ကျွန်တော်နှင့် ကြယ်ပန်းလေးတစ်ပွင့်အကြောင်း


ကျွန်တော်နှင့် ကြယ်ပန်းလေးတစ်ပွင့်အကြောင်း

                ဒါဟာ အချစ်အကြောင်း မဟုတ်ဘူး။ ကြယ်ပန်းလေးတစ်ပွင့် အကြောင်းပါ။ ကျွန်တော့်ရဲ့ အချစ်အကြောင်း မဟုတ်ပေမယ့် ကြယ်ပန်းလေးရဲ့ အချစ်အကြောင်းတော့ ဖြစ်မယ်ထင်ရဲ့။ သူမနဲ့ ကျွန်တော့်ရဲ့ပတ်သက်မှုက အဖြူရောင်သက်သက်ပါ။ အရိုးသားဆုံးပြောရရင် မတောင်းသင့်တဲ့ အကူအညီ လေး ခပ်သေးသေးတစ်ခု တောင်းမိတာကလွဲလို့ သူမအပေါ်မှာ ကျွန်တော် မမှားခဲ့ဖူးသလို သူမကလည်း ကျွန်တော့်အပေါ်မှာ အပြစ်ဆိုစရာ၊ စကားတင်းဆိုစရာ ကိစ္စလေးတစ်ခုတစ်လေတောင် မရှိခဲ့ဖူးလို့ ယုံကြည် ပါတယ်။
ကျွန်တော်က နားတစ်စုံပါ။ အကြည့်တစ်ချက်ဝေ့တာနဲ့ ကျွန်တော်ဘာဖြစ်မှန်းသိတဲ့ သူမရဲ့ နားတစ်စုံပါ။
ကျွန်တော်က ဟိုးဝေးဝေးကို မျှော်ကြည့်တတ်သူ၊ သူမကတော့ လက်ရှိအရေးကိုသာ အလေးထားသူ။ ဘာပဲပြောပြော သူမက ကောင်းကင်မှာရှိတဲ့ ကြယ်စိုင်ခဲလေးပါ။ တစ်ချိန်မှာ လင်းလက် တောက်ပလာမယ့် ခပ်မှိန်မှိန်နဲ့ အရောင်မလက်သေးတဲ့ ကြယ်မှုန်လေးအဖြစ် ရပ်တည်နေသူဖြစ်သည်။ စူးစမ်းရှာဖွေသူတို့ နာမည်တပ်ဖို့ အလုအယက် ရှာဖွေနေသည့် ကြယ်ခဲလေးဖြစ်သည်။ စူးစမ်းရှာဖွေသူတွေ ရဲ့ မှန်ပြောင်းအောက်မှာ သူတို့နာမည်သတ်မှတ်ပြီးတာနဲ့ ကြယ်ပွင့်လေးရေ မင်းဘယ်လောက်လင်းလင်း မင်းဟာအသစ်မဟုတ်တော့ဘူး။ သူတို့တတွေက အသစ်အသစ်တွေကိုပဲ အာရုံဝင်စားတာဆိုတော့လေ။ မင်းကို နာမည်တပ်ခဲ့တဲ့ မှန်ပြောင်းပိုင်ရှင်တောင် တစ်ခါတစ်ရံမှာ မင်းကို မေ့နေတာမျိုး ကြုံရနိုင်သေးတယ် ကြယ်စင်ရေ။
အိပ်မက်နဲ့ လက်တွေု့ဘဝကို ဆက်စပ်နေချိန်မှာ ဘဝကို ကြမ်းခင်းဈေးထက်တော့ ချပစ်လိုက်ဖို့ မသင့်ဘူး မဟုတ်လား။ လမ်းဘေးမှာ လှဲချလိုက်ဖို့က လွယ်ပါတယ်။ မင်းမှာ လှဲရဲတဲ့သတ္တိရှိဖို့ပဲလိုတယ်။ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ကျတော့ မမှီမကမ်းဖြစ်နေတဲ့ လှေကားကို လှမ်းဆွဲနိုင်ဖို့လိုတယ်။ နဲ့ချည့်ချည့် လှေကားစုတ်လေးပေါ် တက်ရဲတဲ့ သတ္တိလည်းလိုတယ်။ ပြန်ပြုတ်မကျဘူးလို့ ဘယ်သူမှအာမ မခံနိုင်တဲ့လှေကားစုတ်လေးပေါ် ဂရုတစိုက်နဲ့ ရှေ့လောမကြီးဘဲ တက်သွားမယ်ဆိုရင် ̏ Dream come true ˝ ပေါ့ ̏ Baby˝ ။ ပန်းတိုင်ဆီကိုသွားတဲ့လမ်းဟာ သားသားနားနားနဲ့ ခမ်းနားကြီးကျယ်လှချည်ရဲ့လို့ မင်းကို ဘယ်သူပြောခဲ့လဲ။ နက်မှောင်ပြောင်လက်ချင်ယောင်ဆောင်ထားတဲ့ ခပ်ပါးပါး ကတ္တရာခင်းလမ်းမထက်မှာ မင်းလျှောက်ချင်နေပြီလား။ အတင်းအဖျင်း မုန်တိုင်းတွေထဲမှာ ကြွေလွင့်မသွားတဲ့ ပန်းတွေထဲမှာ မင်းပါတယ်။ ဒါပေမယ့် လေညှင်းလေး သဲ့သဲ့သွေးရုံနဲ့ ကြွေလွင့်တော့မယ့်မင်းကို …………။
ကြယ်ကြွေချိန်ဆိုတာ သိပ်လှတာပဲ။ အမြဲတမ်းတော့ မဟုတ်ဘူး။ သိပ်တိုတောင်းတဲ့ အခိုက်အတန့် လေးပေါ့။ ကြယ်ကြွေချိန်ကို ထိုင်ကြည့်ဖူးခဲ့ကြောင်း ကျွန်တော်သူမကို ပြောပြခဲ့ဖူးတယ်။ တဖြုတ်ဖြုတ် ကြွေနေကြတဲ့ကြယ်တွေ ကောင်းကင်မှာ ဘယ်တော့မှ ပြန်မပေါ်လာကြတော့ဘူး ဆိုတာကိုတော့ ပြောမပြ ခဲ့မိတာဟာ ကျွန်တော့်ရဲ့ အမှားများလား။ ခုဆို အချိန်မတိုင်ဘဲနှင့် သူမက ကြွေလွင့်ဖို့ ကြိုးစားနေပြီဖြစ် သည်။
ဖြစ်သင့်တာထက် ဖြစ်ချင်တာကို ဦးစားပေးတဲ့ သူမအတွက် အခိုက်အတန့်တော့ ပျော်ရွှင်မှာပါ။
နောင်တဆိုတဲ့အရာ ဘဝထဲအဝင်မခံဖို့တော့ လိုအပ်တယ် မဟုတ်လား။ သူမက ပစ္စုပ္ပန်မှာ နေထိုင်သူ။ ကျွန်တော်က အနာဂတ်ကို မျှော်တွေးသူ။ ခပ်သေးသေးကြယ်ပန်းလေးတစ်ပွင့် ကမ္ဘာမြေကို ခရီးနှင်ချိန်မှာ သိပ်တောက်ပသွားမယ့် အလင်းတန်းတစ်ခု ဖြစ်ထွန်းသွားမယ်လို့ ထင်မှတ်မထားသူဖြစ်သည်။ သူမနှင့် ကျွန်တော်၏ ပတ်သက်မှုကို အရောင်မစွန်းထင်းဘူးဆိုလျှင်တော့ နှမျောမိသည်ဟု ရိုးသားစွာ ဝန်ခံလို ပါသည်။
ကြယ်ပန်းကလေးရေ အချိန်မတိုင်ဘဲ ဘာ့ကြောင့် ကြွေလွင့်ဖို့ ကြိုးစားနေတာလဲ။ ကိုယ်မက်ချင်တဲ့ အိပ်မက်ဆိုတာ ကိုယ်တိုင်ထုဆစ်မှ ပီပြင်တာမျိုးမဟုတ်လား။ ဘာ့ကြောင့်များ သူများထုဆစ်ပေးမယ့် အိပ်မက်ကို မက်ချင်တာလဲ။ ဒါမှမဟုတ် မင်းမက်ချင်တဲ့အိပ်မက်ကို တခြားတစ်ယောက်က ထုဆစ် ပေးမယ်လို့ ယုံကြည်ခဲ့မိတဲ့ အကြောင်းရင်းက ဘာကြောင့်များပါလိမ့်။ အဲဒီလို ယုံကြည်လိုက်ဖို့အတွက် များများစားစားသိပ်မလိုပါဘူး။ မိုက်မဲမှုနဲ့ နုံ့နဲမှုနည်းနည်းပဲ လိုပါတယ်။ ဒါမှမဟုတ် မင်းကို တံဆိပ်ကပ်ဖို့ ကြိုးစားနေသူရဲ့ ပါးနပ်လိမ္မာမှုနဲ့ ကျွမ်းကျင်မှုဒီဂရီမြင့်မားနေလို့လဲ ဖြစ်နိုင်တယ်။
̏ Give and take˝ ဆိုတဲ့ စကားလုံးအကြောင်း ပြောပြဖူးပေမယ့် အဓိပ္ပါယ်ကို နားလည်ဖို့၊ ယုံကြည်ဖို့ ခဲယဉ်းနေပါသလား။ တစ်ခါတစ်ရံ ချွင်းချက်ဆိုတာရှိတတ်ပေမယ့် နေရာတိုင်းကိုတော့ ချွင်းချက်နဲ့တိုင်းတာဖို့ မသင့်ဘူးဆိုတာ မင်းနားလည်ဖို့ ဘယ်လိုရှင်းပြရမလဲ ကြယ်စင်။ ပုံဖမ်းဖို့ခက်တဲ့ တိမ်တွေ ကမ္ဘာပေါ်မှာ ပျောက်ကွယ်မသွားဘူးဆိုတာ မင်းသိဖို့လိုတယ်။ သီအိုရီနဲ့ ရာသီစက်ဝန်းအကြောင်း မင်းသိဖို့လိုတယ်။ ဘဝပုစ္ဆာကိုတွက်တဲ့အခါ ပုံသေနည်းတစ်ခုတည်းနဲ့ တွက်ခဲ့လျင်တောင် အဖြေတွေ အများကြီး ထွက်လာနိုင်တာ မင်းသိဖို့လိုတယ်။
မြစ်တွေ မဖြောင့်ဘူးဆိုတာကို မင်းသိတယ်။ ဖြူးဖြောင့်နေတဲ့ ဟိုင်းဝေးလမ်းမကြီးအဆုံးမှာ ဘာတွေရှိမလဲ။ ဘဝက ထင်သလောက် မရိုးရှင်းဘူးဆိုတာ မင်းသိစေချင်တယ် ကြယ်စင်။ မရိုးစင်းတဲ့ လောကကြီးမှာ ရိုးရိုးရှင်းရှင်းဖြတ်သန်းချင်တဲ့ မင်းကဆန်းတယ်။ မာယာများတဲ့လောကကြီးမှာ ကိုယ်တိုင် မာယာများဖို့ မလိုပေမယ့် ဒါဟာ မာယာပဲလို့တော့ သိထားသင့်တယ် မဟုတ်လား။ သတိဆိုတာ ပိုတယ်မရှိတဲ့ နေရာတစ်ခုကို မင်းရောက်နေပြီ ကြယ်စင်။
သတိရလိုက်ပါ။ ကိုယ့်ဘဝရဲ့ ဖြစ်တည်မှုကို သတိရလိုက်ပါ။ မင်းဟာနွယ်ပန်း မဟုတ်ဘူး။ ကောင်းကင်မှာလင်းတဲ့ ကြယ်ပန်းဆိုတာကိုပေါ့။ သူတစ်ပါးကို လမ်းပြမယ့်သူက ကိုယ်တိုင် လမ်းမပျောက် ဖို့တော့ လိုတယ်မဟုတ်လား။ လောကဟင်းလင်းပြင်ကြီးထဲ ခရီးပြင်းနှင်ဖို့ဆိုတာကလည်း စောလွန်းပါသေး တယ် ကြယ်စင်ရေ။ တည်ဆောက်ဖို့အတွက် အချိန်တွေအများကြီး လိုပေမယ့် ဖြိုဖျက်ပစ်လိုက်ဖို့က စက္ကန့်အနည်းငယ်ပဲလိုတာ ဆိုတော့လေ။ ဘယ်အရာမဆို လွှတ်ချလိုက်ဖို့၊ လွတ်ကျသွားဖို့က လွယ်ပါ တယ်။ ထိတွေ့စမ်းသပ်လို့ရတဲ့ အရာတွေဆိုရင်တော့ ဘယ်လောက်ပဲ ခက်ခဲနေပါစေ ဇွဲ၊ လုံ့လ၊ ဝီရိယ ဆိုတာတွေ ကြွေးကြော်လို့ ပြန်ကြိုးစားယူနိုင်သေးတယ်။ ဘာတွေပဲကုန်သွား ကုန်သွား မျှော်လင့်ချက်တွေ ကုန်ဆုံးမသွားဖို့ အရေးကြီးတယ်ဆိုတာ မင်းမှတ်မိဦးမယ် ထင်ပါတယ်။
ထိတွေ့စမ်းသပ်မရတဲ့ အရာတွေ လွတ်ကျသွားရင်၊ ဆိုပါတော့ မင်းရဲ့အိပ်မက်တွေ၊ ယုံကြည်ချက် တွေ၊ ဂုဏ်သိက္ခာတွေအတွက် ဘယ်အရာတွေနဲ့ ပြန်ကောက်ယူနိုင်မှာလဲ။ အရောင်တင်ဖို့ ကြိုးစားရင်း၊ ဖြူစင်ဖို့ ကြိုးစားရင်း တစ်ချက်တစ်ချက် အလစ်ဝင်လာတတ်တဲ့ စကားလုံးမြားသွားတွေက မင်းနှလုံးသားကို တစ်စစီဖဲ့ခြွေဦးမှာကတော့ သေချာတယ်။ ဒဏ်ရာတွေ အသားသေဖို့ ကြိုးစားရင်း အမာရွတ်အဟောင်းကို ဒဏ်ရာဖြစ်စေဖို့ ကုတ်ခြစ်တတ်တဲ့ ပတ်ဝန်းကျင်ကလည်း မင်းနားမှာရှိနေဆဲပဲလေ။ တို့နေတဲ့ ကမ္ဘာကြီးက မှားယွင်းမှုတစ်ခုကို မေ့ပျောက်မစွမ်းသာတဲ့ ကမ္ဘာကြီးလို့တော့ သူမကို ကျွန်တော် မကြာခဏပြောဖခဲ့ဖူး တယ်။ နောက်ပြီး ညစ်တွန်းလေးတွန်းတတ်ကြတဲ့ သူငယ်ချင်းဆိုသူတွေက ကမ္ဘာမြေမှာ ကောင်းကင်က ကြယ်လေးတွေထက်တောင် များတတ်သေးတယ် မဟုတ်လား။
ပုံပြင်ဆိုတာ နားထောင်ကောင်းဖို့သက်သက် ပြောပြတဲ့ အကြောင်းအရာ မဟုတ်ဘူး။ ပုံပြင်တိုင်းမှာ သင်ခန်းစာပါတယ်။ ဒါပေမယ့် သင်ခန်းစာပေးရုံသက်သက်လည်း ပုံပြင်တွေကို ထွင်ထားခဲ့တာ မဟုတ်ဘူး။ ကိုယ့်အကြောင်း ကိုယ်သိဖို့က ပုံပြင်တွေကို နားထောင်ဖို့လိုတယ်။ ခံယူဖို့က မင်းနှလုံးသားအပေါ်ပဲ မူတည်တယ်။ ဘယ်အရာမှ မင်းနှလုံးသားကို လမ်းကြောင်းမပြောင်းစေနိုင်ပါဘူး။ တိမ်းစောင်းမသွားဖို့နဲ့ လမ်းပျောက်မသွားစေဖို့ပဲ ကူညီနိုင်မယ်ထင်ရဲ့။ ပြောင်းလဲခြင်းတရားကိုတော့ မင်းကိုယ်တိုင်ပဲ ဖန်ဆင်းနိုင် တယ်။ ရွေးချယ်ခွင့်က မင်းလက်ထဲမှာ မဟုတ်လား။ ကောင်းကင်မှာ တောက်ပလင်းလက်တဲ့ လမ်းပြကြယ်အဖြစ်တည်ရှိချင်သလား၊ အလင်းလက်ဆုံး လောင်ကျွမ်းပြီး ကမ္ဘာမြေကို ခရီးနှင်ချင်သလား။
မြေပြင်ပေါ်မှ ပန်းကလေး ကြွေလွင့်သွားသော် စာအုပ်ကြားအမြတ်တနိုးသိမ်းထားသူနှင့်တွေ့လျှင် တစ်ချိန်မှာ ပုံပြောင်းနေသော ပန်းကလေးအဖြစ် ပြန်တွေ့နိုင်ပါလိမ့်မည်။ ကောင်းကင်မှ ကြွေလွင့်လာမည့် ကြယ်ပန်းကလေး၏ ကမ္ဘာမြေခရီးအဆုံး ဘယ်အရာတွေကျန်ရစ်ခဲ့မလဲဆိုတာကိုတော့ ကျွန်တော် စိတ်ဝင်တစား စောင့်ကြည့်ချင်ပါသေးသည်။ ။

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.weebly.com
(အချိန်မတိုင်မှီ ကြွေလွင့်ချင်နေသော ညီမငယ်များသို့ ....)
ကနီ မဂ္ဂဇင်း
အမှတ်(၃)၊ နိုဝင်ဘာလ၊ ၂၀၁၆
……………………………………………………………………*****…………………………………………………..

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း