ဖတ်ခဲ့ဖူးသည့် စာအုပ်များ

ဖတ်ခဲ့ဖူးသည့် စာအုပ်များ

            ကျွန်တော် ဆောင်းပါးတစ်ပုဒ်ထဲမှာ ဟစ်တလာအကြောင်းကို ဖတ်ခဲ့ဖူးတယ်။ အတိအကျတော့ မမှတ်မိတော့ဘူး။ သူ့စာအုပ်စင်(စာကြည့်တိုက်ဆိုပါစို့)မှာ စာအုပ်(၃)သောင်းလား၊ (၃)သိန်းလား ရှိတယ်ဆိုတဲ့အကြောင်းပေါ့။ သူ့စာကြည့်တိုက်မှာ ရှိတဲ့စာအုပ်အားလုံး သူဖတ်ပြီး၊ မပြီး မသေချာပေမယ့် သူ စာတော်တော် ဖတ်ခဲ့မှာတော့ သေချာပါတယ်။ စာဖတ်ခဲ့လို့သာ လူတော်တစ်ယောက်အဖြစ်နဲ့ လူအများကြီးကို ဦးဆောင်နိုင်ခဲ့တာပေါ့။ လူကောင်း၊ မကောင်းဆိုတာကတော့ ပင်ကိုယ်ဓာတ်ခံ ဒါမှမဟုတ် ပတ်ဝန်းကျင်ရဲ့ စေ့ဆော်မှုကြောင့်လည်း ပါမယ်ထင်ပါတယ်။ သေချာတာကတော့ စာသိပ်ဖတ်ခဲ့တဲ့အတွက်၊ အဲဒီဗဟုသုတကို အသုံးချနိုင်ခဲ့တဲ့အတွက်  သူဟာ အားလုံးရဲ့အရှေ့မှာ ခေါင်းဆောင်တစ်ဦးအဖြစ် ထင်ပေါ်ခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် သူဟာ စာဖတ်သူတစ်ဦးအဖြစ် ကျွန်တော် စိတ်ဝင်စားခဲ့ပါတယ်။

            နောက်ထပ် စာဖတ်သူတစ်ဦးအဖြစ် ကျွန်တော် စိတ်ဝင်စားခဲ့တာက ဆရာမကြီး (ဒေါ်)ခင်ဆွေဦးပါ။ (၂၀၁၃)လောက်မှာ ကျွန်တော် မဂ္ဂဇင်းဟောင်းတစ်အုပ်ထဲမှာ ဖတ်မိခဲ့တာထင်တယ်။ ဆရာမကြီးဟာ စာအုပ်(၃၀၀၀) ကျော် ဖတ်ပြီးခဲ့ပြီ ဆိုတဲ့အကြောင်းမျိုးပါ။ အဲဒီမှာ ကျွန်တော်လည်း ကိုယ်ဖတ်ခဲ့တဲ့ အရေအတွက်လေးကို မှတ်တမ်းတင်ချင်စိတ်လေး ဖြစ်မိတယ်။

            ငယ်ငယ်တုန်းက ကာတွန်းဖတ်ရင် စာသွားတဲ့သူဆိုတော့ ခဏနဲ့ပြီးတယ်။ အဲဒီမှာ ထပ်လည်း မငှားနိုင်တော့ လူကြီးတွေ ဖတ်တဲ့ မဂ္ဂဇင်းဘက် လှည့်တယ်။ ဒုတိယတန်းမှာထင်တယ်၊ ကျွန်တော့်အဖိုးဖတ်တဲ့ နက္ခတ္တရောင်ခြည် မဂ္ဂဇင်းကို ကောက်ဖတ်တယ်။ အဲဒီမှာ ဆရာကြီး လင်းရောင်တင်ရဲ့ နက္ခတ္တစန္ဒီဆိုတဲ့ ဂမ္ဘီရ ဝတ္ထုတိုပါတယ်။ ဆရာကြီးနဲ့ ဖေ့စ်ဘွတ်ခ်မှာ သူငယ်ချင်းဖြစ်တော့ အဲဒီဝတ္ထုလေး ဖတ်ခဲ့တဲ့အကြောင်း ပြောတော့ ဆရာကြီးက " ဟာ၊ ကျွန်တော့်ရဲ့ စာဖတ်ပရိတ်သတ် အစစ်ပဲဗျ " လို့ ပြောသေးတယ်။ အဲဒီဝတ္ထုက ဆရာကြီးရဲ့ ပထမဦးဆုံး ဂမ္ဘီရဝတ္ထုပါ။ လေးတန်းစာမေးပွဲပြီးတော့ ဖေ့ဖေ့ဆီက ဗန်းမော်ဆရာတော် စာအုပ်ဖတ်ရတယ်။ လေးတန်းကျောင်းတက်တုန်းက သူငယ်ချင်းပြောပြတဲ့ အကြောင်းအရာတွေကို စာအုပ်ကိုင်ဖတ်ရတော့ တကယ့်ဖီလင်ပဲပေါ့။

            ခြောက်တန်းလောက်မှာ မင်းသိင်္ခစာအုပ်တွေ ဖတ်နေပြီ။ မောင်သာပြည့် ဝတ္ထုတွေ ဖတ်နေပြီ။ စောပြည့်ချမ်းသာတို့၊ မီကိုဇူးဇင်တို့၊ နိုကိုဇူးဇင်တို့၊ ကလျာ(ဝိဇ္ဇာ/သိပ္ပံ)တို့ကို ခုနစ်တန်းမှာ နှံ့နေပြီ။ မဟူရာလည်း ကြိုက်တယ်၊ စုလှဖြူ က မေမေကြိုက်တာ။ သူ့ဇာတ်လမ်းတွေက ကွဲတာများတယ်။ လွန်းထားထား(ဆေးတက္ကသိုလ်) လည်း ဖတ်တယ်။ နောက်တော့ သိပ်မဖတ်တော့ဘူး။ စိတ်ထဲမှာ အစွန်းရောက်တယ် ထင်လို့။ သူ့ဝတ္ထုတို (၁၀၀)တော့ ပြန်ဖတ်ချင်သေးတယ်။ ပြန်ထုတ်ရင် ဝယ်သိမ်းထားမှာ။

            ဆယ်တန်းပြီးတော့ လေရူးသုန်သုန်၊ လူလေးသို့ ပေးစာများ၊ နောက် ရာဇဓိရာဇ်အရေးတော်ပုံကျမ်း။ အဲဒီစာအုပ်ဖတ်ရတော့ သိပ်သဘောကျတယ်။ အဲဒီတုန်းက ငှားဖတ်တာ။ နောက်တော့ အပိုင်ဝယ်တယ်။ ထပ်ဖတ်တယ်။ ကျွန်တော်က မင်းသိင်္ခ သိပ်ကြိုက်တယ်။ ဆယ်တန်းပြီးတော့ ဆရာမြသန်းတင့်ရဲ့ ရှားလော့ဟုမ်း ဝတ္ထုတွေ ဖတ်ရတယ်။ နောက်တော့ ဆရာကြီး ရွှေဥဒေါင်း၊ ဆရာကြီး ဒဂုန်ရွှေများ အကုန်ဖတ်တယ်။ စာအုပ်ဆိုင်ဖွင့်ကတည်းက အိုင်အိုနန်းထိုက် ဇာတ်လမ်းတွေ ဖတ်တယ်။ (ကျွန်တော် (၈)တန်းလောက်ရောက်တော့ စာအုပ်ဆိုင်လေး ဖြုတ်လိုက်တယ်။ မင်းသိင်္ခစာအုပ်တွေ သိမ်းထားပေမယ့် ရပ်ကွက်စာကြည့်တိုက်ဖွင့်တော့ အကုန်လှူလိုက်တယ်)။ စုံထောက်ဝတ္ထုငတ်နေချိန် မင်းမြတ်သူရ ထွက်ပေမယ့် နှစ်အုပ်လောက် ဖတ်ကြည့်ပြီး၊ နောက်တော့ မဖတ်တော့ဘူး။

            ကျွန်တော် ပြောချင်တာက ကျွန်တော် စာအုပ်သမားစစ်စစ် မဖြစ်ခဲ့ပေမယ့် စာအုပ်တော်တော်များများ တော့ ဖတ်ခဲ့ဖူးတဲ့အကြောင်းပါ။ ကျွန်တော် ဖတ်ပြီးခဲ့တာ ဘယ်လောက်ရှိပြီလဲဆိုတာ သိချင်လာတယ်။ ဖတ်ပြီးတဲ့ စာရင်းစာအုပ်လေး လုပ်ထားရင် ကောင်းမယ်ဆိုတဲ့အတွေးလည်း ပေါ်လာတယ်။ အဲဒီအတွေးပေါ်လာတဲ့ ၂၀၁၃ ဒီဇင်ဘာမှာပဲ ဖတ်လက်စ စာအုပ်လေးကိုပါ စာရင်းထဲ ထည့်မှတ်လိုက်တယ်။ အဲဒီစာအုပ်ကတော့ ဆရာဦးဝင်းငြိမ်းရဲ့ နှစ်ကြောင်းရေး တစ်ကြောင်းခြစ် စာအုပ်ပါ။

            ဒီလိုနဲ့ (၂၀၁၄)ရောက်သွားတယ်။ ကျွန်တော်ဖတ်ပြီးတဲ့စာအုပ်တွေထဲကနေ မှတ်စုထုတ်တယ်။ ထင်မြင်ချက်ရေးတယ်။ နောက်တော့ အချိန်မပေးနိုင်တော့တာနဲ့ ကိုယ်ကြိုက်တဲ့စာပိုဒ်ကို စာအုပ်ထဲမှာပဲ မှင်နီနဲ့ မျဉ်းတားလိုက်တော့တယ်။ ငှားတဲ့စာအုပ်တော့ ကြိုက်တဲ့စာပိုဒ် ကူးရတာပေါ့။ ဒီလို ဖတ်မှတ်စာရင်းပြုစုရင်းနဲ့ မဂ္ဂဇင်းစာအုပ်တွေရော ဖတ်တဲ့စာအုပ်စာရင်းထဲထည့်မလား စဉ်းစာလာမိတယ်။ သူလည်း စာအုပ်ပဲမို့ ထည့်မယ်ဆုံးဖြတ်လိုက်တယ်။ အဲဒီတော့ စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာဟူသမျှ ဖတ်ရတော့တာပေါ့။ ဒါမှ ဖတ်ပြီးစာရင်းထဲ ထည့်လို့ကောင်းမှာကိုး။ အခု ဖတ်ပြီးစာရင်းစာအုပ်ထဲမှာ ဆရာကြီး ရွှေဥဒေါင်းရဲ့ တစ်သက်တာ မှတ်တမ်း မပါဘူး။ နှစ်ကြိမ်လောက် အစအဆုံး ဖတ်ပြီးပေမယ့် ဖတ်ပြီးစာရင်း လုပ်တဲ့နှစ်တွေအတွင်းမှာ ထပ်မဖတ်ဖြစ်သေးလို့ပါ။ အခုစာဖတ်ပြီးစာရင်းတွေဟာ (၂၀၁၄)နောက်ပိုင်း ဖတ်ပြီးမှ သွင်းထားတဲ့ စာရင်းတွေပါ။ တချို့နှစ်တွေဆို (၇)အုပ်လောက်ပဲ ဖတ်ဖြစ်တယ်၊ ဖတ်ပြီးတယ်။ ကျွန်တော်က စာဖတ်ရင် (Cover to cover) ဖတ်ပါတယ်။ တစ်ပတ်ကို တစ်အုပ်နှုန်း ဖတ်မယ်ဆို တစ်နှစ်(၅၂)အုပ် ပြီးပါတယ်။ ခုချိန်ထိတော့ ကျွန်တော့်မှာ (၅၂) အုပ် ဖတ်ပြီးတဲ့နှစ် မရှိသေးပါဘူး။ ဟိုတုန်းကလို စာဖတ် မသွားတော့တာလည်း ဖြစ်မယ်၊ အာရုံပြန့်စရာတွေ၊ လုပ်စရာတွေ များလာတာလည်း ဖြစ်မှာပါ။

            ကျွန်တော့်ရဲ့ ဖတ်ပြီးစာရင်း စာအုပ်လေးကို စာမျက်နှာ(၄၀၀)ပါ ကတ္ထူစာအုပ်ဆိုဒ်ရှည်လေးနဲ့ လုပ်ထားပါတယ်။ သားကြီး ကောင်းဇေယျာလင်းကိုလည်း စာဖတ်ကျင့်လေးလည်း ရအောင် ကျွန်တော့်လို စာအုပ်လေးနဲ့ စာဖတ်စာရင်းလေးလည်း လုပ်ပေးထားပါတယ်။ သားငယ်ကတော့ ငယ်သေးလို့ လုပ်မပေးသေးပါဘူး။ သူငယ်ချင်း မိတ်ဆွေတို့လည်း စာဖတ်တဲ့အခါ ဖတ်ပြီးမေ့မသွားအောင် မှတ်စုလေး ထုတ်ထားသင့်ပါတယ်။ နောက်ပြီး စာဖတ်စာရင်းလေးလည်း လုပ်ထားသင့်ပါတယ်လို့ အကြံပြုလိုပါတယ်။ ကိုယ်ဖတ်ပြီးတဲ့စာအုပ်တွေထဲက နှစ်သက်ရာလေးတွေကို သူငယ်ချင်းတွေကိုလည်း လမ်းညွှန်လို့ရတယ်။ ဖတ်ပြီးသွားတဲ့ စာအုပ်လေးတွေထဲက (ဖတ်ပြီးတာနှစ်တွေကြာသွားလို့ရှိရင်) ထပ်ဖတ်သင့်တဲ့ စာအုပ်လေးတွေလည်း ပြန်ဖတ်နိုင်တာပေါ့။ မဖတ်ရသေးတဲ့ စာအုပ်လေးတွေလည်း ရှိနေမှာ ဖြစ်တော့ ပိုနေတဲ့အချိန်တချို့မှာ စာဖတ်ခြင်းဖြင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်လို့ အကြံပြုရင်း …။

ရှဉ့်ညိုလေး

(၇.၈.၂၀၂၂ နေ့လည် ၁ နာရီ ၇ မိနစ်။)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း