အချိန်ပို မတောင်းကြေး


 အချိန်ပို မတောင်းကြေး

          နောက်ထပ် (၂)ရက်လောက်နေရင် ဆယ်တန်းတွေ အောင်စာရင်းထွက်ပြီ ဆိုတဲ့အကြောင်း ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်ထားကြတာတွေ့တယ်။ စာမေးပွဲအောင်စာရင်း ထွက်တဲ့နေ့မတိုင်မီ ကျွန်တော့်ဖေဖေပြောတာကို အမှတ်ရမိတယ်။ သားရေ ကျောင်းသားတစ်ယောက်ဟာ စာမေးပွဲမှာ အောင်တာနဲ့ ရှုံးတာ နှစ်မျိုးပဲရှိတယ်။ အောင်သည်ဖြစ်စေ၊ ကျသည်ဖြစ်စေ အိမ်ကိုတန်းတန်းမတ်မတ် ပြန်လာပါတဲ့။ အောင်တယ်ဆိုရင်လည်း သားကြိုးစားခဲ့တာမို့ အောင်သွားတာပါ။ ကျတယ်ဆိုရင်လည်း သားကြိုးစားအားထုတ်မှု မလုံလောက်လို့ ကျသွားတာပါ။ သားကြိုးစားခဲ့တာကိုလည်း ဖေဖေတို့ သိမြင်နေခဲ့တာပဲတဲ့။ ကျသွားရင်လည်း ထပ်ဖြေလို့ ရတယ်။ ကြိုးစားခွင့် ရှိသေးတာမို့ စိတ်ဓာတ်ကျစရာ မလိုဘူးတဲ့။ အဲဒီလိုမျိုး ပြောပြခဲ့တာပါ။ ကျွန်တော့်မှာ အချိန်ပိုတွေ၊ ကြိုးစားခွင့်တွေရှိသေးကြောင်းပြောပြီး စိတ်ဓာတ်ခွန်အားပေးခဲ့တဲ့ ဖေဖေပါ။ ကျွန်တော် တကယ့်ကို ကျေးဇူးတင်မိပါတယ်။

          နောက်တော့ ကျောင်းပြီး၊ ဘွဲ့ရ၊ အိမ်ထောင်ကျပြီး လုပ်ငန်းခွင်ထဲ ရောက်သွားတယ်။ ကျွန်တော် လူကြီးဖြစ်သွားပြီ။ ကျွန်တော့်မှာ အချိန်ပိုတွေ(နောက်တစ်ကြိမ်ဆိုတာ) မရှိတော့ဘူး။ ကြိုးစားခွင့်တွေ နည်းသွားပြီဆိုတာ လက်တွေ့ဘဝမှာ သိလိုက်ရပြီ။ အခွင့်အရေးတစ်ခုကို အားသွန်ခွန်စိုက် ကြိုးစားခွင့် တစ်ကြိမ်ပဲရတယ်။ ချွတ်ချော်သွားရင် ပြိုင်ဘက်က အဲဒီအခွင့်အလမ်းကောင်းကို ယူသွားပြီ။ အဲဒီအခွင့်အလမ်းကောင်းအတွက် နောက်တစ်ကြိမ်ဆိုတာ မရှိတော့ဘူး။ ခင်ဗျား နောက်တစ်ကြိမ်လို့ ကြုံးဝါးမိပြီ ဆိုပါတော့။ သေချာပြီ ခင်ဗျား ဒီတစ်ကြိမ်မှာ ဆုံးရှုံးခဲ့ပြီဆိုတာ အတတ်ပြောရဲတယ်။
          ဆယ်တန်းကျောင်းသားတစ်ယောက်အတွက် ကြိုးစားချိန်က အခြားဆယ်တန်းကျောင်းသားတွေရဲ့ အချိန်အတိုင်းပဲ။ ဇွန်လမှာ ကျောင်းတွေ စဖွင့်မယ်။ မတ်လမှာ စာမေးပွဲပြီးမယ်။ ဒီကြားထဲကာလက သူ့ရဲ့ကြိုးစားခွင့်ပဲ။ ဒီကာလအတွင်းမှာ သူငယ်ချင်းနဲ့အတူ စာကျက်လို့ရတယ်၊ စာတွက်လို့ရတယ်။ လက်ဖက်ရည်ဆိုင်ထိုင်လည်းရတယ်။ ပန်းခြံထဲမှာ အတွဲသွားချောင်းလဲ ရတယ်။ စာမေးပွဲခန်းထဲက အချိန်စေ့တဲ့ ဘဲလ်သံမြည်ပြီးသွားရင်တော့ ထားခဲ့ပဲ။ ကျက်ထားရဲ့နဲ့ မဖြေခဲ့ရတာတွေ၊ သိလိုက်ရဲ့နက် မလုပ်ခဲ့ရ၊ မတွက်ခဲ့ရတာတွေ ပြန်ပြောမနေနဲ့။ ပြီးသွားပြီ။ (ဖေဖေကတော့ ဒီသဘောတရားတွေ သိရဲ့နဲ့ကျွန်တော့်ကို အားပေးချင်စိတ်နဲ့ အချိန်ပိုတွေ၊ ကြိုးစားခွင့်တွေ ပြောပြတာပါ။ ကျွန်တော်ကတော့ လုပ်ငန်းခွင်ထဲက အဖြစ်အပျက်တွေ၊ သိမြင်နေရတာတွေနဲ့ ချိန်ထိုးပြီး အချိန်ပိုမရှိဘူးလို့ ခံယူမိတာပါ။)
          လက်ဝှေ့ပွဲကိုပဲကြည့်ကြည့်၊ ဘောလုံးပွဲကိုပဲကြည့်ကြည့်၊ အထူးသဖြင့် အိုလံပစ်ပြေးပွဲတွေကြည့်မိရင် ခင်ဗျား အချိန်ပိုတောင်းမရဘူးဆိုတာ သိလာလိမ့်မယ်။ ကျွန်တော် သူ့ထက်သန်မာပါတယ်၊ ထိုးနိုင်ပါသေးတယ်၊ အချိန်တစ်မိနစ်ပဲပေးဗျာ သူ့ကို (Knockout) ကျအောင် ထိုးပြပါ့မယ်။ နိုးပါ၊ ခင်ဗျားအတွက် မရနိုင်တော့ပါဘူး။ နောက်တစ်ကြိမ် ခင်ဗျား စိန်ခေါ်ခွင့် ရှိပေမယ့် ဒီတစ်ပွဲမှာတော့ ရှုံးသွားပါပြီ။ တစ်ခုတော့ရှိတယ်။ ဒီတစ်ပွဲမှာ ခင်ဗျား ရေကုန်ရေခန်း ကြိုးစားတယ်။ ကံမကောင်းလို့၊ ဒါမှမဟုတ် အရည်အချင်း နည်းနည်းညံ့သွားလို့ဆိုရင်တော့ ကျွန်တော့်ဖေဖေ ကျွန်တော့်ကို ကျောင်းဆက် ထားပေးချင်သလို ခင်ဗျား ပရိသတ်ကလည်း နောက်တစ်ကြိမ် မကျေပွဲနွှဲမယ့် ခင်ဗျားပွဲကို အားပေးဖို့ အသင့် ဖြစ်နေမှာပဲ။ အခု စင်ပေါ်ရောက်နေတဲ့ ခင်ဗျားက တော်ရိလျော်ရိ ကစားပြီး နောက်ထပ်ပွဲတွေ အားပေးပါဦးလို့တော့ မဖိတ်ခေါ်သင့်ဘူး မဟုတ်လား။
          ကျွန်တော်တို့ ကလေးတုန်းက အငြင်းသန်တဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူငယ်ချင်းတွေ အပြေးပြိုင်လို့ သူနိုင်ရင် ငါက အပြေးသိပ်သန်တာလို့ ကြွားတတ်တယ်။ သူရှုံးတဲ့အခါတွေကျတော့လည်း ငါ မပြေးချင်လို့၊ နို့မို့ဆို ငါ့ဘယ်မီမလဲ၊ ငါ မင်းကို အနိုင်ပေးလိုက်တာ စသဖြင့် အနိုင်ပြောတတ်တယ်။ ကလေးအထာပေါ့ဗျာ။ အခုလည်း ဝန်းကျင်မှာ၊ လုပ်ငန်းခွင်မှာ ကလေးအထားနဲ့လူတွေကို တွေ့နေရတယ်။ တချို့က စာသိပ်ဖတ်တယ်။ တချို့ကကျ စာသိပ်တတ်တယ်။ စာသိပ်ဖတ်တဲ့သူတွေကျ အငြင်းသန်တဲ့ သူငယ်ချင်းလိုပဲ။ ဆင်ခြေလက်ခြေ သိပ်များတယ်။ ငါက ဒီနိုင်ငံမှာ မွေးလာလို့၊ ဟိုနိုင်ငံမှာသာ မွေးခဲ့ရင် ခုဆိုဘာဖြစ်နေပြီ၊ ညာဖြစ်နေပြီတို့။ အင်္ဂလိပ်တွေ ကျူးကျော်စစ်သုံးကြိမ်နဲ့ တိုင်းပြည်သိမ်းခဲ့လို့ကွ၊ နို့မို့ဆိုရင်…။ ကနောင်မင်းသားကြီး လုပ်ကြံခံခဲ့ရလို့၊ ဗိုလ်ချုပ်လုပ်ကြံခံခဲ့ရလို့၊ ဘာလို့ ညာလို့…။ အဲဒီလိုပဲ စာသိပ်တတ်တဲ့ သူတွေကျတော့လည်း ငါ့လာမပြောနဲ့ သိပြီးသား၊ နပ်ပြီးသား …ဘလာ ဘလာ ဘလာ…။
          တချို့တချို့တွေကျတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာလား၊ မယုံရဲတာလည်း မသိဘူး။ ပြောရရင် စာမေးပွဲ မဖြေရသေးဘူး၊ နောက်နှစ် ဂုဏ်ထူးပါအောင်၊ အောလ်ဒီဖြစ်အောင် လုပ်ပြမယ်ဆိုပြီး ကြုံးဝါးနေသလိုမျိုး။ သေချာတာကတော့ အဲလိုကြုံးဝါးနေသူတွေက ဒီနှစ်စာမေးပွဲကို မဖြေခင်ကတည်းက ကျနေပြီဆိုတာ သူမသိပေမယ့် ဘေးကလူကတော့ သိနေပြီလေ။ (၂၀၂၀) မှာ တိုက်ဆောက်မယ်၊ ကားစီးမယ်ဆိုပြီး လမ်းဘေး ကျားထိုးနေ၊ ကြွေပစ်နေလို့ကတော့ ဘတ်စ်ကားတိုးစီးနေရတဲ့ ပန်းရန်ပဲဖြစ်လာမှာ သေချာပါတယ်။
          ကျွန်တော်တို့အားလုံးမှာ ရထားတဲ့ အချိန်က (၂၄)နာရီ အတူတူပဲမို့ အချိန်ပိုမရှိကြတာ သေချာတယ်။ အဲဒါကြောင့် ရထားတဲ့ နာရီ၊ မိနစ်၊ စက္ကန့်တို့ကို တန်ဖိုးထားဖို့ လိုပါတယ်။ ရက်၊ လ၊ နှစ်တို့ကို နောက်တစ်ကြိမ်ဆိုတဲ့ လက်ရှိအချိန်ကို ပစ်ပယ်တဲ့စကားတွေ မဆိုပဲ ကြိုးစားကြပါစို့။ ဘာလို့လဲဆို ကျွန်တော်တို့ အားလုံးမှာ အချိန်ပိုမရှိဘူး မဟုတ်လား။ အဲဒါကြောင့် …
          အချိန်ပို… မတောင်းကြေး…။

လေးစားစွာဖြင့်
ထူးအောင်ဝင့်
(၃၁.၅.၂၀၁၈ ညနေ ၅း၀၆ မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း