အံ့ဖွယ်အောင်ဆန်း ပြည်ချစ်ပန်း



အံ့ဖွယ်အောင်ဆန်း ပြည်ချစ်ပန်း

ဇာနည်အောင်ဆန်း ပြည်ချစ်ပန်းကား
လန်းစွတင့်တယ် အသွင်ထည်လျက်
ဘယ်သူ့မကြောက် ဒူးမထောက်ဘဲ
အောက်ကျမှာစိုး တို့အမျိုးကို
ရိုးဖြောင့်မှန်တော် သစ္စာဖော်ဖြင့်
မော်တံခွန်လွှင့် အောင်ပန်းတင့်ခဲ့…။
နိုင်ငံအရေး မြော်မြင်တွေးလျက်
ဝေးကြညီစုံ " ဖွဲ့စည်းပုံ " ကို
ယုံကြည်ခိုင်စွဲ ပြည့်ရင်ထဲသို့
မြဲတည်စေအောင် ရည်ရွယ်ကောင်းခဲ့ …။
" စစ် " နှင့် " စိုးရ " နှစ်ဌာနကို
စတင်ခွဲခြား စံပြုထားဖို့
နားခဲ့ " စစ်ဝန် " တို့သခင်သည်
မင်စုံမမက် တိုင်းပြည်တွက်တဲ့ …။
သခင့်လူဖြစ် တွက်စစ်ကြည့်သော်
နှစ်နှစ်ကျော်စွန်း သုံးဆယ်ပွန်း၏…။
မွမ်းထောက်ဂုဏ်မြောက် သခင့်လောက်ကို
အောက်ထက်ကြေညာ ဘယ်မှာရှာလည်း
ငါစမင်းသူ ထိုထိုလူတို့
တူယောင်ဝေးစွ အရိပ်မျှပင်
မမြင်ခဲ့ကြာ နှစ်တစ်ရာပါ …။
" သေသောသူ ကြာရင်မေ့ " တဲ့
လောကထုံးပြု စကားစုသည်
ခုတော့မမှန် အကြောင်းဖန်၏
တန်ပြန်မေတ္တာ ပြည့်ကြင်နာဖြင့်
ခါစဉ်တမ်းတ လွမ်းဆွတ်ကြ၏ …။
သြော် …
ရာထောင်သောင်းသိန်း နှစ်တွေကိန်းလည်း
ဟိန်း၍မြည်မည် အောင်ဆန်းဂုဏ်ရည်…။
ကြာလည်းမမေ့ ရှာလည်းမတွေ့
ပွေ့ပိုက်ကာထွေး ဂုဏ်နံ့မွှေးသည်
ဝေးဝဠာနှံ့ ကြူသင်းပျံ့ပြီ
အံဖွယ်အောင်ဆန်း ပြည်ချစ်ပန်း …။       ။

(၇၁ နှစ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုလျက် …)
ညိုဝင်း(ချစ်မြေ)
(တနင်္ဂနွေ၊ ဇူလိုင် ၁၅၊ ၂၀၁၈ မြန်မာ့အလင်း၊ စာမျက်နှာ ၁၇)

Comments

Popular posts from this blog

ရသစာတမ်း

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward