ကျွန်တော်နှင့် ထောင်




ကျွန်တော်နှင့် ထောင်
          ရသစာတမ်း
ကျွန်တော်သည် အကျဉ်းသားတစ်ဦး ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် နှစ်ရှည်ကျခံနေရသည့် ထောင်သားတစ်ဦးဖြစ်သည်။ ကိုးနှစ်၊ ခုနှစ်လနှင့် သုံးရက်ဆိုသောအချိန်သည် သိပ်မကြာသေးပါဘူးဟု မှတ်ချက် ပေးရန်မသင့်သည့် ကာလအပိုင်းအခြား ဖြစ်သည်။
          (၂၄)နှစ်အရွယ် လူငယ်တစ်ယောက်၏ လွတ်လပ်မှုနှင့် လဲယူခဲ့ရသည့် အကြောင်းခြင်းရာတစ်ခုသည် ခင်ဗျားအတွက်  စိတ်ဝင်စားစရာ ကိစ္စရပ်တစ်ခု မဟုတ်နိုင်သည်မှာလည်း 
သေချာသလောက်ဖြစ်သည်။ ပြောပြလိုသည် က ထောင်နှင့်ပတ်သက်သည့် ခံစားသိမြင်မှုလေးများကိုပဲ ဖြစ်သည်။
          ထောင်သားဆိုသူကို သိမြင်ခဲ့ရသည်မှာ ငယ်ဘဝတွင် ကြည့်ခဲ့ရသည့် မြန်မာရုပ်ရှင်ကားထဲတွင် ဖြစ်သည်။ အင်္ကျီဖြူ၊ လုံချည်ဖြူ အထက်အောက် အရောင်ဆင်တူဝတ်ကာ နေပူကျဲကျဲတွင် ပင်ပန်းဆင်းရဲဟန်ဖြင့် ပေါက်တူး ပေါက်နေသည့် အကျဉ်းသားဟန် သရုပ်ဆောင်၏ ပုံရိပ်က ယနေ့ထိတိုင် အာရုံထဲတွင် စွဲနစ်ထင်ဆဲဖြစ်သည်။ အပြစ်ကျူးလွန်၍ ထောင်ကျသည်ဆိုသောအသိကိုလည်း ရလိုက်သည်။
          သစ်ပင်တွေဝတ်စုံလဲသည့် ရာသီတစ်ခု၏ အားလပ်ရက်တွင် ဘိုးဘွားများရှိရာ တောင်ပေါ်စခန်းမြို့လေးတစ်ခုသို့ အလည်သွားသည်။ အေးမြသည့်တောင်ပေါ်မြို့လေးနားတွင် ချွေးသံရွှဲရွှဲနှင့် ပန်းဟိုက်ပူဆာစွာ ကျောက်ထု၊ ကျောက်သယ်နေကြသည့် ထောင်သားများစွာကို တွေ့လိုက် ရသည်။
          “ ပြစ်မှုကြွေးကို ချွေးနဲ့ဆပ်နေရတာပဲ ”
          ဖေဖေ၏ ရေရွတ်သံအဆုံး မေမေက ကျွန်တော့်ကို ဆက်ရှင်းပြသည်။ အပြစ်ကျူးလွန်သည့်အတွက်၊ မလုပ်သင့်သည့် အရာတစ်ခုကို လုပ်ခဲ့မိသည့်အတွက် ထောင်ကျရသည်။ ကျူးလွန်ခဲ့သည့် အပြစ်ကျေဖို့အတွက် သွေးနှင့် ချွေးနှင့်ရင်းကာ ပြန်ပေးဆပ်ရသည်ဟု ပြောပြသည်။ ကျွန်တော်အပြစ်ကျူးလွန်ရမည်ကို စက်ဆုပ်သွားသည်။ ၄င်းနှင့်အတူ ထောင်သားနှင့် အပြစ်သားကို ယှဉ်တွဲမြင်တတ်သည့် အလေ့ကျင့်လည်း ရသွားသည်။
          အကျိုးဆက်အဖြစ် ထောင်သားမြင်လျှင် မနှစ်မြို့သည့် ခံစားချက်က နှလုံးအိမ်ထက်မှာ သီးပွင့်သည်။ ဝါကြန့်ကြန့်ကြောင်စီစီမျက်လုံးများ၊ ကျိုးတို့ကျဲတဲနှင့် နီကျင်ကျင်မုတ်ဆိတ်ကျင်စွယ်များ၊ နေလောင်လေစားထားသည့် ကျောပြင်ထက်မှ ချွေးစက်များကြောင့် မနှစ်သက်ခြင်းလည်း ဖြစ်နိုင်သည်။ သို့မဟုတ် တစ်ခုခုများ ကိုယ့်ကိုလုပ်လိုက်မှာ လားဆိုသော အတွေးမျိုးနှင့်ကြောက်ရွံ့ကာ  ရွံမုန်းခြင်းလည်း ဖြစ်နိုင်သည်။ ထောင်သားကိုမြင်တိုင်း စိတ်မသက်မသာ ခံစားရသည်က သေချာသည်။
          ကျောင်းပြင်ပမှ စာပေများကို ဖတ်ရှုလေ့လာခြင်းနှင့်အတူ တိုးပွားလာသည့် ဗဟုသုတတို့ကြောင့် သိမှု နယ်ပယ်သည် ကျယ်ပြန့်လာခဲ့ ပြီဖြစ်သည်။ ထောင်ကျတိုင်း ထောင်သားဟုဆိုနိုင်သည်။ သို့သော် ထောင်သားတိုင်း အပြစ်ကျူးလွန်သူ ဟုတ်ချင်မှ ဟုတ်မည်။ တစ်ခါတစ်ရံတွင် ကျူးလွန်သူတရားခံထက် တရားလိုက ပို၍အပြစ်ကြီး နေတတ်သည်။ မခံချင်စိတ်ကြောင့်၊ ယုံကြည်ချက်ကြောင့်၊ ဘာ့ကြောင့် …၊ ညာ့ကြောင့် စသည့် အကြောင်းမျိုးအစုံစုံနှင့် လေးဘက်လေးတန်ကာရန်ထားသည့် အုတ်တံတိုင်းအတွင်းရှိ သံတိုင်များနောက်ကွယ် ရောက်နေကြရခြင်း ဖြစ်သည်။ ထို့ကြောင့် ထောင်ကျတိုင်း အပြစ်သားဟု သတ်မှတ်ရန်ခက်ခဲသလို လူဆိုးလူမိုက်ဟု စွပ်စွဲရန်လည်း ခက်ခဲလာသည်။
          အမှန်တကယ် အပြစ်ကျူးလွန်သည့် အပြစ်သားအတွက်မူ ပြစ်မှုကြွေးကို ချွေးဖြင့်ဆပ်ခြင်းဖြင့် ချေဖျက်ချင် ချေဖျက်နိုင်လိမ့်မည်။ နှစ်စေ့၍ လွတ်လာခဲ့လျှင်လည်း ဘဝဝမ်းကျောင်းနိုင်ရေးအတွက် အလုပ်တစ်ခုရဖို့က ထောင်ထွက်တစ်ဦးအတွက် ခဲယဉ်းလှသည်။ ထို့ကြောင့် ထောင်သား ဟူသည် ကျွန်တော့်အမြင်တွင် ရွံရှာမုန်းတီးစရာ အဖြစ်မှ ကိုယ်ချင်းစာ သနားရမည့် လူတန်းစားတစ်ရပ် ဖြစ်လာသည်။
          တစ်ခေတ်၊ တစ်ခါက ခေါင်းဆောင်အချို့ပင်လျှင် သံတိုင်များနောက် ရောက်ခဲ့ရသေးသည်။ တောင်သူ လယ်သမားများအတွက် ဦးဆောင်တိုက်ပွဲဝင်ခဲ့သည့် ဆရာစံသည်ပင် သူပုန်ဟုသတ်မှတ်ခံရကာ ခေါင်းဖြတ်အပြစ်ပေး ခြင်း ခံခဲ့ရသည်။ လွတ်လပ်ရေး၏ဖခင် ဗိုလ်ချုပ် အောင်ဆန်းသည်ပင် လွတ်လပ်ရေးမရမီက ဆုငွေငါးကျပ်အထုတ်ခံရ သည့် ဝရမ်းပြေးဖြစ်ခဲ့ဖူးသည်။
          အမှန်တရားက တံခါးခေါက်နေချိန်တွင် မမှန်တရားက ၄င်းခိုးယူထားသည်များကို ရောင်းချကာ စည်းစိမ်ယစ်နေချိန်လည်း ဖြစ်သည်။ ထို့ကြောင့် လူအချို့သည် အပြစ်ဟု သတ်မှတ်ရန်မသင့်သည့် ကိစ္စရပ်များအတွက် အပြစ်ပေးခြင်းခံခဲ့ရသည်။
          ထောင်တွင်းမှာ ရှိနေကြသည့် လူတွေက အမျိုးမျိုးပဲဖြစ်သည်။ တစ်ချို့တွေ၏ လုပ်ရပ်က ပြောင်သည်။ တစ်ချို့တွေက မျက်နှာပြောင်သည်။ တစ်ချို့တွေက မရောင်ရာဆီလူးကာ တလွဲဆံပင်ကောင်းသည်။ တစ်ချို့တွေက ၄င်းတို့လေးစားအားကျသည့် ပုဂ္ဂိုလ်ကြီးတွေ ရှိနေသေးသည်ဟူသောအတွေးဖြင့် အားတင်းသည်။ တစ်ချို့တွေက ပိတ်ထားသည့်တံခါးတွေကို ဖွင့်ဖို့အတွက် စာအုပ်တွေနှင့်ကျောခင်းသည်။ ထောင်တွင်းရှိ ပျင်းရိငြီးငွေ့ဖွယ်ရာ နေ့ရက်တွေကို ဖြတ်သန်းရာတွင် ဤနည်းသည် အကောင်းဆုံးမဟုတ်သော်လည်း အသင့်တော်ဆုံးသော နည်းလမ်း တစ်ခုဖြစ်သည်။ သတ်မှတ်စာအုပ်များသာ ဖတ်ခွင့်ရခြင်းကမူ သိပ်မကြိုက်သောအချက်ဖြစ်သည်။ ထောင်သည် စာကြည့်တိုက်မဟုတ်ဘူးဆိုတာကို သိစိတ်ထဲတွင် စွဲမှတ်ထားနိုင်လျှင်တော့ အကောင်းဆုံးဖြစ်သည်။
          ဖတ်ဖူးခဲ့သည့် ဝတ္ထုထဲမှ ဇာတ်ကောင်တစ်ချို့ကို ထောင်ထဲတွင် တွေ့မြင်နေရသည်။ နိုင်ငံကျော် စာရေးဆရာကြီးတစ်ဦးက သူ၏ဇာတ်ကောင်များကို သူခိုး၊ ဓားပြ၊ ဘိန်းစား၊ သူတောင်းစား၊ သုဘရာဇာ စသည်ဖြင့် စုံအောင်ရေးဖွဲ့ပြသွားသည်။ ထိုဇာတ်ကောင်များ အားလုံးသည် လုပ်နိုင်စွမ်းရှိကြသူများ၊ အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကြသည့် ယောက်ျားကောင်းများဖြစ်ကြသည်။ ဆရာကြီးပေးလိုသည့် မက်စ်ဆေ့ခ်ျမှာ နီတိကျမ်းတွင်ပါသည့် အတိုင်း အမျိုးနိမ့်သည်၊ အမျိုးမြတ်သည်မဟူ ယောက်ျားအား အထင်မသေးရာ ဆိုသော နီတိကို ပုံဖော် လိုခြင်းဖြစ်မည် ထင်သည်။
          ထောင်ထဲရှိ လူအတော်များများမှာ လုပ်နိုင်သည့်အစွမ်း ကိုယ်စီရှိကြသူများဖြစ်သည်။ ရာခိုင်နှုန်း တော်တော်များများမှာ စာရေးဆရာကြီး၏ ဇာတ်ကောင်ပူးခံနေရသူများဖြစ်ပြီး အများအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ သည့် အရေအတွက်မှာမူ လက်ချိုးရေတွက်ရအောင်ပင် နည်းပါးသည်။ လူအမျိုးမျိုး စိတ်အထွေထွေ မဟုတ်လား။
          ထိုလူအမျိုးမျိုး စိတ်အထွေထွေသည် ထောင်ပြင်ရောက်သွားကြသောအခါ သဏ္ဍာန်အမျိုးမျိုးဖြစ်သွားကြသည်။ တစ်ချို့တွေက အသံ “အ”သည့် ကြေးစည်များဖြစ်သွားကြသည်။ တစ်ချို့တွေက မောင်းကွဲကြီးများဖြစ်ကာ စင်မြင့်ထက်သို့ တက်ကြသည်။ တစ်ချို့တွေက ပစ်မှတ်ကို စွဲဝင်တော့မည့် မြှားအဖြစ်နှင့် ပန်းတိုင်ဆီသို့ရှေးရှုသည်။ တစ်ချို့တွေကတော့ သဲဖားများဖြစ်သွားကြသည်။ အများဆုံးတွေ့ရသည်မှာလည်း သဲဖားများသာဖြစ်သည်။
          ထောင်တွင်းမှာရှိစဉ် နဖူးနှင့်ကြမ်းပြင်ထိထားကြရသည့် အမျိုးအစားဖြစ်သော်လည်း ထောင်ပြင်ရောက်သည်နှင့် တစ်ပြိုင်နက် ကြွားကြွားရွားရွားနှင့် ဖောင်းကားကာ သဲဖားများ ဖြစ်လာကြသည်။ ထောင်ကျခဲ့သည့်အဖြစ်ကို ဂုဏ်တပ်ကာ သူ မလှုပ်ရှားခဲ့ဖူးသည့် အရေးကိစ္စများ အကြောင်းကို လုပ်ဖူးခဲ့သယောင် ကြွားဝါမည်။ သူလို ထောင်ကျဖူးရဲ့လားဆိုသော ဟန်မျိုးဖြင့် မာန်ဝင့်မည်။
          ထောင်ကျဖူးခြင်းသည် ဂုဏ်ယူစရာမဟုတ်ပါ။ စာရေးဆရာကြီး ရွှေဥဒေါင်းသည်လည်းကောင်း၊ သတင်းစာ ဆရာကြီး လူထုဦးလှသည် လည်းကောင်း၊ တခြားထင်ရှားကျော်ကြားသူများသည်လည်းကောင်း၊ တစ်ချို့သော နိုင်ငံရေးသမားကြီးများသည်လည်းကောင်း သံတိုင်နောက် ရောက်ဖူးခဲ့ကြသူများဖြစ်သည်။ ထောင်ကျခဲ့ရခြင်းအတွက် ၄င်းတို့အားလုံးဂုဏ်မယူခဲ့ကြပါ။ သို့သော် အများအကျိုးရှိအောင် လုပ်ဆောင်ခဲ့ကြသူများ ဖြစ်သည်။ လူထုဦးလှဆိုလျှင် ၄င်း၏ ထောင်တွင်းအတွေ့အကြုံများကိုစာစီကာ လူအများဗဟုသုတရစေရေးအတွက် စာပေနယ်မှ ဖြန့်ချိစေ ခဲ့သူဖြစ်သည်။ လူအများစုမှာ ထောင်ကျပြီးနောက် ကိုယ်လျှောက်လှမ်းရမည့်လမ်းကို ပြက်ပြက်ထင်ထင် သိမြင်သွားကြသူများချည်း ဖြစ်သည်။ အမြင်ဝေဝါးနေသည့် သဲဖားများမှလွဲ၍ ဖြစ်သည်။
          “ နံရံတံတိုင်းတွေ လေးဖက်လေးတန် ကာရန်ထားပေမယ့်၊ သံတိုင်များနောက်ကွယ် ရောက်နေပေမယ့်၊ သံကြိုးအထပ်ထပ်ခတ်လို့ တုပ်နှောင်ထားပေမယ့် သင့်ရဲ့စိတ်ဝိညာဉ်က လွတ်လပ်ပေါ့ပါးနေမယ်ဆိုရင် သင့်ကိုထောင်ကျ နေသူလို့ သတ်မှတ်မရပါဘူး ” ဆိုသော အဓိပ္ပါယ်မျိုး သက်ရောက်သည့် စာသားကို စာအုပ်တစ်အုပ်ထဲတွင် ဖတ်ခဲ့မိဖူး သည်။
          သို့သော် ထောင်သည် ထောင်သာဖြစ်သည်။ စိတ်ဝိညာဉ် လွတ်မြောက်နေစေဦး ခန္ဓာကိုယ်ကတော့ ထောင်ထဲမှာပဲဖြစ်သည်။ ထောင်သည် ကျွန်တော်တို့၏ အစွမ်းရှိသမျှအား ကန့်သတ်ထားသည်။ ကြီးထွားနိုင်သမျှ ပိတ်ပင်ထားသည်။ ကွပ်ညှပ်ထားသည်။ ထောင်သည် လွတ်လပ်မှုတို့ ဆိတ်သုဉ်းရာဖြစ်သည်။ လွတ်လပ်မှုတို့ ဆိတ်သုဉ်းသည့် နေ့စွဲများကို ကောင်းစွာကျော်ဖြတ်နိုင်ရေးအတွက် စာရေးဆရာက ထောင်သားအား “ စိတ်ဝိညာဉ်သာ လွတ်လပ်နေရင် ထောင်ကျသူ မခေါ်ထိုက်ဘူး ” ဆိုသောစကားဖြင့် နည်းလမ်းပေးထားခြင်း သို့မဟုတ် အားပေးထားခြင်း ဖြစ်နိုင်သည်။
          ထောင်သားဟူသည် နံရံလေးဘက် ကာရန်ထားသည့် အထဲမှ အပြင်ကမ္ဘာသို့ ရုန်းထွက်သွားချင်သူများသာ ဖြစ်သည်။ လူသည် လွတ်လပ်မှုကို အမြတ်နိုးဆုံး သတ္တဝါမဟုတ်လား။
          ထိုမေးခွန်း သို့မဟုတ် ထိုစာကြောင်းသည် ကျွန်တော့်ကို မကြာခဏ စဉ်းစားမိစေသည့် တစ်ခုတည်းသော ပြနာဖြစ်သည်။ လူသည် လွတ်လပ်မှုကို မြတ်နိုးချင် မြတ်နိုးပေလိမ့်မည်။ သို့သော် အချည်နှောင်ခံလိုသည့် လူများသာဖြစ်သည်။ အကျဉ်းသား၏ အချုပ်ခန်းသော့များကို သိမ်းဆည်းထားခြင်းဖြင့် ထောင်ဝန်ထမ်းသည် အကျဉ်းသား၏ ချည်နှောင်ခြင်းကို ခံရသည်။ အကျဉ်းသားနှင့် ထောင်ဝန်ထမ်း၏ အရေးကိစ္စများကို စီမံညွှန်ကြားရင်းဖြင့် ထောင်မးနှင့်ထောင်ပိုင်သည် အချည်နှောင်ခံရသည်။ လူတို့သည် လွတ်လပ်မှုကို မြတ်နိုးသော်လည်း တစ်ပါးသူအား ချည်နှောင်ချုပ်ချယ်ခြင်းနှင့်အတူ ကိုယ်တိုင်အကျဉ်းသားဖြစ်နေကြောင်းကို သိသူနည်းလှသည်။
          လေးဘက်သောနံရံများ၏ အပြင်ဘက်တွင်ရှိနေသော်လည်း ချည်နှောင်ခံထားရသည့် စိတ်ဝိညာဉ်ရှိသူအား လွတ်လပ်သူဟု ခေါ်ဆိုနိုင်ပါမည်လား။ ချည်နှောင်ခံရမည်ဆိုလျှင် လွတ်လပ်မှုမရှိတော့။ လွတ်လပ်မှုမရှိတော့လျှင် ထောင်မဟုတ်သော ထောင်ကျနေသူသာ ဖြစ်သည်။ လောကတွင် ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ထောင်မမည်သော ထောင်များရှိသည်။ ကိုယ်တိုင်ထောင်ကျနေမှန်းမသိသည့် ဦးရေကများသည်။ တစ်ချို့တွေက ရာထူးထောင်မှာ၊ တစ်ချို့တွေက ငွေကြေးထောင်မှာ၊ တစ်ချို့တွေက မိဘ၊ ဆွေမျိုး၊ သားသမီး စသည့် မိသားစုထောင်မှာ ထောင်ကျနေကြသူများ ဖြစ်သည်။
          လူများစုက လွတ်မြောက်ရာ ရှာရမှန်းပင် မသိကြလောက်အောင်ပင် အမှောင်ဖုံးသည်။ တစ်ချို့တွေက လွတ်မြောက်ရာ ရှာသည်။ တစ်ချို့တွေထဲမှ အနည်းစုက လွတ်မြောက်သွားကြသည်။
          သူတော်စဉ်များက လွတ်မြောက်သွားကြပြီ။ သူတော်ကောင်းများက လွတ်မြောက်ဖို့ ကြိုးပမ်းနေကြသည်။ ဥာဏ်အလင်းမဝင်ကြသေး သည့် လူအများကမူ ကျရာထောင်မှာ ပျော်နေကြသည့် ထောင်ပျော်ကြီးများ ဖြစ်ကြသည်။
          ကျွန်တော်သည် ထောင်သားတစ်ဦးဖြစ်သည်။ နှစ်ရှည်ကျခံနေရသည့် အကျဉ်းသားတစ်ဦးဖြစ်သည်။ (၂၄)နှစ်အရွယ် လူငယ်တစ်ယောက်၏ လွတ်လပ်မှုနှင့် လဲယူခဲ့ရသည့် အကြောင်းခြင်းရာသည် ခင်ဗျားအတွက် စိတ်ဝင်စားစရာ ကောင်းချင်မှ ကောင်းပေလိမ့်မည်။ ထိုလူငယ်လေး၏ ခိုင်မာသည့် ဆုံးဖြတ်ချက်နှင့်အတူ ယုံကြည်မှုလမ်းမထက်မှာ လျှောက်လှမ်းနေခြင်းကလည်း ခင်ဗျားအတွက် ထူးမခြားနားသည့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေနိုင်သည်။ သေချာသည့် စကားတစ်ခွန်းကိုတော့ ပြန်ပြောပါမည်။
          ကျွန်တော်သည် ထောင်သားတစ်ဦးဖြစ်သည်။ တိတိကျကျဆိုရပါလျှင် အတ္တအကျဉ်းသားတစ်ဦး ဖြစ်သည်။
٭٭٭٭٭                                        ٭٭٭٭٭                                        ٭٭٭٭٭

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း