လောကကို ပြောင်းလဲစေသည့် နီတိများ
လောကအကြောင်း
သိမှတ်ဖွယ်ရာ၊ လိုက်နာကျင့်ကြံဖွယ်ရာများကို ဖွင့်ဆိုညွှန်ပြသည့် ကျမ်းစာကို လောကနီတိကျမ်းဟုခေါ်သည်။
ဤကျမ်းစာကို လောကီလောကုတ်စွယ်စုံရ ကျမ်းဂန်တတ် ပညာရှိအမတ်ကြီး “စတုရင်္ဂဗလ”က ရေးသားပြုစုခဲ့၍
ပင်းယခေတ်ကျမ်းစာဟု သိမှတ်ရပါသည်။ နီတိကျမ်းတွင်ပါဝင်သော ဂါထာတစ်ချို့မှာ ဘုရားဟောဂါထာများဖြစ်၍
ဘုရားလက်ထက်ကပင် ရှိနေပြီဟု ယူဆရပါသည်။
ညောင်တုန်းမြို့ ရွှေဟင်္သာတောရတိုက်မှ “ အဂ္ဂမဟာ ပဏ္ဍိတ ” စံကျောင်းဆရာတော်က
လောကနီတိအဖွင့်ကျယ် လက်စွဲကျမ်းအမည်ဖြင့် ကျမ်းတစ်စောင်ပြုစုရာ ပဏ္ဍိတကဏ္ဍ၊ သုဇနကဏ္ဍ၊ ဗာလဒုဇ္ဇနကဏ္ဍ၊
မိတ္တကဏ္ဍ လေးခုသာ ပြီးစီးသည်။ ကဏ္ဍ(၇)ခုအနက် ကျန်(၃)ခုကို စံကျောင်းဆရာတော်၏တပည့် ရန်ကုန်မြို့ကျောင်းတော်ရာရွှေကျ င်တိုက်မှ
“ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇောတ ဆရာတော်” က ပြီးစီးအောင် ဆက်လက်ပြုစုခဲ့ရသည်။ ယဉ်ကျေးမှုဗိမာန်
ညွှန်ကြားရေးဝန် “ သီရိပျံချီ ဦးသာမြတ် ” က စာဏကျနီတိနှင့် လောကနီတိကျမ်းကို မူရင်းအတိုင်း
မြန်မာပြန်ဆို၍ “ နီတိကျမ်းကျော် ဒွေနှစ်ဖော် ” အမည်ဖြင့် (၁၉၅၄)တွင် ထုတ်ဝေသည်။ “
စာရေးဆရာ ဒါရိုက်တာကြီး ဦးသုခ ” ကလည်း လောကနီတိကျမ်းကို သူ့နည်းသူ့ဟန်ဖြင့် ဖွင့်ဆိုထားခဲ့သေးသည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ရိုးမတိမ်ဆရာတော် “ ဦးသီလာစာရ ” က “ ကမ္ဘာ့ရွှေအိုး
” အမည်ဖြင့် လောကနီတိကျမ်းကို (၁၉၈၂)တွင် ပြုစုထုတ်ဝေသည်။
လောကနီတိကျမ်းကို အင်္ဂလိပ်ဘာသာသို့လည်း ပြန်ဆိုခဲ့ကြသေးသည်။
(၁၈၈၆) ခုနှစ်တွင် “ မစ္စတာဂျေဂရေး ” ဆိုသူကလည်းကောင်း၊ (၁၉၆၂)ခုနှစ်တွင် မန္တလေးတက္ကသိုလ်
ဒဿနိကနှင့် စိတ္တဗေဒပါမောက္ခ “ ဒေါက်တာစိန်တူ ” ကလည်းကောင်း၊ (၁၉၉၅)ခုနှစ်တွင် ဆရာကြီးတက်တိုးကလည်းကောင်း
ပြန်ဆိုခဲ့ကြသည်။ ယနေ့ခေတ်ထိတိုင် စာရေးဆရာအသီးသီးက နီတိအကြောင်းကို မဂ္ဂဇင်းစာမျက်နှာထက်မှာ
ရေးသားနေကြဆဲ၊ စာအုပ်အဖြစ်ထုတ်ဝေနေကြဆဲပင်ဖြစ် သည်။
နီတိကျမ်းကို ခေတ်အဆက်ဆက်တွင် လူပညာရှိ၊ ရဟန်းပညာရှိတို့က အဘယ့်ကြောင့် ကျမ်းပြုခဲ့ကြ၊
ဖွင့်ဆိုခဲ့ကြသနည်း။ ခေတ်စနစ်တိုင်းတွင် မှန်ကန်အသုံးဝင်သော မပျက်ယွင်းသည့် သစ္စာတရားဖြင့်
အဖိုးအနမတဂ္ဂထိုက်တန်သော ကျမ်း၏တန်ဖိုးကို သိရှိကြ၍ နှောင်းလူတို့ လက်တွေ့အသုံးချစေနိုင်ရေးအတွက်ြ ဖစ်သည်။
စတုရင်္ဂဗလ အမတ်ကြီးကလည်း နီတိကျမ်း၏ဂုဏ်ကို ဤသို့ညွှန်းဆိုထားသည်။
နီတိကျမ်းသည် ယောက်ျား၏ အနှစ်မည်၏။ အမိအဖလည်း မည်၏။ ဆရာသမားလည်းမည်၏။ ယောက်ျားကောင်းဖြစ်လိုသူသည်
နီတိကျမ်းအတတ်ကို သိနားလည်ရာ၏ဟု ဖွင့်ဆိုထားခဲ့သည်။
ရှေးအခါက မင်းညီမင်းသား၊ ယောက်ျားကောင်းတို့တတ်အပ်သော အတတ်ပညာဆယ့်ရှစ်ပါးတွင်
နီတိကျမ်းအတတ်သည်လည်း ပညာရပ်တစ်ခုအဖြစ်ပါဝင်သည်။ နီတိတတ်သောသူသည် ပညာရှိဖြစ်နိုင်၏။
ကြီးကျယ်မွန်မြတ်၏။ အကြားအမြင် ဗဟုသုတများနိုင်၏။
နီတိကျမ်းတွင်လည်း “ အကြားအမြင်ပညာကို နည်းသည်ဟူ၍ မအောက်မေ့ရာ၊
စိတ်၌သိုမှီးသိမ်းဆည်းထားရာ၏။ ခြကောင်များစု၍ ကြီးထွားလာသောတောင်ပိုနှင့် အိုးစရည်း၌
ကျဖန်များ၍ ပြည့်လာသော ရေပေါက်ကဲ့သို့ မှတ်အပ်၏ ” ဟူ၍ဆိုထားသည်။ မတတ်ကောင်းသည့် အတတ်ပညာ၊
မသိကောင်းသည့် ဗဟုသုတဟူ၍မရှိသောကြောင့် လူတိုင်းလေ့လာသင်ယူသင့်ပါသည်။
ပညာတူ၊ အလုပ်အကိုင်တူသည့် လူနှစ်ယောက်တွင် နီတိတတ်သောသူက၊ နီတိအတိုင်းလိုက်နာကျင့်ကြံနို င်သူက
ကျန်တစ်ဦးထက် လုပ်ငန်းလုပ်ရာတွင် ခြေတစ်လှမ်းမက ဆယ်လှမ်းမျှပင် ရှေ့ရောက်နေပေလိမ့်မည်။
စာဏကျနီတိဆရာကြီးက သူတပည့် “ စန္ဒဂုတ္တ ”ကို နွားကျောင်းသားဘ၀မှ ရှင်ဘုရင်ဘ၀သို့ရောက်စေခဲ့ခြင်း မှာ
ဤနီတိများကြောင့်ဖြစ်သည်။
ကျွန်တော်သည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ စာကြည့်တိုက်မှူး သင်တန်းနည်းပြဆရာတော် ဦးပညာသာမိ(မာဂဓီ-သာစည်)
ရေးသားပြုစုသည့် (၁၉၈၉)ခုနှစ်ထုတ် ဆယ်စောင်တွဲသင်တန်း မြန်မာပြန်ကျမ်းကို ဖတ်ရှုလေ့လာမိပါသည်။
ထိုကျမ်းစာအုပ်မှ နီတိများကို ခံစားနှစ်ခြိုက်သဘောကျ၍ ကျွန်တော်ခံစားမိသမျှ၊ ဆင့်ပွားတွေးတောမိသမျှလေးများကို
မျှဝေလိုသောစေတနာဖြင့် အတွေးအကြံလေးများကို ဆောင်းပါးအသွင်ရေးဖွဲ့လိုက်ရပါ သည်။ ထိုသို့ရေးဖွဲ့ရာတွင်
ခေတ်အဆက်ဆက်၊ ခေတ်အသီးသီး၌ ကျမ်းပြုခဲ့ကြသည့် ပုဂ္ဂိုလ်ကျော်၊ ပုဂ္ဂိုလ်တော်၊ လူပညာရှိ၊
ရဟန်းပညာရှိ ဆရာသမားအပေါင်းအား တစ်ဦးမကျန် နဖူးမြေခိုက် ဦးနှိမ်ရိုကျိုးလျက် ရေးဖွဲ့ပါသည်။
ကျွန်တော်ရေးသားလိုက်သော ဆောင်းပါးများကြောင့် နီတိကို လူအများပိုမိုစိတ်ဝင်စားလာငြား အံ့။
မဏိဇောတပတ္တမြားရတနာသည် မည်သို့သောနေရာဌာနတွင် ရောက်နေစေကာမူ ပတ္တမြား၏ဂုဏ်သတ္တိအစွမ်းကြောင့် သာလျှင်
တောက်ပလင်းလက်ထင်ရှားခြင်း ဖြစ်ရာ၏။ ထိုသို့မဟုတ်မူပဲ နီတိ၏ဂုဏ်ကို ယုတ်လျော့စေခဲ့ပါမူကား
ကျွန်တော်၏အတွေးအကြံ၊ အရေးအသားများ သေးသိမ်ညံ့ဖျင်း၍သာ ဖြစ်ပါကြောင်း .…။
ထူးအောင်ဝင့်
Comments
Post a Comment