သူဇာပျို့
၁၄၁။ အစ်မတော်များ၊ မင်းခြောက်ပါးလည်း၊ ရွှေသားယဉ်နု၊
မင်းရွှေဥသည်၊ ယခုပျောက်ကွယ်၊ ပြေးမည့်နှယ်ပင်၊ လည်ဝယ်အလျင်၊ ရစ်ဆွဲဆင်၍၊
နမ်းခင်နမ်းက၊ ရှိလကလျင်၊ တိုးကြလုယက်၊ စီစီကျက်ပင်၊ ဖြူညက်ရွရွ၊ လက်ဖျားမျှကို၊
ခဏခဏ၊ ဆွဲကိုင်ကြ၏၊ သို့မှမကြာ၊ မင်းသူဇာကို၊ ညောင်းညာပျံ့ပျူး၊ ဖြေပါဦးဟု၊
ညံ့နူးမွေ့ရာ၊ ထုနှစ်ထွက်ထက်၊ ဘယ်ညာယုယ၊ ချီမဖျော်ဖြေ၊ စက်လျောင်းစေ၍၊
ကွမ်းရေလက်ဘက်၊ ဆက်ကြတသွယ်၊ ခြေနယ်လက်သပ်၊ ရွှေယပ်ခံကြ၊ ဖြားယုယလျက်၊
အစ်မခြောက်ပါး၊ မေးကြငြား၏၊ ရွှေသားညီမ၊ မင်းရှင်လှကို၊ မူလညစ်ခေ၊ မူဆိုးလေသည်၊
ရှာဘွေဆန်းကြယ်၊ သားငှက်နှယ်ပင်၊ ရောင်းဝယ်မည်လား၊ ယူလေသွားသော်၊ ဆွေဝါးမနီး၊
ကိုယ်ထီးတော်ကွဲ၊ မျက်ရည်ရွဲနှင့်၊ ဆင်းရဲပူဆာ၊ ရှိရှာတော့မည်၊ လူတို့ပြည်ဝယ်၊
မတည်ညှိုးငယ်၊ ဘယ့်နှယ်မင်းပု၊ ရွှေဥကြက်သရေ၊ ဖြစ်လေသည်ရှင်၊ မရွှင်နိုင်လျှင်း၊
တို့လွမ်းခြင်းကား၊ ကိုယ်တွင်းမီးဟု၊ ပူ၍ချိချိ၊ ငြိတော့ကိုရှင်၊ များဖြင်နှစ်လ၊
ကြာတင်မှကို၊ လုံ့လသမှု၊ ဘယ်နှယ်ပြု၍၊ ရွှေဥရတနာ၊ ယူ့လက်မှာက၊ လွတ်ပါခဲ့သည်၊
မျက်ရည်မကင်း၊ ရှိရခြင်းကား၊ မိဘကင်းကွာ၊ ဆင်းရဲရာက၊ ငဲ့ညှာ၍ကို၊ လွတ်ပါလှရှင်၊
ပူပင်ရှိရှား၊ ဖြစ်ကြောင်းလျားကို၊ ကြားလည်းကြားချင်၊ ဆွတ်အင်အူသည်း၊
ကြားလည်းမဝံ့၊ ပျောင်းပျောင်းညံ့သည်။ ။ မခံ့လွန်ပင် − ပန်း၏တည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment