မိန်ထောင်
ကျွန်တော့်မှာ မိန်ထောင် ဆိုသော တရုတ်စပ် သူငယ်ချင်း တစ်ဦးရှိလေသည်။ သူ၏ ပုံသဏ္ဍာန်ကို မြင်သာအောင် ပြောရမည်ဆိုလျှင် သူသည် တရုတ်ကပြားဖြစ်သဖြင့် အသားဖြူသည်။ ထောင်ကောင်းသည် မဆိုသာသော်လည်း ခန္ဓာကိုယ်သည် အနည်းငယ်တုတ်ခိုင်သဖြင့် ထုကောင်းသည်ဟု ပြောရမည် ဖြစ်သည်။ မျက်နှာမှာ ခပ်ပြားပြားနှင့် လေးထောင့်စပ်စပ် ဖြစ်သည်။ နှာခေါင်းမပြားသော်လည်း နှုတ်ခမ်းပါးပါးနှင့် ပါးစပ်ပြဲသည်။ သူပါးစပ်ပြဲပုံက ရုရှားအာနိုးပါးစပ်ပေါက်ပုံ ဖြစ်သည်ဟုဆိုလျှင် ပုံဖော်မြင်နိုင်လောက်ပြီဟု ယူဆမိပါသည်။ ၎င်း၏ မျက်လုံးများမှာမူ ကြံဖျားရှထားသလို ရေးရေးနှင့် မှေးမှေးဖြစ်သည်။ အချုပ်ဆိုရလျှင် ၎င်းမိန်ထောင်ဆိုသော တရုတ်ကပြားသည် ကျွန်ုပ်၏ သူငယ်ချင်းများထဲမှ သူငယ်ချင်းတစ်ယောက်သာလျှင် ဖြစ်တော့သည်။
ကျွန်တော့်သူငယ်ချင်းဟု
ဆိုလိုက်သည်နှင့် စင်းလုံးချော မကောင်းတာသေချာသည်ဟူသော ခင်ဗျား၏ ယူဆချက်မှာ ရာခိုင်နှုန်း
ကိုးဆယ်ကျော် မှန်ပါသည်။ (ရုပ်ချော သဘောကောင်းသော ကျွန်ုပ်မှာ သည်လို ချာတိချာလည် သူငယ်ချင်းများရှိနေသည်မှာ
ကျွန်ုပ်၏ ဆိုးဝါးသည့် အတိတ်ကံကြောင့်နေမှာဆိုသော ခင်ဗျား၏ ထင်မြင်ချက်ကိုလည်း မငြင်းဆန်လိုပါ။
ငိငိ ကိုယ့်ကိုယ်ကိုယ် ကိုယ်ရည်သွေးရသေးတာ။) အနှီ မိန်ထောင်သည် ရုပ်ဆိုးသူတို့ ထုံးစံအတိုင်း
အပြောတော့ ကောင်းလေသည် (မိန်းကလေးများအပေါ်တွင် ဖြစ်သည်။) သူငယ်ချင်းများအပေါ်တွင်
ကောင်းမွန်သည့်အချက်ကလေးများမှာ အကူအညီတောင်လျှင် တတ်နိုင်သမျှ ကူညီပေးသည့်အချက်လည်း
ပါပါသည်။ သို့သော် သူ၏ အားနည်းချက်များထဲမှ အားနည်းချက်တစ်ခုကိုလည်း ပြောပြလိုပါသေးသည်။
၎င်းမှာ …
၎င်းမှာ သူသည် အချိန်ကို
မလေးစားသူ ဖြစ်သည်။ သို့မဟုတ် ကြီးကြီးကျယ်ကျယ် လျှောက်ပြောရလျှင် အချိန်၏ ချည်နှောင်မှုကို
မခံယူလိုသူ ဖြစ်သည်။ ကျွန်တော် အပါအဝင် သူငယ်ချင်း တော်တော်များများမှာ ၎င်း၏ အချိန်စားခြင်းကို
ခံရတတ်လေသည်။
ချင်းချောင်းခြံလည်း
သူ၏ ဒဏ်ကို အတော်ခံရသည်။ ကျွန်တော်ပြောသည့် ချင်းချောင်းခြံမှာ စာရေးဆရာ မောင်လှမျိုး(ချင်းချောင်းခြံ)ကို
ပြောခြင်းမဟုတ်ပါ။ ကျွန်တော့်သူငယ်ချင်း ကိုလှမျိုးကိုပြောခြင်း ဖြစ်သည် (သူငယ်ချင်းများက
၎င်းကို ချင်းချောင်းခြံ ဟု ခေါ်ကြသည်။ မုံရွာသား စစ်စစ်ဖြစ်ပါသည်။) ၎င်းမုံရွာသား
ချင်းချောင်းခြံသည် လက်ဖက်ရည်ဆိုင်ထိုင်ရန်အတွက် မိန်ထောင် ဆီသို့ ဖုန်းခေါ်သည်။ မိန်ထောင်က
ဖုန်းဖြေရင်း အိမ်က ထွက်လာပြီဟု ပြောသည်။ သို့နှင့် ထိုင်နေကြလက်ဖက်ရည်ဆိုင် လာခဲ့ရန်ပြောပြီး
လက်ဖက်ရည်ဆိုင် မှ စောင့်နေလိုက်သည်။ နာရီဝက်ခန့်ကြာတော့ ထပ်ဆက်သည်။ မိန်ထောင်က “ အေးသာယာ
” ရောက်နေပြီဆိုတော့ ဆက်စောင့်နေလိုက်သည်။ တစ်နာရီခန့်ကြာပြီးနောက် မိန်ထောင် တစ်ယောက်
ရောက်မလာသဖြင့် လက်ဖက်ရည်သောက်ပြီး ပြန်လာခဲ့သည် (တကယ်တော့ မိန်ထောင်ရောက်နေသည့်အေးသာယာမှာ
မုံရွာမှ အေးသာယာရပ်ကွက်မဟုတ်ဘဲ တောင်ကြီးမှ အေးသာယာ ကိုရောက်နေခြင်း ဖြစ်သည်။) မိန်ထောင်သည်
တစ်ခါတရံ ထိုကဲ့သို့ ဂျင်းထည့်တတ်သည်။
တစ်ခါကလည်း ကျွန်တော့်ကို
ထိုင်နေကျလက်ဖက်ရည်ဆိုင်သို့ ဖုန်းဆက်ခေါ်သည်။ ထိုင်နေကြ လက်ဖက်ရည်ဆိုင်ဆိုသည်မှာ ကျောက္ကာလမ်းမဘေးရှိ
“ ခန့်ချောကြီး ” လက်ဖက်ရည်ဆိုင်ကို ဖြစ်သည်။ (ရုပ်မချောသူများ အများအားဖြင့် ထိုင်တတ်ကြသော်လည်း
ကျွန်တော့်ကိုမူ ချွင်းချက်ဟု မှတ်ယူနိုင်ပါသည်။) ကျွန်တော် ဆိုင်သို့ရောက်သောအခါ ၎င်းမိန်ထောင်မှာ
မရောက်သေး။ နာရီဝက်ခန့်ကြာမှ ရောက်လာသည်။ လက်ဖက်ရည်မှာပြီး ခဏဟုဆိုကာ ထွက်သွားသည်။
ကျွန်တော့်မှာ သူမှာထားသည့် လက်ဖက်ရည်ခွက်လေးကို ယင်ရမ်းရင်း မိန်ထောင်ကို ထပ်စောင့်နေရသည်မှာ
နာရီတစ်ဝက် ကြာပါသည်။
ထိုသို့ သူငယ်ချင်းများအပေါ်
ဂျင်းထည့်တတ်သည့်၊ အချိန်စားတတ်သည့် မိန်ထောင်တစ်ယောက် သူ၏ အချိန်မလေးစားမှု အားနည်းချက်ကြောင့်ပင်
အိမ်ထောင်ကျသည့်အခါ မရည်ရွယ်သူနှင့် ရခဲ့လေတော့သည်။ ဖြစ်ပုံမှာ သူရည်းစားမှာ ရှမ်းမလေး
ဖြစ်သည်။ ရှမ်းမလေး ဆိုတော့ အသားဖွေးဖွေး ပါးရဲရဲလေးနှင့် မိန်ထောင်နှင့်ဆိုလျှင် ရှေ့သွားနောက်လိုက်
ဘိန်းစားမောင်နှံလို လိုက်ဖက်လှသည်။ သူ့ရည်းစား ရှမ်းမလေးမှာ ကျောင်းလာတက်ခြင်း ဖြစ်သည်။
စာမေးပွဲနောက်ဆုံးရက်တွင် မိန်ထောင်က ဘာပြောစရာ ရှိသည် မသိ၊ လူရှင်းသည့် နေရာတစ်ခုသို့
ချိန်းသည်။ ရှမ်းမလေးကလည်း သူချိန်းတိုင်း အဖော်ခေါ်လာနေကျ “ မေကတ္တီပါ” ဆိုသည့် အမကြီးကို
ခေါ်လာသည်။ ထုံးစံအတိုင်း ချိန်းသည့်အချိန်ထက် နာရီနှစ်ပတ် နောက်ကျသဖြင့် ရှမ်းမလေးက
ရှမ်းစိတ်ပန်းစိတ်ဖြင့် စိတ်ဆိုးကာ ပြန်သွားသည်။ မပြန်ဘဲ ကျန်ရစ်သူက အဖော်လိုက်လာသည့်
“ မေကတ္တီပါ” ဆိုသည့် အမကြီး ဖြစ်သည်။ အခြေအနေကို ရှင်းပြရန်အတွက် ကျန်နေခဲ့ခြင်း ဖြစ်မည်။
သို့သော် …။
ထိုသို့သော်သည် တော်တော်
အရေးကြီးပါသည်။ နာရီနှစ်မောင်း နောက်ကျပြီးမှ ရောက်လာသည့် မိန်ထောင် နှင့် မေကတ္တီပါတို့သည်
(တရုတ်သိုင်းစာအုပ်ထဲကလို ရေးရလျှင် မည်သို့မည်ပုံ လုပ်လိုက်သည်မသိ) သမီးရည်းစားများ
ဖြစ်သွားကြလေသည်။ နောက်တော့ အမှန်တကယ်ပင် အိမ်ထောင်ကျသွားသည်။ သူ၏ မင်္ဂလာဆောင်သို့
ကျွန်တော်တို့ ရောက်သွားသောအခါ သတို့သမီးဝတ်စုံအဖြူလေးဝတ်ထားသည့် သူ၏သတို့သမီးကိုကြည့်ပြီး
အံ့ဩခဲ့ရသည်ကတော့ အမှန်ပင် ဖြစ်သည်။ မည်သည့်မှတ်ချက်ကိုမှတော့ သူငယ်ချင်းအားလုံး မချဖြစ်ခဲ့ချေ။
ခင်ဗျားတို့ကို ပြောပြရန် တစ်ခုတော့ ကျန်သွားခဲ့ပါသည်။ မိန်ထောင်၏ သတို့သမီး အသားရောင်သည်
ကတ္တီပါ အနက်နုရောင် ဖြစ်ပါသည်။ ကျွန်တော်တို့ သူငယ်ချင်းတော်တော်များများက အသားဖွေးဖွေးနှင့်
ကောင်မလေးများ သူတို့ရည်းစားနှင့် ဖြတ်သွားဖြတ်လာ မြင်ရလျှင် “ ကျီးကန်းကြီး ဘဲဥချီလာပြီ
” ဟု စနောက်တတ်ကြသည်။ မိန်ထောင်တို့အတွဲကိုမူ ကျွန်တော်တို့ သူငယ်ချင်းများ မစနောက်ကြသော်လည်း
တခြားသူများက “ ဗျိုင်းကြီး ကတ္တရာပုံး ထမ်းလာပြီ ” ဟုများ စနောက်လေမည်လားဟု ကျွန်တော်
မကြာခဏ တွေးမိတတ်သည်။
အချိန်မလေးစားသည်
ဖြစ်စေ၊ ကတ္တရာပုံး ထမ်းလာသည့် ဗျိုင်းကြီးဖြစ်စေ မိန်ထောင်သည် ကျွန်တော်၏ သူငယ်ချင်းများထဲမှ
သူငယ်ချင်းတစ်ဦးသာ ဖြစ်သည်။ ဆယ်ကျော်သက်အရွယ်မှသည် ယခုထိပ်စီး (၄)ပြောင်းပြီးသည်အထိ
အဆက်အသွယ်မပြတ် ပေါင်းသင်းနေသည့် ငယ်သူငယ်ချင်း တစ်ဦးသာ ဖြစ်သည်။
ယနေ့ မိန်ထောင် ဖုန်းဆက်သည်။
မဆုံတာ နှစ်ပတ်လောက် ရှိပြီဖြစ်၍ လက်ဖက်ရည်ဆိုင်သို့ ချိန်းလိုက်သည်။ သေချာအောင် ကျွန်တော်က
မေးသည်။
“ ဒီနေ့ အိမ်မှာပေါ့၊
ခရီးမထွက်ရဘူးလား ”
“ အေး ”
သို့နှင့် ကျွန်တော်
ထိုင်နေကျ လက်ဖက်ရည်ဆိုင် “ ခန့်ချောကြီး ” သို့ ခန့်ခန့်ကြီး ထွက်ခဲ့လိုက်သည်။ လက်ဖက်ရည်မှာပြီး
နာရီဝက်ကြာသည်အထိ ရောက်မလာသဖြင့် ဖုန်းထပ်ဆက်သည်။ သူက
“ အေး ငါ အိမ်က ထွက်လာပြီ၊
အခု အေးသာယာ ရောက်ပြီ ”
သို့နှင့် ကျွန်တော်
လက်ဖက်ရည်သောက်ရင်း ဆက်စောင့်နေလိုက်သည်။ နောက်ထပ် နာရီတစ်ဝက်ကြာတော့ လက်ဖက်ရည်ဆိုင်မှာ
ကျွန်တော် ပြန်လာခဲ့လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် မိန်ထောင်ပြောသည့် အေးသာယာသည် မုံရွာမှ
အေးသာယာလား၊ တောင်ကြီးမှ အေးသာယာလား မမေးမိသောကြောင့် ဖြစ်သည်။
အပြန်လမ်းတွင် ငယ်တုန်းက
ဖတ်ခဲ့ဖူးသည့် စာတိုလေးကို ဖျက်၍ ကဗျာရွတ်လိုက်သည်။
“ တရုတ် လူလည်
ဗမာ ကပြား
အချိန် သူခိုး
မိန်ထောင် ဗျိုး ”
(မှတ်ချက်။ ။ ကျွန်ုပ်၏ အချိန်အား မကြာခဏ ခိုးတတ်သည့် သူငယ်ချင်း မိန်ထောင်
သို့ ရည်ရွယ်ရေးပါသည်။ တိုက်ဆိုင်သွားလျှင် သို့မဟုတ် အနာဆားပက်မိလျှင် အနာရှိ၍သာ ဖြစ်ပါကြောင်း
အဲလေ တိုက်ဆိုင်မှု သက်သက်သာ ဖြစ်ပါကြောင်း။)
ရှဉ့်ညိုလေး
(၂၃.၈.၂၀၂၂ နေ့လည်
၁ နာရီ ၅၂ မိနစ်)
Comments
Post a Comment