လောကကို ပြောင်းလဲစေသည့် နီတိများ(၂)
လောကကိုပြောင်းလဲစေသည့် နီတိများ(၂) အတတ်ပညာနှင့်တူသော ဥစ္စာမရှိ၊ အတတ်ပညာကို သူခိုး မခိုးနိုင်၊ အတတ်ပညာသည် ဤလောက၌ မိတ်ဆွေကောင်းမည်၏၊ အတတ်ပညာသည် တမလွန်၌ ချမ်းသာကို ဆောင်တတ်၏။ ။ ရှေးပညာရှိတို့ ထားရှိခဲ့ကြသည့် ဆိုရိုးစကားများသည် ထိုခေတ်တွင်သာမက ယနေ့ခေတ်ထိတိုင် မှန်ကန်အသုံးဝင်နေသေးကြောင်း တွေ့ရသည်။ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်မှသည် ယနေ့ အနုမြူခေတ်အထိ ပညာကိုသာ အလေးထားခဲ့ကြသည်။ ရှေ့တန်းတင်ခဲ့ကြ သည်။ ကျောက်ခေတ်တွင် အမဲလိုက်ခြင်းအတတ်ပညာသည် အရေးပါဆုံးကဏ္ဍ ဖြစ်ခဲ့သည်။ ယနေ့ခေတ်မှာတော့ များပြားလှစွာသော ပညာရပ်များစွာသည် ကဏ္ဍမျိုးစုံဖြင့် ရှိနေခဲ့ပြီဖြစ်သည်။ သင်ယူလိုသည့် ပညာရပ်ကို ရွေးချယ်သင်ယူနိုင်ခွင့် ရှိနေပြီဖြစ်သည်။