နေရာ
နေရာ
မျက်ဝန်းကို မှေးမှိတ်လိုက်စဉ် ညနေခင်းမှပုံရိပ်တို့က
စိတ်အစဉ်တွင် ရုပ်ရှင်အနှေးပြကွက် တစ်ခုလို ပြန်ပေါ်လာ ကြသည်။ ကြင်နာနွေးထွေးသည့် ကိုကို့မျက်ဝန်းလေးများ ကို
မြင်ယောင်မိစဉ် နှုတ်ခမ်းအစုံက ယောင်ယောင်လေး ပြုံးမိသွားသည်။ ဘေးမှာရှိနေသည့် ဖက်လုံးပြာပြာလေးကို
ခပ်တင်းတင်းဖက်ကာ ခွလိုက်စဉ် ညာဒူးဆီမှ ခပ်စူးစူးနာကျင်မှု ကြောင့် မျက်နှာထက်မှအပြုံးက
တစ်ပိုင်းတစ်စနှင့် ရပ်တန့်သွားသည်။ နှုတ်ဖျားမှ စကားသံတစ်ချို့ပင် ယောင်၍ ထွက်သွားသည်။
̏ မုန်းလိုက်တာ …˝
ဟုတ်တယ်ကိုကို။ သူများ အဲဒီဘီးကို သိပ်မုန်းတာပဲ။
ခုလည်း သူ့ကြောင့် သူများဒူးမှာ ဒဏ်ရာရတာ။ စက်ဘီး တာယာကြီးကလည်း အတုတ်ကြီး။ ပြီး ဘုထိုးဘုထစ်နဲ့။
ရှေ့ဘီးနဲ့နောက်ဘီးကို ဆက်ထားတဲ့ သံပိုက်လုံးကွေးကွေးကြီးနဲ့ အနိမ့်အမြင့်ညှိလို့ရတဲ့
စပရင်ဖောက်ကြီးကလည်း ရုပ်ဆိုးလိုက်တာ ကိုကိုရယ်။ တာတေကို လန်လို့။ ပါဝါရိန်းဂျားကား
ထဲက မိစ္ဆာကြီးအတိုင်းဘဲ။
သူများတို့မြို့က အတက်အဆင်းများတဲ့ တောင်ပေါ်မြို့လေးဆိုတော့ စက်ဘီးက ဂီယာချိန်းရ တာလည်း
ခဏခဏနဲ့ အလုပ်သိပ်ရှုပ်တာပဲ။ စီးနေတုန်းသာ မသိသာတာ။ မ-ရွှေ့ရရင် အလေးကြီးပဲ။ အီစလန်ကို
ဝေရော။ သင်တန်းပြီးလို့ အိမ်ပြန်မယ်လုပ်ရင် သူများဘီးနားမှာ စည်းမရှိကမ်းမရှိရပ်ထားတဲ့
ဘီးတွေတွေ့ရရင် သေချင်စော်တောင် နံလာတယ်ထင်ရတယ်။ သူများဘီးဖယ်ရ ကိုယ့်ဘီးကိုယ် မ-ရွှေ့ရနဲ့
လက်တွေကို ကျန်းစပ်လို့၊ ငိုချင်စိတ်တောင် ပေါက်တယ်။ ငယ်တုန်းကလို ငိုချလိုက်လို့ မရဘူးဆိုတာတော့
သိတာပေါ့ကိုကိုရဲ့။ ခုနေ သူများငိုချရင် ကူညီပေးမှာထက် ဝိုင်းစ-ကြမှာ သေချာတယ်။ မှတ်မိဦးမလား
မသိဘူးကိုကို။ ငယ်တုန်းက သင်ခဲ့ရတဲ့စာထဲမှာလေ။ ̏ လဲနေသူ ထူပေးပါ၊ အားငယ်သူ အားပေးပါ˝
ဆိုတဲ့စာကို သူများတော့ မှတ်မိသေးတယ်။ လူတွေကလည်း ခက်ပါတယ်။ သူများဖြင့် နားကို မလည်တော့ဘူး။
ဖေဖေကလည်း ခက်ပါတယ်။ သူများအပေါ်ကို
ဖေဖေကနားမလည်ဘူး။ သူများကလည်း ဖေဖေ့ကို နားမလည် နိုင်တော့ဘူး။ စက်ဘီးဝယ်ပေးတာကိုလည်း
ကြည့်လေ။ သူများလိုချင်တာ ကိုရီးယားဘီးကလေးတွေ။ ပေါ့ပေါ့ပါးပါးနဲ့ ပုံစံလေးက ချစ်စရာလေး၊
ဖေဖေဝယ်ပေးတဲ့ဘီးလို ပုံဆိုးပန်းဆိုးကြီး မဟုတ်ဘူး။ ဖေဖေ့ဘီးကြီးက တက်လိုက်ရင်လည်း
ကို့ရို့ကားယား၊ စီးလိုက်တော့လည်း ကုန်းကုန်းကွကွနဲ့ တကယ်ပဲ မပြောလိုက်ချင်ဘူး။ ဣနြေ္ဒကို မရဘူး။ မမကိုကျတော့ မြန်မာဆန်ဆန်
ဣနြေ္ဒရရနေခိုင်းပြီး
သူများကျမှ ဟင်း။ ယောက်ျားလေးလိုချင်ရင် ဟိုးတုန်းကတည်းက နောက် တစ်ယောက်
ထပ်မွေးပါလား။ အဝတ်အစားဆိုလည်း မမကျတော့ ဖက်ရှင်အမျိုးမျိုး၊ ဒီဇိုင်အမျိုး။
သူများကျတော့ တစ်ခါလာလည်း ဂျင်းပဲန်နဲ့ တီရှပ်။ ဂျင်းသားကြမ်းကြမ်းကြီးတွေကို
မုန်းလှပြီ။
ဖေဖေဝတ်သလို
စတိုင်ပဲန်ဘောင်းဘီသားမျိုးကျ ဝယ်လည်းမပေးဘူး။ ချုပ်လည်းမပေးဘူး။
ဒီလောက်တောင်ရှိတာ နောက်တစ်ခါဆို တက်တူးကို ထိုးပစ်လိုက်ဦးမယ်။
ရုပ်ရှင်မင်းသမီးတစ်ချို့တောင် တက်တူးထိုး နေကြတာ။
နာမည်ပေးတာတောင်
မမနာမည်ကျ သီတာကျော်တဲ့။ ဖေ့ဖေ့နာမည်နောက်ကပါပေမယ့် လှတယ်။ မိန်းမဆန် တယ်။
သူများနာမည်ကျ ကဗျာမဆန်ဘူး ပေးထားပုံကိုက ဟင်း။ လမင်းကျော်တဲ့။
ဘယ်လောက်ရုပ်ဆိုးသလဲ။ မှတ်ပုံတင်ထဲက နာမည် ဘယ်လိုပဲရှိရှိ သူများနာမည်ကို
စန္ဒာကျော်လို့ ပြောင်းထားလိုက်တယ်။ ခင်တဲ့သူငယ်ချင်းတွေ အားလုံးက
စန္ဒာလို့ပဲခေါ်တယ်။ သူများနာမည် စန္ဒာဆိုတာ ကိုကို့ကို မပြောလိုက်ရဘူးနော်။
မြင်းမိုရ်ဆိုတဲ့ ကိုကို့နာမည် ကို သူများဘာ့ကြောင့် သိသွားရတာပါလိမ့်။
တစ်ယောက်နဲ့တစ်ယောက် မိတ်မဆက်ဖြစ်ခဲ့ကြဘဲနဲ့လေ။ အော် သိပြီ၊ ကိုကို့သူငယ်ချင်း
ကိုဝတုတ်ကြောင့် ဖြစ်မယ်ထင်တယ်။
̏ မြင်းမိုရ်
ငါတို့ လမ်းထိပ်လက်ဖက်ရည်ဆိုင်က စောင့်မယ် ˝
ကိုကိုက စကားထဲတွင်
နှစ်ခါ၊ သုံးခါ ကိုဝတုတ်နာမည် ထည့်ပြောခဲ့သေးသည်။ သူများ မမှတ်မိတော့။ ဝင်းတင်ဆိုလား၊
ဝင်းလွင် ဆိုလားပဲ။ ညနေခင်းတုန်းကတော့ သူများ ကိုကို့သူငယ်ချင်းဆိုသူကို မုန်းခဲ့သည်။
သူ့ကြောင့်ပင် သူများစက်ဘီးလဲခဲ့ရခြင်းဖြစ်သည်။ သူသာ ကိုကို့ကို လမ်းမထက်သို့ တွန်းတိုက်မပစ်လိုက်ဘူးဆိုလျှင်
သူများစက်ဘီးလဲကာ ဒူးဒဏ်ရာ ရခဲ့မည် မဟုတ်ချေ။
ခပ်မြင့်မြင့်
ကုန်းတက်တစ်ခုမို့ သူများစက်ဘီးကို အရှိန်နှင့် အားစိုက်နင်းနေမိသည်က ညနေခင်း သင်တန်းတစ်ခုမှ
အပြန်တွင်ဖြစ်သည်။ ရှေ့မှ လမ်းဘေးလျှောက်နေသည့် လူသုံးယောက်ထဲမှ တစ်ယောက်က တစ်စုံတစ်ယောက်၏
ပယောဂဖြင့် စက်ဘီးရှေ့သို့ ယိုင်ထွက်လာသောအခါ တိုက်မိမှာစိုးစိတ်ဖြင့် ဘရိတ်ကို စုံအုပ်လိုက်
မိသည်။ စက်ဘီးက တုန့်ခနဲရပ်တန့်သွားသည်။ နောက် ဖုန်းခနဲလဲကာ ကုန်းဆင်းဘက်သို့ အနည်းငယ်လျော
သွားလိုက်သေးသည်။ သူများအနားသို့ ပထမဆုံးရောက်လာသူမှာ ကိုကိုဖြစ်ကြောင်း အသိစိတ်ကပ်ချိန်တွင်
သိလိုက်ရ သည်။ ကျောက်သားရောသည့် မြေနီမာမာထက်တွင် လဲနေသည့် သူများအပေါ်မှာပိနေသည့် စက်ဘီးကို
ဖယ်ရှားပေး သူမှာ ကိုကိုဖြစ်သည်။ ရှက်စိတ်၊ နာကျင်ဝမ်းနည်းစိတ်များဖြင့် ခေါင်းငုံ့ကာ
အံကြိတ်လိုက်မိသည်။ အရွယ်ရောက်သည်မှ စ-၍ အိပ်ခန်းမှလွဲပြီး မည်သည့်နေရာတွင်မျှ
မျက်ရည်မကျမိစေရန် ဓိဌာန်မှုက ဒီနေရာတွင် အဆင်ပြေသွားသည်။ လုံးဝ မျက်ရည်မကျစေရ။
စိုးရိမ်စိတ်ဖြင့်
တတွတ်တွတ်မေးနေသည့် အသံရှင်ကို မော်ကြည့်မိသည့်ခဏ … ။ ပထမ ခန္ဓာကိုယ်မှ
နာကျင်မှုတို့ကို မေ့သွားသည်။ နောက် ဝန်းကျင်ကို မေ့လျော့သွားသည်။ ထို့နောက် သူများကိုယ်သူများ
မေ့လျော့ သွားသည်။ ချောလိုက်တာ။ အို ကိုကိုရယ် ချောလိုက်တာ။ ယောက်ျားလေးတစ်ယောက်က ဒီလောက်ထိချောဖို့
မလိုအပ် ဘူးလေ။ ကိုကို့ရဲ့အသံချိုချိုကို တဆိတ်လောက် မာပစ်လိုက်ပါ။ ကျေးဇူးပြု၍ မျက်ဝန်းထဲက အကြင်နာတွေကို တစ်ဝက် လောက် လျော့ချပေးပါကိုကို။ ကျေးဇူးပြု၍ပေါ့။
သတိထားမိချိန်တွင်
သုံးစုံသောမျက်လုံးများအောက်တွင် ခေါင်းကိုငုံ့ကာ ပွန်းစုတ်သွားသည့် ဒူးမှဒဏ်ရာကို
အုပ်ကိုင်ထားလိုက်သည်။ ̏ ရော့ ရော့ ˝ဆိုသည့် ခပ်အစ်အစ်အသံနှင့်အတူ ကိုဝတုတ်က ညစ်ထပ်ထပ်ပုဝါကို
လှမ်းပေးလိုက်သည်။ သူများ မယူချင်ပါဘူး ကိုကို။ ခိုက်မိတဲ့ ဒဏ်ရာထက် ပုဝါညစ်ကြီးဆီက
ရောဂါပိုးတွေ ကူးကုန်ရင်အခက်။ သူများသဘောထားကို ရိပ်မိသွားသည့် ကိုကိုက ဂျင်းကျောပိုးအိတ်ဘေးရှိ
အိတ်လေးထဲမှ ပိုးလက်ကိုင်ပုဝါဖြူလေးကို ထုတ်ပေးသည်။ တစ်ဆက်တည်း ပြောလိုက်သေးသည်။ တစ်ခါမှ
မသုံးရတဲ့ ပုဝါလေးပါဗျာ တဲ့။ ဘယ်လောက်ချစ်ဖို့ကောင်းလဲ။
အဲဒီနောက်မှာတော့
သူငယ်ချင်းနှစ်ယောက်ကို လမ်းထိပ်လက်ဖက်ရည်ဆိုင်တွင်ချိန်း၍ ကိုကိုက
သူများဘီးကို နင်းကာ အိမ်လိုက်ပို့ခဲ့သည်။ သက်တောင့်သက်သာ ထိုင်လိုက်ရခြင်းမဟုတ်သော်လည်း
ကိုကို့ရင်ခွင်အတွင် ရောက်နေသလိုဖြစ်၍ သူများသိပ်မုန်းသည့်ဘီးကို
အကောင်းမြင်စိတ်ဝင်ကာ လက်ကိုင်တန်းလေးကို စည်းချက်နှင့်အညီ ပုတ်ခဲ့မိသေးသည်။
ခုချိန်ဆို ကိုကိုဘာလုပ်နေမှာပါလိမ့်။
သူများကတော့ ခိုက်မိထားသည့် ဒဏ်ရာအားလုံး အရက်ပြန်နှင့်ဆေး၍ ဆေးထည်ပြီးသွားပြီ။
ကိုကိုပေးခဲ့သည့် ပိုးပုဝါလေးကို ယွန်းဘူးထဲထည့်ကာ သေချာသိမ်းပြီးသွားပြီဖြစ်သည်။ ပြန်ပေးဖို့
စိတ်မကူးတော့။ ပြန်ပေးရအောင်လည်း ရုပ်ရှင်ရိုက်နေတာမှ မဟုတ်တာ။ ရုပ်ရှင်ထဲမှာဆိုရင်တော့
ကိုကိုနဲ့သူများ တစ်ချိန်ချိန်တွင် ပန်းခြံထဲပတ်ပြေးရဦးမှာ သေချာသည်။
ဒိုင်ယာရီစာအုပ်ကို
အသာလှန်လိုက်သည်။ ရိုးရှင်းသော စကားလုံးတစ်ချို့ကို ချရေးလိုက်သည်။
̏ ဒီနေ့ ကိုကိုနှင့်ဆုံဆည်းခဲ့သော
နေ့ဖြစ်သည်။ သူများဘဝထဲသို့ ကိုကိုဝင်ရောက်လာသော နေ့ဖြစ်သည်။ သူများမုန်းတီးသောအရာများကို
ချစ်စိတ်ဝင်ခဲ့မိသောနေ့လည်းဖြစ်သည်။ ˝
အတွေးနှင့်အတူ
နံရံတွင်မှီထားသည့် စက်ဘီးလေးကို မြင်ယောင်မိလိုက်သည်။ ကုတင်ဘေးရှိ စားပွဲတင်မီးလေး
ကို ပိတ်လိုက်သည်။ မျက်ဝန်းတွေကို မှိတ်လိုက်စဉ် နှုတ်ဖျားမှစကားသံက တိုးတိုးလေးထွက်သွားသည်။
တကယ့်ကို တိုးတိုးလေးဖြစ်သည်။
̏ ဂွတ်ဒ်နိုက် ကိုကို ˝
…………………………………………………………….***……………………………………………………………
ဝန်ခံပါတယ်ကိုကို။
သူများ ကိုကို့ကို တစ်ရက်မှ မေ့မရခဲ့ဘူး။ ခြေထောက်က ဒဏ်ရာပျောက်လို့ သင်တန်း ပြန်တက်ဖြစ်တယ်။
ကိုကိုနဲ့ဆုံဖူးခဲ့တဲ့ နေရာရောက်တိုင်း တွေ့မလားဆိုတဲ့အသိနဲ့ သတိထားရှာမိတယ်။ မတွေ့ဘူးကိုကို။
ယောက်ျားလေးအုပ်စုတွေ့တိုင်း ကိုကိုများရှိနေမလား ဆိုတဲ့အတွေးနဲ့ ခပ်လှန်းလှန်းက ကြည့်မိတတ်တယ်။
တစ်ချို့ ကောင်လေးတွေက ပါးစပ်သရမ်းတယ်။ တစ်ချို့ကျတော့လည်း မျက်လုံးတွေက မိုက်ရိုင်းတယ်ကိုကိုရယ်။
ကိုကိုကတော့ အဲဒီအမျိုးအစားထဲမှာ မပါဘူးဆိုတာ သူများသိပါတယ်။
တစ်ခါတစ်ခါတော့
ကိုကိုထိုင်ဖူးတဲ့ လက်ဖက်ရည်ဆိုင်ကို သွားထိုင်ရမလားဆိုပြီး ခပ်ရူးရူး စဉ်းစားမိဖူးတယ်။
ကိုကိုနဲ့များ တွေ့လိုတွေ့ငြားပေါ့။ မဖြစ်သေးပါဘူး ကိုကို။ သူများက သိပ်ရွံတတ်တယ် ကိုကိုရဲ့။
စွပ်ကျယ် ချိုင်းပြတ်၊ ချိုင်းမွေးထူလပြစ်နဲ့ အဖျော်ဆရာကြီးကိုလည်း ရွံတယ်။ ကွမ်းသွေး
တဖွီးဖွီးနဲ့ တစ်ခါတစ်ခါ သလိပ်ဟပ်တတ်တဲ့ လူအချို့သောက်ထားတဲ့ လက်ဖက်ရည်ခွက်နဲ့ သောက်ရမှာကိုလည်း
ရွံတယ်ကိုကို။ လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်ရင်လည်း အချိုရည်ဗူးတို့၊ အအေးပုလင်းတို့ပဲ မှာဖြစ်တယ်။
အဲဒါတွေကို ပိုက်တပ်ပြီးသောက်ရုံပဲ မဟုတ်လား။
လူတစ်ယောက်အတွက်
ပျော်စရာနေ့က တစ်ရက်တည်း မဟုတ်ဘူးဆိုတာ သူများလက်ခံသွားပြီကိုကို။ ဘာလို့လဲဆိုတော့
ဒီနေ့ ကိုကို့ကို ဒုတိယအကြိမ်အဖြစ် ထပ်တွေ့လိုက်ရလို့ပေါ့။ ဝမ်းသာလိုက်တာ ကိုကိုရယ်။
ကျေးဇူးလည်းတင်မိပါရဲ့။ သူများက အတွေးလွန်နေမိတာ။ ကိုကိုက လှမ်းခေါ်လိုက်လို့သာပေါ့။
ဒီတစ်ခါတော့ ကိုကို့ သူငယ်ချင်းနှစ်ယောက်ကလည်း သူများအပေါ်မှာ ရင်းရင်းနှီးနှီးပဲ။ ကိုကိုတို့နဲ့အတူ
လမ်းထိပ်လက်ဖက်ရည်ဆိုင်မှာ ထိုင်ဖြစ်ခဲ့သည်။
̏ ဘာသောက်မလဲ
… ˝
သူများ ကိုကို့မျက်နှာကြည့်ပြီး
ခေါင်းရမ်းပြမိသည်။ နောက်တော့ ကိုကိုသောက်သလိုမှာပေးသည့် ပေါ့ဆိမ့် တစ်ခွက်ကို သောက်ရင်း
အဖျော်ဆရာနှင့် မုန့်ဆရာတို့၏ပုံရိပ်များကို မေ့လျော့သွားသည်။ အိုအိရှိ (အရသာရှိလိုက်တာ)ဟု
ထအော်ချင်လောက်အောင်ပင် ကိုကိုမှာပေးသည့် လက်ဖက်ရည်က
ကောင်းလွန်းလှသည်။ ကိုကိုက သူ့ဘဝအကြောင်းအရာတစ်ချို့ကိုပြောပြရင်း သူများရဲ့အကြောင်းကိုလည်း
ပြောပြချင်လာအောင် မေးတတ် သည်။ တက်ထားသည့် သင်တန်းတွေကို ဘယ်နေရာတွေမှာ အသုံးချမလဲဆိုသောမေးခွန်းမျိုးဖြင့်
အလုပ်မလုပ်သေးဘူး လားဆိုသည့် အဓိပ္ပါယ်သက်ရောက်သော မေးခွန်းမျိုးကိုလည်း
မေးတတ်သေးသည်။
ကိုကို့ဖေဖေက
သမားတော်ကြီးတစ်ဦးဖြစ်ကြောင်းနှင့် ဒီမြို့ကို ပြောင်းလာသည်မှာလည်း မကြာသေးကြောင်း
သိလိုက်ရသည်။ ကိုကို့မေမေ၏ ဆောက်လုပ်ရေးကုမ္ပဏီကြီးတွင် ဝန်ထမ်းတစ်နေရာအတွက်
ပြောပေးနိုင်ကြောင်းကို ဂုဏ်ယူဝင့်ကြွားဟန်မပေါက်စေရဘဲ သူများကို သိစေခဲ့သည်။ ကျေးဇူးပါကိုကို။
သူများ ကိုကိုဆီက ဘာအခွင့်အရေးမှ မလိုချင်ပါဘူး။ သူငယ်ချင်းထက်ပိုတဲ့ ရင်းနှီးခင်မင်ခွင့်လေးပါ။
ကိုကို့ဆီက မေတ္တာကိုလည်း ... ။ ဟင့်အင်း
နိမ့်ပါးတဲ့သူများအခြေအနေနဲ့ သူများဘဝကို နားလည်ပါတယ်။ သူများကပဲ ချစ်နေချင်တာပါ
ကိုကိုရယ်။ စကားမစပ် ကိုကို့မျက်လုံးလေးတွေက သိပ်ရိုးသားတာပဲနော်။ သူများအသက်
ဆယ့်ခြောက်နှစ်ကျော်ကတည်းက ကိုးဆယ်ရာခိုင်နှုန်း သော ယောက်ျားတွေရဲ့
ရွံစရာကောင်းတဲ့ မျက်လုံးတွေပဲ တွေ့ဖူးခဲ့တယ်။ ကျန်တဲ့ ရိုးသားကြည်စင်တဲ့
ဆယ်ရာခိုင်နှုန်း သော ယောက်ျားလေးတွေထဲမှာ ကိုကိုပါတယ် သိလား။
ခုနောက်ပိုင်းဆို
သူများရဲ့ဒိုင်ယာရီက ကိုကို့အကြောင်းပဲ ဖြစ်နေတာကို ကိုကိုသိပါရဲ့လား။
ကိုကိုတို့အဖွဲ့နဲ့ လက်ဖက်ရည်ဆိုင် မကြာခဏထိုင်ဖြစ်တာ၊
ရုပ်ရှင်ဇာတ်ကားသစ်တင်တိုင်း ကြည့်ဖြစ်တာ၊ ကြည့်ဖြစ်တဲ့ဇာတ်ကား တိုင်းက
ကိုကို့အကြိုက် အက်ရှင်ဇာတ်ကားချည်းဖြစ်နေတတ်တာ။ ကိုကိုတို့တက်နေသည့်
ကရာတေးသင်တန်းကိုလည်း ကိုကိုတို့နဲ့အတူ နေ့တိုင်းရောက်ဖြစ်သည်။ မိန်းကလေးတွေလည်း
သင်နေကြတာပဲဆိုသည့် ကိုကိုစည်းရုံးမှုနဲ့အတူ သူများသင်တန်းတက်ရန်
စိတ်ဝင်စားမိသေးသည်။ လေ့ကျင့်ရင်း သွားကျိုးကာ သွေးထွက်သံယိုဖြစ်သွားသည့်
သင်တန်းသူနှစ်ဦးကိုကြည့်ပြီး သင်တန်းတက်ရန်ကိစ္စကို အကန့်အသတ်မရှိ
နောက်ဆုတ်လိုက်သည်။
သူများ မနှစ်သက်တဲ့
အပြုအမူတွေ ကိုကို့ဆီမှာ မရှိခဲ့သော်လည်း ကိုကို့ကြောင့် သူများစိတ်ဆင်းရဲ ဝမ်းနည်းခဲ့ရသည်။
ထိုအကြောင်းအရာကို ကိုကိုကလျို့ဝှက်မထားသော်လည်း ထိန်ချန်ထားခဲ့ခြင်းဖြစ်သည်။ ကိုကို့မှာ
စေ့စပ်ထားသည့် ကောင်မလေးရှိသည်။ ထိုကောင်မလေးသည် ကိုကို့ချစ်သူဖြစ်သည်။ သူများပြောချင်တာက
မိဘသဘောတူထားသူမဟုတ်။ နှစ်ယောက်စလုံး အပြန်အလှန်ချစ်ကြသည့် ချစ်သူတွေဆိုတာကိုဖြစ်သည်။
သူများ ဒဏ်ရာကို စည်းဖို့ပေးလိုက်သည့် ပိုးပုဝါလေးသည်ပင် ကိုကို့ကောင်မလေးကပေးထားသည့်
ပုဝါလေးဖြစ်သည်။
ရှက်စိတ်၊ ဝမ်းနည်းအားငယ်စိတ်နှင့်
အပေါ်ထပ်ရှိ သူများအခန်းပြတင်းပေါက်မှ ပိုးပုဝါလေးကို လွှတ်ချပစ်လိုက် သည်။ လွင့်လွင့်ဝဲဝဲပုဝါလေးနှင့်အတူ
သူများနှလုံးသားပါ လိုက်ကျသွားသလို ခံစားလိုက်ရတယ်ကိုကို။ မြက်ခင်းစိမ်းပေါ် ကျသွားတဲ့
ပုဝါဖြူလေးမှာလည်း အပြစ်မရှိပါဘူး။ ပုဝါဖြူလေးပိုင်ရှင် ကိုကို့မှာလည်း အပြစ်မရှိဘူး။
ကိုကို့ကို ပုဝါဖြူလေး ပေးခဲ့သည့် ကိုကို့ချစ်သူမှာလည်း အပြစ်မှ မရှိတာ။ အပြစ်မရှိဘဲ
မြက်ခင်းစိမ်းပေါ်ပစ်ချခံထားရသည့် ပိုးပုဝါဖြူလေးကို သနားစိတ်ဖြင့် အပေါ်ထပ်မှ ပြေးဆင်းကောက်ယူခဲ့လိုက်သည်။
ထို့နောက် သူများဒဏ်ရာကို စည်းနှောင်ဖူးသည့် ပုဝါလေးနှင့် မျက်ရည်မသုတ်ရက်သဖြင့် စားပွဲပေါ်မှ
တစ်သျှူးနှင့်သုတ်ကာ ပုဝါဖြူလေးကိုတော့ ယွန်းဗူးထဲထည့်ကာ သိမ်းလိုက်သည်။
ဒီနေ့ သူများဒိုင်ယာရီလေး
ဝမ်းနည်းနေတယ်ဆိုတာ သိရဲ့လားကိုကို။ ကိုကို သိပ်ရက်စက်တာပဲ။ အို ကိုကိုက ရက်စက်တာမှ
မဟုတ်တာ။ ကံကြမ္မာက ရက်စက်တာပဲဥစ္စာ။ ကိုကိုရက်စက်တယ်ဆိုသော
စာကြောင်းကို ခြစ်ပစ်လိုက် သည်။ နောက် ဒိုင်ယာရီလေးကို ပိတ်လိုက်ပြီး မျက်ဝန်းတွေကို
မှိတ်လိုက်သည်။ တိုးတိုးလေး ဆုတောင်းလိုက်သည်။ တကယ့်ကို တိုးတိုးလေး။
̏ ဂွတ်ဒ်လပ်ခ်
ကိုကို˝
……………………………………………………………***……………………………………………………………
လူတစ်ယောက်အတွက်
ဝမ်းနည်းစရာဆိုတာ တစ်ရက်တည်းနဲ့ ကုန်ဆုံးမသွားနိုင်ဘူးဆိုတာကိုတော့ ဒီနေ့မှပဲ သိလိုက်ရတော့တယ်ကိုကို။
ကိုကိုနဲ့ သူငယ်ချင်းနှစ်ယောက် အပြင်းအထန်ဆွေးနွေးနေကြတဲ့ အကြောင်းအရာဟာ သူများအကြောင်းဆိုတာကို
သိခဲ့ရင် ချောင်းနားမထောင်ခဲ့ပါဘူး ကိုကို။ အစကတော့ ဘာရယ်မဟုတ်ဘူး နောက်ပြောင် ချင်စိတ်နဲ့
သင်တန်းခန်းမတံခါးနဲ့ ကွယ်ပုန်းနေခဲ့တာ။ ကိုကိုတို့အသံတွေ ကျယ်လောင်လာတော့မှ တစ်ချို့
အကြောင်းအရာကို သိလာခဲ့ရတယ်။ အို ကိုကိုလက်ထပ်တော့မယ် ဆိုပါလား။ ဘုရားရေလို့ နာမည်ကျော်
စာရေးဆရာမတွေရဲ့ မင်းသမီးတွေလို မရေရွတ်မိပါဘူး။ ရှေ့လထဲမှာဆိုတော့ သိပ်မလိုတော့ဘူးပေါ့။
သူများတစ်နေ့ ကြုံရမယ့် ဒီသတင်းအတွက် ပြင်ဆင်ပြီးသားပါကိုကို။
̏ မင်းသူ့ကို
ပြောပြထားသင့်တယ်။ နောက်ပြီး မင်္ဂလာပွဲကိုလည်း သူငယ်ချင်းတစ်ယောက်အနေနဲ့ပဲ ဖိတ်သင့်
တယ်။ မင်းလုပ်ပုံက နည်းနည်း စိတ်ကူးယဉ်ဆန်လွန်းတယ် မြင်းမိုရ် ˝
ကိုကိုဘာပြောမလဲဆိုသောအတွေးနှင့်
သူများနားတွေကို ပိုပြီးအာရုံစိုက်ထားမိလိုက်တာ မှားသွားပြီကိုကို။
̏ ငါ ဒီနေ့ပဲ
ပြောမှာပါ။ သူ့ကို ညီငယ်လေးတစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လိုပဲ သဘောထားတယ်။ ငါခင်တာ
စန္ဒာကျော်ဆိုတဲ့ ဂေးလ်စိတ်ဝင်နေတဲ့ လူတစ်ယောက်ကို မဟုတ်ဘူး။ လမင်းကျော်ဆိုတဲ့
ယောက်ျား တစ်ယောက်အဖြစ် ပြောင်းလာမယ့် သူကိုခင်တာ။ သူ့ဘဝကို ပြောင်းပေးချင်တယ်။ လူတစ်ယောက်
သူယုံကြည် လက်ခံထားတဲ့ အခြေအနေတစ်ခုကို ပြောင်းဖို့ဆိုတာ ပတ်ဝန်းကျင်လိုတယ်။ သူငယ်ချင်းကောင်းလိုတယ်။
အဲဒီအတွက် ငါတို့ရပ်တည်နေတာပဲ။ ငါ့ မင်္ဂလာဆောင်မှာ မင်းတို့နဲ့အတူ သတို့သားအရန်လုပ်ဖို့
သူ့ကို ကမ်းလှမ်းမယ်။ သူလက်ခံ လာအောင်တော့ ပြောရမှာပေါ့။ လက်ခံမယ်ဆိုရင် အိုကေ။ နောက်ပိုင်း
ကြုံလာရမယ့် အခက်အခဲတွေ၊ ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့အသင့်ပဲ။
လက်မခံဘူးဆိုရင်တော့ ဂက်ဒ်အောက်ပေါ့။ မင်္ဂလာပွဲကိုလည်း လာစရာမလိုဘူး။ သူငယ်ချင်းအဖြစ်လည်း
ပတ်သက်စရာ မလိုတော့ဘူးပေါ့။ သူငယ်ချင်းတစ်ယောက်ကို အခြောက်ပုံစံနဲ့ မင်္ဂလာပွဲ မတက်စေချင်တဲ့
ငါ့စေတနာက မမှားဘူးမို့လား ဝင်းလွင် ˝
………………………………………………..***………………………………………………………………
ရက်စက်လိုက်တာ
ကိုကိုရယ်ဆိုသောစာသားကို သုံးကြိမ်မြောက်ရေးပြီးနောက် စာအုပ်ကို ပိတ်လိုက်သည်။ နောက်
ဂျပ်ဘူးထဲထည့်ပြီး တိတ်အထပ်ထပ်ပတ်ကာ ပိတ်သည်။ ဘယ်တော့မှ ပြန်မဖွင့်တော့မည့် စာအုပ်မဟုတ်လား။
ထို့နောက် မျက်ဝန်းတွေကို မှေးမှိတ်ထားလိုက်သည်။
လူတွေက အရှိတရားကို
ဘာ့ကြောင့်များ လက်မခံနိုင်ကြပါလိမ့်။ တစ်ဦးဘဝကို တစ်ဦးက ပြောင်းလဲပေးနိုင် သည်ဟု
ယူဆကာ ပြောင်းလဲဖို့ ကြိုးစားနေကြသည်။ တကယ်ရော ပြောင်းလဲသွားနိုင်ပါရဲ့လား။ ဖေဖေလည်း
သူများဘဝကို ပြောင်းလဲစေလိုသည်။ ကိုကိုကလည်း သူများဘဝကို ပြောင်းလဲစေလိုသည်။ ကျား၊
မ ပညတ်ချက်က လူ့လောကအတွက် ပိုအရေးပါသလား။ လောကကောင်းကျိုးဆောင်ရွက်ပေးနိုင်ဖို့အတွက်
သယ်ပိုးလိုစိတ်ကရော အဓိက မကျဘူးလား။ ပန်းတစ်ပွင့် ပွင့်ဖို့အတွက် ရေလောင်းသူက အဓိကလား။
ရေက အဓိကလား။ အဲဒါတွေကို ကိုကိုရော၊ ဖေဖေပါ
ဘာ့ကြောင့် မေ့နေရတာလဲ။
ကိုကိုလည်း အများထက်
အနည်းငယ်သာသည့် ယောက်ျားတစ်ယောက်သာ ဖြစ်သည်။ သူများလိုချင်သည့် သူငယ်ချင်းထက်ပိုသည့်
ရင်းနှီးခင်မင်ခွင့်ကိုတော့ မပေးနိုင်တာသေချာသည်။ ကိုကိုခင်းပေးသည့် လမ်းမထက် မလျှောက်လှမ်းနိုင်သော်လည်း
ကိုကို့ကိုတော့ဖြင့် ကျေးဇူးတင်ပါသည်။ သူများလျှောက်ချင်သည့်၊ လျှောက်ရမည့်လမ်းကို
သွယ်ဝိုက်သည့်နည်းဖြင့် ပြပေးလိုက်သောကြောင့်ဖြစ်သည်။ လူတစ်ယောက်အတွက် ထိုက်တန်သည့်နေရာ
တစ်ခုရှိနေတယ်ဆိုတာကိုတော့ ကိုကိုသိစေချင်ပါသည်။ မိတ်ကပ်ပညာရှင်အဖြစ် ထူးချွန်အောင်
ကြိုးစားမည်။ ကိုကို့မင်္ဂလာဆောင်မှာ လက်မခံလိုသည့်သူများကို မင်္ဂလာပွဲတွေမှာ အရေးတယူဖိတ်ကြားရသည့်၊
လှပသည့် ပန်းကလေးတွေအတွက် ပိုမိုလှပအောင် ဖြည့်စွမ်းဖန်တီးပေးနိုင်သူဖြစ်အောင် ပံ့ပိုးပေးနိုင်သူအဖြစ်
ကြိုးစားမည်။ နှုတ်ဖျားမှ တိုးတိုးလေး ရေရွတ်လိုက်သည်။ တကယ့်ကို တိုးတိုးလေးဖြစ်သည်။
̏ ဂွတ်ဒ်ဘိုင်
ကိုကို ˝
……………………………………………………….***…………………………………………………………………
Comments
Post a Comment