သူဌေး=သူတောင်းစား


 သူဌေး=သူတောင်းစား

          တစ်ခါတုန်းက မြို့တစ်မြို့ရှိ သူဌေးတစ်ဦးနှင့် သူတောင်းစားတစ်ဦး၏ အဖြစ်အပျက်ဖြစ်သည်။ သူဌေးကြီးသည် လေသာဆောင်မှနေ၍ လမ်းမဘက်ရှိ မြင်ကွင်းများကို ငေးနေစဉ် ခြံရှေ့လမ်းမမှ ဖြတ်သွားသည့် သူတောင်းစားတစ်ဦးကို တွေ့လိုက်ရသည်။ တွေ့လိုက်သည်နှင့် အတွေးမျိုးစုံနှင့်အတူ  မေးခွန်းတစ်ခု ထွက်သွားသည်။ ထို့နောက် ချက်ခြင်းပင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

          " ဒီ သူတောင်းစားကို ငါကယ်မယ်…"
          ထို့နောက် အိမ်မှ ဝန်ထမ်းတစ်ဦးကိုခေါ်ကာ လမ်းမထက်ဖြတ်သွားသည့် သူတောင်းစားကိုပြပြီး ခေါ်လာခဲ့ရန် ခိုင်းလိုက်သည်။ သူဌေးက ပန်းခြံထဲတွင် ဆင်းလာခဲ့ရင်း စောင့်နေလိုက်သည်။ ခဏအကြာတွင် အိမ်ထိန်းနှင့်အတူ နောက်မှ ယို့ယို့ကုပ်ကုပ်နှင့်လိုက်လာသည့် သူတောင်းစားကို တွေ့လိုက်ရသည်။ လွတ်လွတ်လပ်လပ် စကားပြောချင်သဖြင့် အိမ်ထိန်းကို သွားနိုင်ပြီဖြစ်ကြောင်း အချက်ပြလိုက်သည်။ အိမ်ထိမ်းထွက်သွားပြီးနောက်…
          " ထိုင်ပါ ကိုယ့်လူ၊ ထိုင်ပါ ဘာမှ စိတ်မသက်မသာ မဖြစ်ပါနဲ့…"
          ထိုသို့ပြောရင်း သူတောင်းစားကိုကြည့်လိုက်ရာ ပင်ပန်းဆင်းရဲသောကြောင့် သူ့ထက် အသက်ကြီး သည် ထင်ရသော်လည်း ရွယ်တူခန့်ဖြစ်သည်ကို ခန့်မှန်းလိုက်မိသည်။ အသက်မေးကြည့်လိုက်သောအခါ ပို၍အံ့သြဖို့ကောင်းသည်မှာ တစ်နှစ်ထဲမွေး ဖြစ်နေသည်။
          " မင်းကို ငါကူညီချင်တယ်၊ မင်းဘာလိုအပ်သလဲ၊ ငါဖြည့်ဆည်းပေးနိုင်တယ်…ဖြည့်ဆည်းပေးမယ်။ ရှင်းရှင်းပြောရရင် မင်းကို သူတောင်းစားဘဝက ငါကယ်မယ်…"
          " ကူညီချင်တယ်ဆိုရင်တော့ ကျွန်တော့်ခွက်ထဲ ပိုက်ဆံထည့်လိုက်ပေါ့၊ ဘာ့ကြောင့် ကယ်တင်ချင် တာလဲ ဆိုတာ မသိရဘူးလား…"
          " ပြောပြမယ်လေ၊ ဒီနေ့ ငါ့မွေးနေ့၊ အဲဒီတော့ ကောင်းမှုတစ်ခုခု လုပ်မယ်၊ ငါ့အတွက်ဆိုတဲ့ မျှော်ကိုးစိတ်မပါဘဲ ကောင်းမှုတစ်ခုခုလုပ်ရင် ကောင်းမယ်ဆိုတဲ့အတွေး တွေးနေတုန်း မင်းကိုမြင်လိုက်လို့ ဒီလိုအစီအစဉ် ဖြစ်လာတာပဲ…"
          သူတောင်းစားက နားထောင်ရင်း စဉ်းစားနေရာမှ
          " သူဌေးကြီးနဲ့ စကားပြောရတာ ကောင်းလိုက်တာ၊ ခုလို ဟန်ဆောင်မဆောင်ဘဲ စကားပြောခွင့် ရတာကိုက မနက်စောစော လာဘ်ကြီးတစ်ခု တောင်းရမ်းရသလိုပါပဲ … "
          " အေး ငါ့စိတ်ထဲလည်း တမျိုးပဲ…အဲဒီတော့ ငါတို့ စိတ်ထဲရှိတဲ့အတိုင်းပဲ ဟန်မဆောင်ပဲ ပြောကြရအောင်၊ ငါမေးတာကို မှန်တဲ့အတိုင်းပဲ ဖြေ…။ မင်း လိုအပ်တာအားလုံး၊ လိုချင်တာအားလုံး ငါဖြည့်ပေးမယ် …"
          သူတောင်းစားက တစ်ချက်ပြုံးလိုက်ရင်း …
          " သူဌေးကြီးက ကျွန်တော်လိုအပ်တာအားလုံး ဖြည့်ပေးနိုင်တယ်၊ ဖြည့်ပေးမယ် ဆိုတာလည်း ယုံပါတယ်။ ကျွန်တော် လိုချင်တာအားလုံး ဖြည့်ပေးနိုင်တယ်ဆိုတာတော့ သူဌေးကိုယ် သူဌေး အထင်ကြီး လွန်းပြီ။ သူဌေးကို နှိမ်တယ် မထင်နဲ့နော်။ သူဌေးလို သူဌေးမပြောနဲ့ သိကြားမင်းတောင် ကျွန်တော့်လိုအင် ဆန္ဒကို ပြည့်အောင် မဖြည့်ပေးနိုင်ပါဘူးဗျ … "
          " ဆိုလှချည်လား…"
          " ဆိုရမယ်ဗျ…ဒါဟာ ကျွန်တော့်ရင်ထဲရှိတဲ့အတိုင်း အမှန်အတိုင်း ပြောတာ…"
          " ကောင်းကွာ၊ ငါနဲ့ မင်းက ရှင်ဘုရင်နဲ့ လောင်းကစားသမားပုံပြင်လိုဖြစ်နေပြီ…၊ ဖတ်ဖူးတယ် မဟုတ်လား ဘုရင်က သူ့ဘဏ္ဍာကုန်အောင် သုံးနိုင်မယ့်သူရှာတာလေ။ အရက်သမားလည်း အံဖတ်ဆို့ သေ၊ ဆေးသမားလည်း ဆေးလွန်သေ၊ လောင်းကစားသမားကျမှ တခဏနဲ့ ဘဏ္ဍာတိုက် ပြောင်တော့တာလေ…"
          " အင်း … ငယ်ငယ်တုန်းက ဖတ်ဖူးတယ်…"
          သို့နှင့် သူဌေးကြီးက ဆက်ပြောသည်။
          " ကဲ ထားပါကွာ၊ မင်းခွက်ထဲ ငါ ပိုက်ဆံထည့်လိုက်ပြီ ဆိုပါတော့၊ ဘာလုပ်ဖို့လဲ…"
          " အစားအသောက် ဝယ်ဖို့လေ…"
          " မတောင်းရတော့အောင် တစ်လစာ အစားအသောက်တွေ လတိုင်းပေးမယ်ကွာ…"
          " မိသားစု ရှိသေးတယ် သူဌေးကြီးရ…"
          " သူတို့အတွက်ရော ပေးမယ်ကွာ …"
          " လူမှာ အဝတ်၊ တောင်းမှာ အကွပ်တဲ့၊ အဝတ်အစားအတွက် တောင်းရမှာပဲ…"
          သူဌေးကြီးက ရယ်လိုက်ရင်း…
          " အံမာ မင်းတို့က အဝတ်အစားဝယ်ဖို့ လိုသေးတယ်…"
          " လိုတာပေါ့ဗျ၊ အိမ်မှာ ကျွန်တော်တို့က ဒီဝတ်စုံနဲ့ နေမယ်ထင်လို့လား၊ ဒါက ကျွန်တော်တို့ ယူနီဖောင်းဗျ၊ ဒီယူနီဖောင်းကလည်း တစ်စုံနဲ့ မရဘူး၊ လျှော်ရဖွပ်ရနဲ့မို့ သုံးစုံလောက် ထားရတယ်၊ နို့မို့နံစော်နေတာနဲ့ ဘယ်သူမှ ကရုဏာယိုစီးမလာဘဲ ဒေါသတွေ ပွားစီးလာမှ မိုင်မိုင်တွေ တူတူပုန်း ကုန်ပါ့မယ်…"
          " မိုင်မိုင်ဆိုတာ ဘာတုန်း…"
          " ထမင်းကို ပြောတာပါ သူဌေးကြီးရ…ရှင်းရှင်းပြောရရင် သူဌေးကြီး ဖြည့်ပေးတာထက် ကျွန်တော့်မှာ တောင်းစရာတွေ ပိုများတယ်။ ဆိုပါတော့ ဘယ်နေရာမှာ ဘာပွဲရှိတယ်ဆိုတာ သိရအောင် အချင်းချင်းချိတ်ဆက်ဖို့ အိုင်ဖုန်း(X) လိုတယ်၊ ကျွန်တော်သွားဖို့လာဖို့ ဖို့ဒ်ကားလိုတယ်၊ ကျွန်တော့် မိန်းမအတွက် မာစီဒီးလိုတယ်၊ ကျွန်တော့်သားအတွက် ပြိုင်ကားလိုတယ် စသဖြင့်ပေါ့၊ သူဌေးကြီး ဖြည့်ပေးရတာ အလုပ်ရှုပ်လို့ သူဌေးပိုင်းဆိုင်သမျှအားလုံး လွှဲပေးရင်တောင် ကျွန်တော့်မှာ တောင်းစရာတွေ ရှိနေတုန်း။ အဲဒီလိုပဲ သူဌေးမှာလည်း မေးခွန်းတွေ ရှိနေတုန်း။ မေးခွန်းဆိုတာ အဖြေမရှိတော့သည့်တိုင် ပေါ်လာနေတဲ့အကောင်ပဲဗျ။ အဲဒါတွေ အားလုံးက " ချင်" ဆိုတဲ့ သိချင်၊ လုပ်ချင်၊ လိုချင်တဲ့ အလိုဆန္ဒ ကြောင့်ဗျ…"
          သူဌေးကြီးက ပြုံးပြုံးကြီး နားထောင်နေရင်း…
          " အင်း… ဆက်ပါဦး…"
          " သူဌေးကြီးလည်း သိချင်ရင် သိချင်မယ်၊ တချို့စာရေးဆရာတွေ…တချို့ကိုပြောတာနော်၊ မနူးမနပ်လေးတွေပေါ့။ ဘာ့ကြောင့် သူတောင်းစားဖြစ်ရတာလဲတို့၊ ဘာ့ကြောင့် ကေတီဗီ၊ မာဆတ် ရောက်သွားတာလဲတို့၊ သူတို့သိသလိုလို ဘာလိုလိုနဲ့ ရေးကြတယ်။ ကွင်းဆင်းတယ်ဆိုပြီး အဲဒီလို နေရာမျိုးတွေ ရောက်သွားတယ်။ တကယ်တော့ သွားချင်လို့ကို သွားတာဗျို့။ အဲဒီလိုပဲ တချို့တွေလည်း လုပ်ချင်လို့ကို လုပ်နေတာပဲ။ ငွေကြေးအခက်အခဲကြုံတာနဲ့ တောင်းတဲ့စိတ် အားသန်တဲ့သူက တောင်းမှာပဲ၊ လိမ်ချင်စိတ်ကဲတဲ့သူက လိမ်မှာပဲ၊ ဇာတ်နာချင်တဲ့သူကလည်း ဇာတ်နာအောင် ဇာတ်လမ်းဖန်မှာပဲ… "
          " မင်း ဒဿနနဲ့ မင်းတော့ ဟုတ်နေသလိုပဲဟေ့…"
          " ဟုတ်သလိုလို မဟုတ်ဘူး သူဌေးကြီးရ၊ ဟုတ်ကို ဟုတ်နေတာ…။ ကျွန်တော်ပြောတဲ့အထဲမှာ ခြွင်းချက်တွေတော့ မပါဘူးနော်။ ခြွင်းချက်ဆိုတာ လောကအဖြေရှာတဲ့နေရာမှာ ထည့်တွက်ကောင်းတာ မဟုတ်ဘူးဗျ…။ သူဌေးကလည်း သူဌေးဖြစ်ချင်တဲ့စိတ်ကြောင့် သူဌေးမဖြစ် ဖြစ်အောင် ကြံမှာပဲ။ သူဌေးမဖြစ်သေးသည့်တိုင်၊ အလှည့်အပြောင်းတစ်ခုခုကြောင့် ဆင်းရဲမွဲတေသွားသည့်တိုင်ပေါ့။ အဲဒီလိုပဲ ကျွန်တော်လည်း သူတောင်းစားဖြစ်ချင်စိတ်ကြောင့် ဘယ်လောက်ပြည့်စုံပြည့်စုံ သူတောင်းစားအဖြစ်က တစ်လက်မမှ ရွေ့မှာမဟုတ်ဘူး…"
          " မင်း ဆိုက်ကိုနဲ့ ကျောင်းပြီးထားတာလား မောင်သူတောင်းစားရယ် … ။ အဲအဲ သူတောင်းစားလို့ ခေါ်လို့ စိတ်မဆိုးပါနဲ့။ မင်းကို သဘောကျပြီး အူရွှင်လာသလိုဖြစ်လာလို့ပါ…။ ငါသိချင်တဲ့ မေးခွန်းနှစ်ခု လောက်ပဲ ဖြေစမ်းပါဦး။ နောက်ထပ်မမေးတော့ပါဘူး။ သူဌေးကနေ မွဲသွားပြီး သူဌေးပြန်မဖြစ်တော့တဲ့ လူတွေကကျတော့ရော၊ နောက်တစ်ခုက သူတောင်းစားဖြစ်ချင်တဲ့ စိတ်ဆိုတာ တကယ်ရှိပါ့မလား …"
          " ပထမမေးခွန်းကို ဖြေရရင် သူတို့တကယ် သူဌေးမဖြစ်ချင်ခဲ့လို့ပဲ။ ဘယ်သူဌေးမှ ကေတီဗီ၊ မာဆတ်သွားလို့။ ကီပင်ထားလို့ မွဲမသွားဘူး။ မွဲသွားသူတို့စိတ်ရင်းအမှန်က ကေတီဗီသွား၊ မာဆတ်သွား၊ ကီပင်းထားချင်လို့ သူဌေးဖြစ်အောင်ကြိုးစားလာသူတွေမို့လို့ပါ။ နောက်မေးခွန်းဖြေရရင်တော့ ဘယ်သူမှ သူတောင်းစား မဖြစ်ချင်ကြပါဘူး။ ကျွန်တော်လည်း မဖြစ်ချင်ဘူး။ ဒါပေမယ့် သူများအိတ်ထဲကဟာကို ကိုယ့်အိတ်ထဲရောက်ဖို့ မတရားတဲ့နည်းနဲ့မဟုတ်ဘူး၊ သူပေးလို့ ရတာပါဆိုပြီး ကိုယ့်စိတ်ကိုယ်လည်း လှည့်စားချင်တော့ သူတောင်းစားဖြစ်တော့တာပေါ့။ လူဆိုတာ အခက်အခဲကြုံရင် ကိုယ့်အရည်အချင်း၊ အတတ်ပညာက ထွက်လာတော့တာပဲ။ ဒါ့ကြောင့် လူကနေပေမယ့် ပညာက မနေဘူးတို့ ဖြစ်လာတာပေါ့။ စီးပွားကုန်သွယ်အတတ် မတတ်တဲ့သူက အခက်အခဲကြုံလာရင် ခါးပိုက်နှိုက်က ခါးပိုက်နှိုက်မှာပဲ၊ သူခိုးက ခိုးမှာပဲ။ သူတောင်းစား မဟုတ်ပေမယ့် အခြေအနေ အခွင့်အရေးပေးရင်း သူတောင်းစားစိတ်ရှိသူကလည်း သူတောင်းစား လုပ်မှာပဲ။ ကဲကဲ ပြန်တော့မယ် သူဌေးကြီး၊ အလှူလွတ်သွားပေမယ့် ဘုန်းကြီးကျောင်း ဆွမ်းကျန်မီသေးတယ်… "
          " ပိုက်ဆံလည်း ထည့်ပေးလိုက်ပါ့မယ်၊ စားစရာတွေရောပေါ့။ တကယ်တော့ ဒီနေ့က ကိုယ့်မွေးနေ့ မဟုတ်ဘူးကွ၊ ကိုယ့်သူငယ်ချင်း စာရေးဆရာတစ်ယောက်မွေးနေ့။ မင်းကြားဖူးမလား မသိဘူး… သူ့ကလောင်နာမည်က တိရစ္ဆာန်တစ်ကောင်နာမည်ဗျ။ သူ့မွေးနေ့ ဘာလက်ဆောင်ပေးရမလဲ စဉ်းစားနေတာ၊ အမှတ်တရတစ်ခုခု လုပ်ပေးမယ်ပေါ့။ ခုတော့ မင်းပြောတာတွေ သူ့ကိုပြန်ပြောပြီး မွေးနေ့လက်ဆောင်လုပ်လိုက်မယ်လေ…။ သူ့အတွက်လည်း တစ်ခုခု ထူးခြားမှာပါ…"
          " သဘောဗျာ၊ ကျွန်တော်က ခင်ဗျားမွေးနေ့ဆိုလို့ မွေးနေ့လက်ဆောင်အမှတ်နဲ့ ကျွန်တော့် ဒဿနတွေ၊ ခံယူချက်တွေကို ပြောပြတာပါ။ ဘာပဲဖြစ်ဖြစ် သူဌေးနဲ့ သူတောင်းစားနဲ့ အတူတူပါဘဲဆိုတာ ခင်ဗျား သဘောပေါက်လောက်ပါပြီ။ သူဌေးမှာလည်း ဖြစ်ချင်၊ လိုချင်တဲ့စိတ်၊ ကျွန်တော့်မှာလည်း ဖြစ်ချင်၊ လိုချင်တဲ့စိတ် အတူတူပဲမို့ သူဌေးနဲ့ သူတောင်းစားကို ညီမျှခြင်းထိုးတာ စိတ်မဆိုးလောက်ဘူး မဟုတ်လား။ သေချာတယ် ခင်ဗျားသူငယ်ချင်း စာရေးဆရာလည်း အတူတူပဲဆိုတာ သူနဲ့တွေ့တော့ မေးကြည့်ပေါ့ဗျာ။ သူနဲ့မဆုံဘူးပေမယ့် သူ့စာ တစ်ပုဒ်တစ်လေ ဖတ်ဖူးထားလို့ အတူတူ ဆုတောင်းပေးလိုက်ရအောင်…"
          " ဟက်ပီးဘာသ်ဒေး …"

                                                                 ချစ်ခြင်းများဖြင့်
                                                                                    သင့်ရဲ့
                                                                                             ရှဥ့်ညိုလေး
                                                                                  (၈.၆.၂၀၁၈ နံနက် ၁၁း၄၉ မိနစ်)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း