လောကကို ပြောင်းလဲစေသည့် နီတိများ(၂)
အတတ်ပညာနှင့်တူသော ဥစ္စာမရှိ၊
အတတ်ပညာကို သူခိုး မခိုးနိုင်၊
အတတ်ပညာသည် ဤလောက၌ မိတ်ဆွေကောင်းမည်၏၊
အတတ်ပညာသည် တမလွန်၌ ချမ်းသာကို ဆောင်တတ်၏။ ။
ရှေးပညာရှိတို့ ထားရှိခဲ့ကြသည့် ဆိုရိုးစကားများသည် ထိုခေတ်တွင်သာမက ယနေ့ခေတ်ထိတိုင် မှန်ကန်အသုံးဝင်နေသေးကြောင်း တွေ့ရသည်။ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်မှသည် ယနေ့ အနုမြူခေတ်အထိ ပညာကိုသာ အလေးထားခဲ့ကြသည်။ ရှေ့တန်းတင်ခဲ့ကြ သည်။ ကျောက်ခေတ်တွင် အမဲလိုက်ခြင်းအတတ်ပညာသည် အရေးပါဆုံးကဏ္ဍ ဖြစ်ခဲ့သည်။ ယနေ့ခေတ်မှာတော့ များပြားလှစွာသော ပညာရပ်များစွာသည် ကဏ္ဍမျိုးစုံဖြင့် ရှိနေခဲ့ပြီဖြစ်သည်။ သင်ယူလိုသည့် ပညာရပ်ကို ရွေးချယ်သင်ယူနိုင်ခွင့် ရှိနေပြီဖြစ်သည်။
ပမာဆိုရသော် ဟိုယခင်က မိန်းကလေးတိုင်း တတ်သိထားသည့် ပန်းအိုးထိုးခြင်းသည် ယခုအခါတွင် ပန်းအလှပြင်ခြင်း အနုပညာ၊ ပန်းအလှဆင်ခြင်းအတတ်ပညာ တစ်ခုအနေဖြင့် ပညာရပ်တစ်ခုအဖြစ် သီးခြားရှိနေခဲ့ပြီ။
ဝါသနာပါရာ အတတ်ပညာတစ်ခုခုကို အသက်မွေးမှုပြုနိုင်သည်အထိ လေ့လာသင်ယူနိုင်ခွင့်ရှိခြင်းသည် ယနေ့ခေတ်၏ အားသာချက်ဖြစ် သည်။ ကိုယ်သင်ယူထားသည့် ပညာ(သညာ)ကို တစ်ဖက်ကမ်းခတ်သည့် ပညာသည်အဆင့်ရောက်အောင် ထို့နောက်မှ ပညာရှင်အဆင့်ရောက် အောင် လေ့လာသင်ယူဖို့သာ လိုသည်။ မဆုတ်နစ်သောဇွဲဖြင့် စူးစူးစိုက်စိုက် ကြိုးစားရန်သာလိုသည်။ စိုက်လိုက်မတ်တပ် ဟူသောစကားသည် ပညာရှင်ဖြစ်အောင် ကြိုးစားနေသူများအတွက် ရည်ညွှန်းခဲ့ဟန်တူသည်။
လူအများစုမှာတော့ အုတ်ခဲတစ်လုံးချကာ အုတ်မြစ်ချပွဲတွေ ကျင်းပနေရခြင်းကိုသာ ပျော်မွေ့နေခဲ့ကြသည်။ အုတ်ခဲတစ်လုံးချကာမျှဖြင့် အဆောက်အဦးတစ်ခုအဖြစ် ပုံပေါ်လာစရာမရှိပေ။ စချခဲ့သည့် အုတ်ခဲနောက်မှ နောက်ထပ် ဆက်ကာဆင့်ကာ စီပေး၊ ပုံဖော်ပေးနိုင်မှသာ အဆောက်အဦးတစ်ခုအဖြစ် ပုံပေါ်လာမည်ဖြစ်သည်။ အုတ်ခဲတစ်လုံးချကာ အုတ်မြစ်ချပွဲတွေကျင်းပနေခြင်းကို ရပ်ဆိုင်းသင့်ပြီဖြစ်သည်။ မိုင်တစ်ထောင်ခရီး၏အစသည် ခြေတစ်လှမ်းသာဖြစ်သည်။ သည်ခြေလှမ်းနောက်မှ နောက်ထပ်ခြေလှမ်းတွေ ဆက်ကာဆက်ကာ လှမ်းနိုင်ပါမှ လိုရာပန်းတိုင်ကို ရောက်နိုင်မည်ဖြစ်သည်။ အများစုမှာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများထံမှ မှတ်သားသင်ကြားခဲ့ရသည့် အမှတ်သညာများကို ပညာထင်မှတ်ကာ ရပ်တန့်နေခဲ့ကြသည်။ ဆရာ့ထံမှ သင်ရိုးကုန်သည်နှင့် ပညာကုန်ရပြီ ထင်နေခဲ့ကြသည်။ မိုင်တစ်ထောင်ခရီးကို ခြေတစ်လှမ်းလှမ်းကာ ရပ်တန့်နေမိကြသူများသာ ဖြစ်သည်။
သင်ယူခဲ့ရသည့် အမှတ်သညာများကို လက်တွေ့ဘဝလုပ်ငန်းခွင်မှာ ဆက်စပ်အသုံးချနိုင်မှသာ ပညာဆိုတာ ပေါ်ထွက်လာစမြဲဖြစ်သည်။ အမှတ်သညာအဆင့်မှ အတတ်ပညာ၊ အသိပညာအဆင့်သို့ တိုးတက်လာမည်။ ဒါမှသာ ကိုယ်ပိုင်ပညာစစ်ဖြစ်သည်။ စာအုပ်ထဲတွင်ရှိသည့် ပညာရပ်ပေါင်းများစွာထက် အဖိုးအနမတဂ္ဂ ထိုက်တန်သည်။
ကျွန်တော်တို့လူမျိုးသည် အကြပ်အတည်းကြုံတွေ့ချိန်တွင် တင်္ခနုတ်ပတ္တိဥာဏ် လွန်စွာထက်မြက်သော်လည်း နေသာသည့်အချိန်မှာ တော့ ဦးနှောက်ကို အလုပ်မပေးချင်သူများသာဖြစ်သည်။ သူများတွေ တွေးထားသည့် တွေးတောမှုရေစီးကြောင်းနောက်မှ အလိုက်သင့် စီးမျောနေတတ်ကြသည်။ တစ်ဦးခရမ်းချဉ်သီးစိုက်၍ နေရာကျသွားလျှင် ကျန်လူတစ်သိုက်က နောက်နှစ်တွေမှာ ခရမ်းချဉ်သီးချည့် ဖိစိုက်ကြတော့ သည်။ ပုံအောနေသည့် ရောင်းလိုအားများနေသော ပစ္စည်းတွေကြောင့် ဈေးကွက်တွင် ဈေးမရကြသောအခါ လုပ်အားခနှင့်အရင်းပင် မကြေချင် ကြုံကြရတော့သည်။ ရေနံဆို ရေနံ၊ ကျောက်တွင်းဆို ကျောက်တွင်း အားလုံးစုပြုံတိုးဝှေ့နေကြသည်။ ဆင့်ပွားတွေးခေါ်နိုင်သူ၊ ဖောက်ထွက် တွေးတောနိုင်သူများမှာ အနည်းစုသာ ဖြစ်နေသည်။
ရိုက်ညီနောင်နှစ်ဦးက လေယာဉ်ပျံ တီထွင်ခဲ့ကြသည်ကို အများသိပြီးဖြစ်သည်။ ကျန်ပုဂ္ဂိုလ်များက ၄င်းတို့အတိုင်းသာ တီထွင်ခဲ့ကြ မည်ဆိုပါလျှင် လေယာဉ်ပျံသာရှိ၍ လေထီးဆိုတာ ပေါ်ပေါက်လာမည် မဟုတ်ပေ။ တီထွင်မှုသည် ကြီးကျယ်ခမ်းနားချင်မှ ခမ်းနားမည်။ အရေးပါအသုံးဝင်သည့် ငြင်းမရနိုင်သည့်တန်ဖိုးကြောင့် လေယာဉ်တိုင်းတွင် လေထီးရှိနေခြင်းဖြစ်သည်။ ဆင့်ပွားတွေးခေါ်နိုင်ခြင်း၊ အသိပညာ၊ အတတ်ပညာ ကြွယ်ဝခြင်း၏ အကျိုးဆက်ပင်ဖြစ်သည်။ လူမျိုးတစ်မျိုး၊ နိုင်ငံတစ်ခုတိုးတက်စေရးအတွက် အတတ်ပညာသည် ရှေ့တန်းမှ အရေးပါဆုံးသော ကဏ္ဍဖြစ်သည်။ မြေပေါ်မြေအောက် သယံဇာတပေါကြွယ်သည့် ကျွန်တော်တို့နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ် ရပ်တည်နေရချိန်တွင် သယံဇာတလုံးဝမရှိသည့် စင်္ကာပူနိုင်ငံက ယခုအချိန်တွင် အာရှ၏ကျားတစ်ကောင် ဖြစ်နေပြီ။ ဒါသည် အတတ်ပညာ၏ ပြယုဂ်ဖြစ်သည်။
တစ်ချိန်က ပြာပုံဘဝမှ ရုန်းထလာရသည့် ကျွန်းစုနိုင်ငံ ဂျပန်သည် ယခုအခါတွင် စီးပွားရေးသာမက အတတ်ပညာပိုင်းမှာပင် ကမ္ဘာ့ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်နေပြီ။ ထို့ကြောင့် လောကနီတိတွင် “ အတတ်ပညာနှင့်တူသော ဥစ္စာမရှိ ” ဟု ဆိုထားခြင်းဖြစ်သည်။ လမ်းကြောင်းသစ်ကို ဦးတည်နေသည့် ယနေ့ခေတ်တွင် အတွေးရဲ၊ အရေးရဲ၊ ပြောရဲ၊ ဆိုရဲသည့် ဆင့်ပွားဖောက်ထွက် တွေးခေါ်နိုင်သည့် အသိပညာရှင်ပေါင်းများစွာလိုသည်။ အတတ်ပညာရှင်ပေါင်းများစွာလိုသည်။ သို့မှသာ နိုင်ငံတော်တိုးတက်ရေးအတွက် ရှေးရှုနိုင်မည်ဖြစ်သည်။
“ ပညာမတတ် သူ၏ဝန်ထမ်း ” ဟု အဆိုရှိသည်။ အခိုင်းခံဘဝဖြင့် နှိမ့်နှိမ့်ချချနေမည်လား၊ သခင်အဖြစ်ဖြင့် ကိုယ့်ဘဝကိုယ် စိတ်ကြိုက်ထုဆစ်မည်လား။ ရွေးချယ်ပိုင်ခွင့်နှင့် သင်၏ကံကြမ္မာက သင့်လက်ထဲမှာပဲဖြစ်သည်။ ။

ထူးအောင်ဝင့်
စာကိုး=ဆယ်စောင်တွဲသင်တန်း မြန်မာပြန်ကျမ်း(၁၉၈၉)[ဦးပညာသာမိ(မာဂဓီ-သာစည်) ]
Comments
Post a Comment