ကျွန်တော်နှင့် တိမ်ချစ်သူများ



ကျွန်တော်နှင့် တိမ်ချစ်သူများ
ရသစာတမ်း
            တကယ်တော့ တိမ်ဆိုသည်က ကောင်းကင်တွင် ပုံသဏ္ဌာန်တစ်မျိုးနှင့် စီးဆင်းနေသော မြစ်တစ်စင်းဖြစ်သည်။ သူတို့စိတ်တွေ ရွှင်ပျ နေချိန်မျိုးတွင် မိုးကောင်းကင်ထက်၌ ပုံသဏ္ဌာန်မျိုးစုံနှင့် တည်ရှိနေတတ်ကြသည်။ ငြိမ့်ငြိမ့်လေးရွေ့လျားရင်း တိမ်တစ်စုနဲ့ တစ်စု ပေါင်းသွားလိုက်၊ ခွဲသွားလိုက် လုပ်နေတတ်ကြသည်။
            တစ်ခါတစ်ရံတွင် ခိုးခိုးခစ်ခစ်ရယ်သံနှင့် တီးတိုးပြောဆိုနေကြသည့် သူတို့၏အသံကိုတောင် ကြားရတတ်သည်။ ထိုအသံမျိုး သင် ကြားသိ လိုပါလျှင် သိပ်မကျယ်လောင်လှသည့် နှလုံးခုန်သံတစ်ခု ပိုင်ဆိုင်ထားဖို့လိုသည်။ သူတို့က ကျယ်လောင်သည့် အသံများနှင့် ကြမ်းရှသည့်အရာ များကို နှစ်သက်သူများ မဟုတ်ချေ။ သင်ဟာ တိမ်ချစ်သူတစ်ယောက်၊ သို့မဟုတ် တိမ်တွေကို ချစ်ဖို့ကြိုးစားနေသူတစ်ယောက်ဆိုလျှင် သည်အကြောင်းအရာတွေကို သိထားသင့်သည်။
            တိမ်တွေက သိပ်ကို သိမ်မွေ့လွန်းသည်။ နူးညံ့ညင်သာလွန်းသည်။
ဆူညံမှုကို လုံးဝမနှစ်မြို့သူများလည်း ဖြစ်သည်။ ကောင်းကင်ထက် တွင် လေကြမ်းကြမ်းတိုက်သည်နှင့် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ထွက်ပြေးသွားတတ်ကြသူများ ဖြစ်သည်။ ဖရိုဖရဲပြေးသွားကြခြင်းဖြစ်၍ ပုံသဏ္ဌာန်ပင် ခန့်မှန်းရခက်ခက် ဖြစ်သည်။ ကျွန်တော်ဟာ လေဖိအားတိုင်း ဘာရိုမီတာ မဟုတ်သော်လည်း ကောင်းကင်လေကိုတော့သိသည်။ လေဘယ်လောက် ပြင်းပြင်းတိုက်နေသလဲဆိုတာကို ချစ်တဲ့တိမ်တွေ ဘယ်လိုပုံ၊ ဘယ်လိုနှုန်းနှင့် ရွေ့လျားနေသလဲဆိုတာကိုကြည့်ပြီး သိသည်။ ကျွန်တော်ဟာ တိမ်ချစ်သူဆိုတာကိုတော့ သင်၏မှတ်သိစိတ်ထဲက ထုတ်မပစ်လိုက်ဖို့ တောင်းဆိုချင်သည်။
            တိမ်တွေက ဆူဆူပူပူလုပ်လျှင်လည်း မကြိုက်တတ်ကြသူများ ဖြစ်သည်။ ကောင်းကင်ကြီးက လျှပ်စီးတလက်လက်နှင့် ဆူလိုက်၊ ငေါက်လိုက်လျှင် မျက်နှာညိုသူမှာ တိမ်များဖြစ်သည်။ တစ်ခါတစ်ခါဆိုလျှင် ညိုရာမှ မည်းမှောင်သွားတတ်ကြသေးသည်။ တိမ်တို့၏ထုံးစံ မျက်ရည် လွယ်သည်ဟု ဆိုရမည်။ ကမ္ဘာမြေပေါ်ကို မိုးအဖြစ်နှင့်ရွာချလိုက်ရာ ရွှဲရွှဲကိုစိုရောဖြစ်သည်။ ဆူဆူပူပူနှင့် ပူလောင်တာကို မကြိုက်သော သူတို့တတွေ၏ မိုးအဖြစ်နှင့်ရွာချလိုက်သည့် မျက်ရည်တို့က အေးချမ်းလွန်းလှသည်။ မျက်နှာညိုတိုင်း မငိုတတ်ကြသည့် သူတို့တတွေက သောက ဝန်ထုပ်ဝန်ပိုးကို လျော့ချလိုက်သလို ကမ္ဘာမြေပေါ် မိုးအဖြစ်နှင့်ရွာသွန်းအေးချမ်းစေပြီး ပြန်လည်ကြည်လင်သွားမြဲဖြစ်သည်။ မိုးရွာပြီးနောက် ဟိုးပြေး၊ ဒီလွှား လွင့်မျောနေကြသည့် တိမ်အိုင်တစ်ချို့ကို တွေ့ရတတ်သည်။ တစ်ခါတစ်ရံ သက်တန့်ဆိုသည့်အရာက ငိုကြွေးပြီးစ အပျိုမ၏ ပါးပြင် ထက်မှ ပါးကွက်ကြားလို တိမ်တို့၏အလှကို ပံ့ပိုးပေးတတ်သေးသည်။ ထို့နောက်မှာတော့ တိမ်တို့၏တေးကို သင်၏ နှလုံးသားအကြားအာရုံ ကောင်းမည်ဆိုလျှင် ကြားရပေလိမ့်မည်။
            ကျွန်တော်က တိမ်ချစ်သူဖြစ်သည်။ ကျွန်တော်ချစ်သည့်တိမ်တွေက ကောင်းကင်ထက်မှာ ပုံသဏ္ဌာန်အမျိုးမျိုး၊ အရောင်အမျိုးမျိုးနှင့် ရှိနေတတ်ကြသည်။ ဟိုးငယ်စဉ်ကလေးဘဝမှ ယခုချိန်ထိတိုင် ရှိနေကြဆဲဖြစ်သည်။ နောင်လည်း ရှိနေဦးမှာပဲဖြစ်သည်။ တိမ်ဆိုသည်က ပုံသဏ္ဌာန်နှင့် ဖြစ်တည်မှု ပြောင်းလဲသွားတတ်သော်လည်း သဘာဝတရား၏ ဖြစ်တည်မှုစက်ဝိုင်းကြောင့် တိမ်အဖြစ်ပြန်လည်မွေးဖွားနေဦးမှာ သေချာသည်။
            ငယ်စဉ်ကလေးဘဝမှာတော့ ဆင်ရုပ်၊ မြင်းရုပ် စသည်ဖြင့် တူရာပုံဖမ်းကာ တိမ်တွေကိုကြည့်ရင်း ပျော်ရွှင်မိခဲ့ဖူးသည်။ လူငယ်ဘဝမှာ တော့ တိမ်တွေကို ထိတွေ့ကိုင်တွယ်ရင်း တိမ်တွေနှင့်အတူ ကောင်းကင်ထက်မှာ စီးမျောချင်ခဲ့ဖူးသည်။
            “ မရွာဘဲညိုတဲ့ မိုးဝသန်ရယ်၊ မချစ်ဘဲညာတဲ့ သူ့ကိုကွယ်၊ ဆယ်ကမ္ဘာလည်း မုန်းမယ်၊ မဆုံချင်ပါတယ် …”
            ဟောလိုဂစ်တာတစ်လက်ဖြင့် မိုးကောင်းကင်ထက်ရှိ ခဲပုပ်ရောင်တိမ်သားအုပ်ထဲတွင် သူငယ်ချင်းမလေး၏ မျက်နှာကိုရှာရင်း ခံစားချက် သင်္ကေတတို့ နက်ရှိုင်းခဲ့ဖူးသည်။ အိမ်နောက်ဘက်မှာရှိသည့် တောင်ကုန်းလေးပေါ်မှာထိုင်ရင်း၊ ငယ်ငယ်တုန်းက စွန်(လေတံခွန်)လွှတ်ခဲ့ဖူးသည့် မြက်ပင်ရှည်များရှိသော ကွင်းပြင်ထဲမှာ ပက်လက်လှန်ရင်း ကောင်းကင်ရှိတိမ်တို့ထံ ရင်ဖွင့်ခဲ့ဖူးသည်။ ယုံယုံကြည်ကြည်ဖြင့် ရင်ဖွင့်ခဲ့ခြင်းဖြစ်သည်။ ကျွန်တော်တိမ်တွေချစ်သလို တိမ်တွေကလည်း ကျွန်တော့်ကိုချစ်သည်။ တိမ်နှင့်ပတ်သက်သည့် လျှို့ဝှက်နက်နဲမှုများအားလုံးကို ကျွန်တော်မသိနိုင် သော်လည်း သေချာသိသည့် အချက်တစ်ချက်ရှိသည်။ တိမ်တွေက နှုတ်လုံသည်။ ထင်မှတ်မထားလောက်အောင်ပင် နှုတ်လုံသည်။ စောင့်စည်း သည်။
            အောင်မြင်မှုတစ်ခုခုကြောင့် ကျွန်တော် မြောက်ကြွမြောက်ကြွ ဖြစ်နေသည့်အခါ သူ့ထံမှာရင်ဖွင့်သည်။ ရှုံးနိမ့်မှုကြောင့် ခေါင်းငိုက်စိုက် ကျနေစဉ်မှာလည်း သူ့ထံမှာပင် ရင်ဖွင့်သည်။ ကျွန်တော် တစ်ဖက်သတ်ကြိုက်ခဲ့ဖူးသည့် ကောင်မလေးတစ်ယောက်အကြောင်း သူ့ထံမှာ ရင်ဖွင့်ခဲ့ဖူး သည်။ ယုတ်စွအဆုံး ကျွန်တော်ကျူးလွန်ခဲ့သည့် အမှားတို့ကို ဝန်ခံရင်ဖွင့်ခဲ့သူမှာလည်း သူ့ထံမှာပဲဖြစ်သည်။
            သင်သည် တိမ်တွေထံမှ ကျွန်တော်၏ လျှို့ဝှက်ချက်တို့ကို ကြားသိရလိမ့်မည်ဟု ထင်မှတ်ကာ ၄င်းတို့အား ချဉ်းကပ်နေမိသူဆိုလျှင် သင်၏ ကြိုးပမ်းအားထုတ်မှုသည့် အချီးနှီးဖြစ်နေသောကြောင့် စောစီးစွာလက်လျော့လိုက်စေချင်သည်။ အဘယ့်ကြောင့်ဆိုသော် တိမ်တွေသည့် ကျွန်တော်၏ လွန်စွာနှုတ်လုံသည့် တစ်ဦးတည်းသောမိတ်ဆွေ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
            ယခုအချိန်တွင် တိမ်တို့၏သဏ္ဌာန်ကို ဆင်ရုပ်၊ မြင်းရုပ် စသည်ဖြင့်တူရာစွာကာ သဏ္ဌာန်မဖမ်းလိုတော့။ တိမ်တွေကို ထိတွေ့ကိုင်တွယ် ကာ ကောင်းကင်ထက်မှာ လေဟုန်မစီးလိုတော့။ ဂစ်တာတစ်လက်ဆွဲကာ အသည်းကွဲသီချင်းကို သံကုန်ဟစ်ရင်း တိမ်တွေကြားမှ ချစ်သူကို မရှာလိုတော့။ ကတ္တီပါမြက်ခင်းပြင်ပေါ် ကျောခင်းရင်း ချစ်သောတိမ်တို့ကို ချစ်သောမျက်စိဖြင့် ကြည့်နေရခြင်းကိုက ဘဝ၏ရသတွေထဲမှ ချိုမြိန်သောရသတစ်ခုဟုသာ မှတ်ထင်ထားလိုက်သည်။
            ချင်းပြည်နယ်ရှိအိမ်တွေတွင် တိမ်တွေက ပြတင်းပေါက်၊ တံခါးပေါက်များမှ တိုးဝင်လာကြသည်ဟု ရောက်ခဲ့ဖူးသည့် မိတ်ဆွေတစ်ချို့က ပြောပြသည်။ မြို့ပြတွင်မူ အိမ်ဝင်းတံခါး၊ ပြတင်းတံခါးများကို ဖွင့်ထားကြသည့်တိုင် တိမ်တို့က တိုးဝင်မလာခဲ့ကြ။ ဝင်လာခဲ့ကြသည်က ဖုန်မှုန့်များ၊ ညှော်နံ့များ၊ ထီသည်၊ အချဉ်ပေါင်းသည်များထံမှ ဆူညံသည့်သီချင်းသံများ၊ အလှူခံများ၊ အလှပြင်ပစ္စည်းများကို ဇွတ်အတင်းဝင်ရောင်းတတ်ကြသည့် ဈေးသည်များ၊ အဖွဲ့ဝင်လိုက်ပါလား ခင်ဗျားသာဆို ကြယ်ဘယ်နှပွင့် ရာခိုင်နှုန်းအဘယ်မျှရမည်ဆိုသည်ကို မစားရ ဝခမန်းပြောကာ အဖွဲ့ဝင်အဖြစ်မဲဆွယ်နေသည့် အွန်လိုင်းဈေးသည်များသာ ဖြစ်သည်။
            ထို့ကြောင့် အိမ်ဝင်းတံခါးများကို သော့ခတ်လိုက်ကြသည်။ ရောင်စုံမှန်များဖြင့် ပိုင်းဖြတ်လိုက်ကြသည်။ ထွင်းဖောက်မြင်နေရသည့် မှန်တံခါးများဖြစ်နေသည့်တိုင် မြို့ပြသည် သူစိမ်းဆန်သွားသည်။ ကျွန်တော်သည် သူစိမ်းဆန်မှုကို ရွံမုန်းသူဖြစ်သည်။ ရင်းနှီးနွေးထွေးသည့် ဆက်ဆံရေးကို တိမ်တွေနှင့် အခိုင်မာဆုံး ထူထောင်ထားသူဖြစ်သည်။ တိမ်တွေနှင့် ကျွန်တော့်ကြားမှာရှိသောအရာသည် ချစ်ခြင်းမေတ္တာဖြစ်သည်။ ကျွန်တော့်ဘဝ၏ ကျန်ရှိနေသေးသည့် နေ့ရက်တို့ကို ချစ်ခြင်းတရားဖြင့်သာ ဖြတ်ကျော်ချင်သည်။ အနာဂတ်ကမ္ဘာကို ချစ်ခြင်းမေတ္တာဖြင့်သာ ထုဆစ်လိုသူဖြစ်သည်။ ပေးဆပ်ခြင်းလား၊ ရယူခြင်းလားဆိုကာ ဝိဝါဒကွဲပြားမနေတော့ဘဲ ပေးဆပ်ခြင်းဘက်မှ ပြတ်ပြတ်သားသား ရပ်တည်လိုက် တော့မည်။
            ကမ္ဘာမြေပေါ်မှာ သစ်ပင်တွေ စိုက်မည်။ ကျွန်တော်ချစ်သည့် တိမ်တွေအတွက် သစ်ပင်စိုက်မည်။ ကမ္ဘာမြေရဲ့ကောင်းကင်မှာ တိမ်စစ်စစ် တွေ ပါးလျလာကြောင်းကို စာအုပ်တစ်အုပ်ထဲတွင် ဖတ်ခဲ့ပြီးသည့်နောက် ချစ်သောတိမ်တွေအတွက် စိုးရိမ်ခဲ့ရသည်။ စက်မှုမြို့ကြီးများ၏ ကောင်းကင်မှာ အဆိပ်ငွေ့ရောနေသည့် တိမ်များ၊ မီးခိုးငွေ့ရောနေသည့် ညိုညစ်ညစ်တိမ်များကို ဓာတ်ပုံနှင့်တကွ တွေ့လိုက်ရသည်။ ကျွန်တော်ချစ်သောတိမ်တွေ အဆိပ်သင့်နေပြီဖြစ်သည်။ ကျွန်တော်တို့မြို့ငယ်လေး၏ ကောင်းကင်မှာရော တိမ်တွေသေဆုံးနေကြပြီလား။ သူတို့အတွက် ကျွန်တော်တစ်ခုခု လုပ်ပေးမှဖြစ်တော့မည်။
            “ တိမ်တွေကို သိပ်ချစ်တာပဲ …”
            မကြာခဏ ထိုစကားမျိုးပြောတတ်သည့် ရင်ခုန်သံတူ ချစ်သူနှင့် သနားစရာကောင်းသည့် တိမ်တို့အရေးကို ဆွေးနွေးကြည့်သည်။ ရင်ခုန်သံထပ်တူကျသူတွေ ဆွေးနွေးသည့် အရေးကိစ္စတစ်ခုသည် ရာနှုန်းပြည့်မဟုတ်ခဲ့လျှင်တောင် အောင်မြင်မှုက ကိုးဆယ်ရာခိုင်နှုန်းကျော်လိမ့်မည်ဟု ထင်မြင်မိလိုက်သည်။ ထိုယူဆချက် မည်မျှလွဲမှားကြောင်းကို သူမထံမှ စကားသံတစ်ချို့ကြားလိုက်ရပြီးနောက် သိလိုက်ရသည်။
            “ ကျမ ချစ်တာ တိမ်တွေလေ မောင်ရဲ့၊ သစ်ပင်တွေကို မဟုတ်ဘူး၊ တိမ်တွေကိုချစ်တာ။ တိမ်တွေကို ချစ်စိတ်နဲ့ သစ်ပင်စိုက်ဖို့၊ မောင်ပြောတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ လုံးဝစိတ်မဝင်စားဘူး၊ အဲဒါတွေအတွက် အဲန်ဂျီအို အဖွဲ့အစည်းတွေ လုပ်နေကြတာပဲ၊ မောင့်ရဲ့ ဒဿနကြမ်းရှရှကြီးကို ခေါက်ထားစမ်းပါကွယ်၊ ပျော်စရာအချိန်တွေကို တိမ်တွေငေးရင်း ကုန်ဆုံးရအောင်နော် …”
            ထိုနေ့က အိမ်ပြန်ချိန်သည် ခါတိုင်းနေ့များထက် စောနေခဲ့သည်။ ပူလောင်နေခဲ့သည်။ အဓိပ္ပါယ်မဲ့နေခဲ့သည်။ သာသာယာယာ မဟုတ်သည့် အလိုမကျညနေခင်းတစ်ခုလည်း ဖြစ်သည်။ တိမ်တွေငေးကြည့်ဖို့ မထိုက်တန်တော့သည့်သူမကို တိမ်တွေနှင့်ရင်ဖွင့်ရာ တောင်ကုန်းလေးဆီသို့ မခေါ်ခဲ့တော့။ ကျွန်တော့်ဘဝရဲ့ မနက်ဖြန်များစွာထဲမှာ သူမရှိနေသင့်သေးရဲ့လားဆိုသော အတွေးမျိုး တွေးမိသည်အထိ ဖြစ်သည်။ ချစ်ခြင်းနှင့် လက်ထပ်ခြင်းကြားရှိ ပါးပါးသောစည်းကလေးကို ကျော်ဖြတ်နိုင်ဖို့ ဘယ်အရာတွေလိုအပ်သလဲ။ မဖြတ်ကျော်နိုင်သူများထံမှ …
            “ ချစ်တိုင်းလည်း မညား …”
            ဆိုသော ထူးအိမ်သင်၏ သီချင်းကို အက်ကွဲတုန်ရီစွာနှင့်ဆိုနေကြသည့် အသည်းကွဲသမားများ၏ အသံကို ကြားခဲ့ရသည်မှာလည်း မကြာ
ခဏ။ ကျွန်တော် စဉ်းစားအဖြေရှာမရသည့် ပုစ္ဆာကို တိမ်တို့ထံတွင် ရင်ဖွင့်လိုက်သည်။
            “ မင်းပဲ တိမ်တွေကို ချစ်တယ်ဆို၊ မင်းကောင်မလေးက တို့နဲ့မျိုးနွယ်တူပဲကွ၊ သူ့အတွေးအခေါ်က တို့နဲ့တူတယ်၊ ဘယ်တော့မှ ပုံသေမဟုတ်ဘူး၊ တို့တိမ်တွေ တစ်စုနဲ့ တစ်စု ပေါင်းသွားတယ်ကွာ၊ ပြီးတော့ ခွဲသွားတယ်၊ ပြီးတော့ ပြန်စုတယ်။ ဒါဘဝပဲကွ၊ တို့ဘဝတွေပဲ …”
            “ ခင်ဗျားတို့က မတည်ငြိမ်ဘူး၊ သစ္စာမရှိဘူးပေါ့ …”
            “ အငွေ့၊ အရည်၊ အစိုင်အခဲ ဘယ်လိုအခြေအနေတွေပြောင်းပြောင်း အဆုံးသတ်မှာ တိမ်အဖြစ်နဲ့ကောင်းကင်မှာ ရှိနေတာကိုက သစ္စာရှိနေတာပေါ့ကွ၊ သစ္စာရှိနေတယ်ဆိုတာကို နားလည်ရင် အရာရာလွယ်သွားပြီ။ နားလည်မှုဆိုတာ သိပ်ကို အရေးကြီးတယ်ကွ၊ ချစ်သူခြင်း နားလည်မှု မရှိရင် ဘယ်လောက်ချစ်ချစ် လက်ထပ်တဲ့အဆင့်ကို မရောက်ဘူး၊ လက်ထပ်ပြီးရင်တောင်မှ နားလည်မှုမရှိရင် ပြန်ကွဲသွားကြတာပဲ။ ချစ်ခြင်းနဲ့ လက်ထပ်ခြင်းကြားမှာရှိတဲ့ စည်းကလေးကို ကျော်ဖြတ်နိုင်တာ နားလည်မှုဘဲရှိတယ် …”
            စကားလုံးတွေအများကြီးထွက်ကျလာသည့် တိမ်သားထုကြီးကို တအံ့တသြငေးမောနေစဉ် ၄င်းတိမ်ဆုပ်တိမ်ခဲကြီးက မျက်နှာညိုညို အသံတိမ်တိမ်ဖြင့် စကားဆက်သည်။
            “ လူတွေက တိမ်တွေကို ချစ်တယ်ဆိုပြီးသာ ပြောနေကြတာ၊ တိမ်တွေက လူတွေချစ်တာကိုတော့ မသိကြဘူး …”
            စပယ်ရနံ့လေးများသင်းပျံ့နေသည့် နောက်ရက် မနက်စောစောမှာတော့ ချစ်သူ တိမ်ပျိုမလေးသည် အရိပ်ရစေသည့် ပျိုးပင်ပေါက်လေး များနှင့်အတူ ကျွန်တော်အိပ်ယာမနိုးမီ ရောက်နေတော့သည်။ တိမ်တွေက လူတွေကိုချစ်တာ တကယ်ပါလားဆိုသောအတွေးနှင့်အတူ အိပ်ယာထသည်။ နားလည်မှု၊ နားလည်မှု။ နားလည်မှုဆိုသော စကားသုံးလုံးကို ရေရွတ်ရင်း မနက်ခင်းကော်ဖီကို ချစ်သူနှင့်အတူသောက်ခဲ့သည်။ သေချာသည်က ကျွန်တော့်ဘဝရဲ့ ကျန်ရှိနေသေးသည့် စာမျက်နှာများထက်တွင် သူမရှိနေဖို့လိုအပ်နေခြင်းဖြစ်သည်။ ဇာတိမြို့လေးက တိမ်တွေကို မနိုင့်တနိုင်ထမ်းပိုးထားရသောနေ့တွင် သူမကို ကျွန်တော်လက်ထပ်ခဲ့သည်။
            ရာသီတွေ အလီလီပြောင်းသွားသည့်တိုင် တိမ်တို့က ကောင်းကင်ထက်မှာ ရှိနေကြဆဲဖြစ်သည်။ ဟိုးတုန်းကလို တိမ်တွေနှင့် စကားမပြော ဖြစ်တော့သော်လည်း တိမ်တို့ထံမှ စကားသံကို နားစွင့်နေဆဲ၊ တိမ်နှင့်ပတ်သက်သမျှသော အကြောင်းအရာတို့ကို စိတ်ဝင်စားမြဲဖြစ်သည်။
            “ ညီမက တိမ်တွေကို သိပ်ချစ်တာ အစ်ကိုရဲ့၊ မရွာဘဲ လွင့်တဲ့တိမ်ဆိုပြီး ဝတ္ထုတိုတစ်ပုဒ်တောင် ရေးခဲ့ဖူးတယ်။ ညီမတို့မြို့က တိမ်တွေက သိပ်လှတာ အစ်ကိုရဲ့၊ ကြွားပြောတာ မဟုတ်ဘူး …”
            “ အစ်ကိုတို့မြို့က တိမ်တွေကရော …”
            “ အစ်ကိုတို့မြို့က တိမ်တွေက အစ်ကို့လိုပဲ ညိုညစ်ညစ်ကလေး။ ခုတော့လည်း အဲဒီတိမ်ညစ်ညစ်လေးကိုပဲ ချစ်နေရပြန်ရော …”
            ခိုးခိုးခစ်ခစ်ရယ်သံနှင့်အတူ လမ်းမကို ကျောပေးထိုင်နေသည့် ခုံတန်းလေးပေါ်မှ ချစ်သူစုံတွဲလေး၏ ဦးခေါင်းတို့ ပူးသွားချိန်တွင် အကြည့်ကိုလွှဲကာ အိမ်အပြန်လမ်းကို တိမ်တို့၏ခြေလှမ်းမျိုးဖြင့် သွက်သွက်ကြီးလှမ်းခဲ့လိုက်သည်။
            ချစ်ခြင်းတရားအပြင် နားလည်မှုနှင့်တည်ဆောက်ထားသည့်အိမ်တွင် ကျွန်တော်၏ ချစ်ဇနီးတိမ်မင်းသမီးရှိသည်။ ကျွန်တော်လှမ်းလာမည့် အိမ်အပြန်လမ်းကို မျှော်ရင်း ကောင်းကင်ထက်ရှိ တိမ်တို့ကို ငေးမောချင် ငေးမောနေပေလိမ့်မည်။ အတွေးအဆုံး မိုးကောင်းကင်ထက်သို့ မော့်ကြည့်လိုက်တော့ အဆုပ်အဆုပ်နှင့် အုပ်အုပ်ဆိုင်းဆိုင်းတိမ်တို့က တိမ်ချစ်သူ ကျွန်တော်နှင့်အပြိုင် ကောင်းကင်ထက်မှာ ခရီးပြင်းနှင်လျက် …။
           




Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း