သူဇာပျို့
၁၃၉။ သို့စသည်ဖြင့်၊ ရှိုက်ရင့်သံချို၊ ဘွဲ့နွဲ့ငိုလျက်၊
စီးယိုမျက်ရည်၊ မဆည်နိုင်ရှာ၊ ဝမ်းမှာပူအိုက်၊ တလှိုက်လှိုက်နှင့်၊
တိမ်တိုက်မိုးခြေ၊ ပျံ့သွားလေ၍၊ ရွှေမြေဂိရိ၊ တိုင်သည်ရှိသော်၊ မဏိရောင်ထွန်း၊
နန်းမတော်နောက်၊ ပျော်လောက်ထူးပြား၊ တန်းလျားရှေ့တွင်၊ နန်းကြမ်းပြင်ထက်၊
အသာသက်တော်၊ ကြွက်ကြွက်ဆူသည်၊ ခမည်း − မယ်တော်၊ ခြောက်ဘော်အမ၊ များလှပည်းထူ၊
နန်းသူအလုံး၊ ရွှင်ပြုံးကြည်ဖြူ၊ အိပ်ပျော်သူလည်း၊ ဟောက်ရှူရာက၊ ထကြွအပြင်း၊
ထမင်းစားခွက်၊ ပက်လက်ပစ်ခဲ့၊ ယဲ့ယဲ့နာကို၊ လူဆွံအိုလည်း၊ အလိုပြီးတိုင်၊
ထလာနိုင်၏၊ ရိုင်ရိုင်စုကြ၊ ဝေးကတချို့၊ နှစ်လို့စုံမက်၊ ရှိလက်စုံမိုး၊
ခိုးကြမြတ်လေး၊ မေးကြဆင့်ဆင့်၊ ချစ်ပွင့်လန်းကြ၊ မစားရဘဲ၊ ဝသည်ဝမ်းဝယ်၊
ပီတိကြွယ်၍၊ ရယ်ကြရွှင်ကြည်၊ တချို့သည်လည်း၊ မျက်ရည်ရွှမ်းကျ၊ ကြေကွဲကြ၏၊
ဒေဝိန္ဒရာဇာ၊ ရွှေတောင်ချာလည်း၊ ကြင်နာလွန်ကဲ၊ ဆံကိုခွဲ၍၊ ယိုရွှဲပြိုက်သွယ်၊
ထိပ်လယ်ပျံ့ကြူ၊ နမ်းတော်မူသည်။ ။ ကြည်ဖြူပီတိ − လန်း၏တည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment