေ ရောက်လာသည့်အခါ၊ ဒါမှမဟုတ် သစ္စာမဲ့သည့် ယောက်ျားတစ်ယောက် အိမ်ပြန်လာသည့်အခါ ဘဲလ်သံလေးတွေကတော့ မြည်နေဦးမှာပဲ ဖြစ်သည်။
***                                                          ***                                                ***
      အတင်းအဖျင်း လှိုင်းဂယက်များက အချိန်ကာလတစ်ခုကို ဖြတ်သန်းပြီးနောက် သူမ၏ဘဝရေပြင်ထက်မှ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ အမှားတစ်ခုကြောင့် နောက်ထပ်အမှားတွေ ဆက်ကာကျူးလွန်မိခြင်းမျိုး၊ ထိုအမှားအတွက် တစ်သက်လုံးသိမ်ငယ်ရှက်ရွံ့စွာ နောင်တရလျှက် ဦးခေါင်းလျှိုးမနေတတ်ခြင်းသည် သူမ၏ အရည်အချင်းတစ်ရပ် ဖြစ်မည်ထင်သည်။ ယခုအချိန်တွင် သူမ၏ခံစားချက်တွေကို စာမျက်နှာထက်မှာ ရင်ဖွင့်ဖော်ထုတ်နိုင်သည့် ကလောင်တစ်ချောင်းကို ပိုင်ဆိုင်နေပြီ ဖြစ်သည်။ ထို့အတွက်လည်း သူမကျေနပ်ရသည်။
      တစ်ခုပဲရှိသည်။ ဟိုယခင်တုန်းက သိပ်ချစ်ခဲ့သည့် ဘဲလ်သံကိုတော့ မုန်းတီးနေမိဆဲ ဖြစ်သည်။ ပို၍ မုန်းတီးမိသည်ကတော့ ဘဲလ်သံကြားတိုင်း သူ့မျက်နှာကို မြင်ယောင်နေတတ်သည့် သူမကိုယ်သူမပင် ဖြစ်သည်။
                                                                                 ချစ်ခြင်းများဖြင့်
                                                                                                        သင့်ရဲ့
                                                                                                                 ရှဥ့်ညိုလေး
(ကလျာမဂ္ဂဇင်း )
*****                                                     *****                                     *****
(၂၆.၂.၂၀၁၀)         
         

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း