ဘာ့ကြောင့် စာဖတ်သလဲ



ဘာ့ကြောင့် စာဖတ်သလဲ

          စာသည် လူ၌ အစားထက် အရေးကြီး၏။ ကိုယ်ခန္ဓာအတွက်စားသောအစာကို အစာဟု ခေါ်၏။ စိတ်အတွက်လည်း အစာလိုလေရာ ထိုအစာကို " စာ " ဟူ၍ ခေါ်ရလေသည်။
          အဘယ်အတွက် စာကိုဖတ်အပ်ပါသနည်း။ ယခုအခါသည် ရှေးခေတ်နှင့်မတူ ကြီးပွားရေးလုပ်ငန်း ဟူသမျှ အတုအပြိုင်တွေ လွန်စွာများလေရာ ထိုအလုပ်များအကြောင်းနှင့်ဆိုင်သော စာများကို မဖတ်ချေက သိအပ်သလောက် မသိသဖြင့် ကြီးပွားရေးပြိုင်ပွဲမှာ နောက်ကျန်၍ နေတတ်ကြလေသည်။

          " ဂျော်ဘရန်း" ခေါ်သူက စာဖတ်ခြင်းသည် အသိကိုတိုးစေ၍ မှားသောအစွဲအလမ်းတွေကို ပျောက်ပျက်စေသည်ဟု ပြောလေရာ စာဖတ်ခြင်း၌ မသိသောအရာဟူသမျှတွေကို သိဖို့မှတ်ဖို့သာ မဟုတ်ဘဲ အကျိုးများစွာ ယုတ်စေတတ်သော အယူအစွဲအလမ်းအားလုံးတို့ကိုပင် ပျောက်စေနိုင်လေ သေးသည်။ ရှေးနည်းတစ်ခုကို ကောင်းသည်ထင်၍ အမြဲပင် အသဲစွဲမှတ်ထားသူတစ်ယောက်မှာ ယခုခေတ် ကာလစာကို ဖတ်သဖြင့် ထိုနည်းလမ်းထက်ကောင်းသော နည်းလမ်းကို ရရှိလျက် တိုးတက်သောအသိကို ရနိုင်လေသည်။
          ပင်ကိုယ်ဉာဏ်ဖြင့် ကမ္ဘာကျော်အောင် ကြီးပွားတိုးမြှင့်သော အယ်ဒီဆင်၊ ကလဘင်၊ ဂိုသီ၊ ၎င်းပုဂ္ဂိုလ်ကျော်များသည် အထူးစာဖတ်သူများ ဖြစ်ကြ၏။ ၎င်းတို့ဉာဏ်ကိုပင် ကိုယ်ပိုင်ဉာဏ်ဟု ခေါ်ရ သော်လည်း စာထဲ၌ တွေ့ရှိရသော အပဲ့၏ အညှောက်ကို မီသဖြင့် ပေါ်ပေါက်ရသော ပင်ကိုဉာဏ် ဖြစ်လေရာ စာမဖတ်လျှင် ပင်ကိုဉာဏ်မရ၊ ထိုပင်ကိုယ်ဉာဏ်မရက မကြီးပွားနိုင်၊ လူသာမန် အောက်တန်းစား ဖြစ်ဖို့သာ ရှိလေတော့သည်။
          စာကိုဖတ်တတ်ဖို့ရန် စာဖတ်ရခြင်းမဟုတ်၊ တတ်ဖို့၊ သိဖို့၊ လိမ္မာဉာဏ်ရင့်သန်ဖို့သာ ဖတ်ရလေ သည်။ လူတို့သည် ကိုယ်တွေ့ဖြင့် အဘယ်အလုပ်၊ အဘယ်အကြောင်းအရာတို့ကိုမျှ ကုန်စင်အောင်မသိ၊ နှစ်ပေါင်းများစွာ ကြုံတွေ့ရရှိခဲ့သော လူပေါင်းများစွာတို့၏ အသိတွေ၊ အတွေ့တွေကို စု၍ထားသော စာအုပ်များကို ဖတ်မှသာ လုံလောက်သောအသိကို ရနိုင်လေသည်။
          ကမ္ဘာကျော်သူဌေးကြီး ကာနက်ဂျီအား အယ်ဒီတာတစ်ယောက်က သံမဏိအကြောင်းကို ရေးပေးပါ ဟု ပြောရာ ဒေါ်လာတစ်သန်းပေးမှ မိမိသိသောအကြောင်းအရာတို့ကို ရေးပေးနိုင်မည်ဟု ပြောသဖြင့် အယ်ဒီတာက တစ်သန်းပေးရလေသည်။ ထိုစာကို နောက် စာအုပ်လုပ်ရောင်းသောအခါ ဝယ်ယူသူတို့မှာ တစ်သျှီလင်၊ နှစ်သျှီလင်နှင့် တစ်သန်းတန်သောအသိကို ရကြလေသည်။ ကာနက်ဂျီသည် ထိုအသိကို ရဖို့ရန် မိမိကိုယ်တိုင် သန်းပေါင်းများစွာ ဆုံးပါးခဲ့ရလေသည်။
          လူ၏အသက်သေသည့်တိုင်အောင် ဗဟုသုတအလိမ္မာကို တစ်ကိုယ်တည်း၏ အတွေးဖြင့် လုံလောက်စွာ မရနိုင်ပေ။ သို့ဖြစ်လေရာ မိမိအရင် အတွေ့အကြုံများသော လူပေါင်းများစွာတို့ ရေးသားခဲ့သော စာများကို ဖတ်မှသာ အကျိုးရှိသောအသိကို လုံလောက်စွာ ရနိုင်လေသည်။
          စာတစ်အုပ်ကို ဖတ်လိုလျှင် ရေးသူမည်သူနည်း။ ၎င်းမှာ ငါ့ကို ပေးနိုင်သော အသိအလိမ္မာ လုံလောက်စွာ ရှိရဲ့လားဟူသောမေးခွန်းဖြင့် စာအုပ်ကို ရွေးချယ်ရမည်။ များစွာသော စာအုပ်ကို ရေးသူများ မှာ အရည်အချင်း မလုံလောက်ပေ။ ကိုယ်တိုင်မွဲ၍ နေသူက သူဌေးဖြစ်လမ်းကို ရေးလျှင် ထိုစာကို ဖတ်ခြင်းကြောင့် သူဌေးဖြစ်မည် မဟုတ်ပေ။ စာမဖတ်သူသည် ကြီးပွားတိုးတက်ရေးလမ်း၌ တစ်နေရာမှာ ရပ်၏။ စာဖတ်သူမှာ မရပ်၊ သေမှသာ အတိုးရပ်ပေလိမ့်မည်။
          တစ်ခါတစ်ရံ စာမဖတ်ဘဲ မီးကျည်ပမာ တစ်ဟုတ်တည်းပင် ဝင်းထိန်၍တက်၏။ မကြာမီ မည်းမှောင်၍ ကျရမည်မှာ မလွဲပေ။ လွန်ခဲ့သော နှစ်ပါင်းသုံးဆယ်ခန့်အခါက စီးပွားရေး၊ ကြီးပွားရေး စာအုပ်များကို မရေးကြပေ။ ဝတ္ထုများ၌ ဇာတ်လိုက်များသည်လည်း ကြီးပွားလိုသော အကြံသမား၊ အလုပ်သမား မဟုတ်။ လူလေတွေ ဖြစ်ကြလေသည်။
          ဟင်နရီဖို့ဒ်သည် ကြီးပွားရေးစာအုပ်များကို ရေးခဲ့၏။ ဆဲလ်ဖလင်လည်း ကြီးပွားရေး စာရေးဆရာဖြစ်၏။ ရောက်ဖဲလား၊ ဆာအားနက်စ်ဘင်တို့နှင့် အခြားကုန်သည်သူဌေးကြီးများ၊ လက်တွေ့ ကြီးပွားရေးနည်းလမ်းများကို ရေးခဲ့ကြလေသည်။
          စာကိုဖတ်သဖြင့် ကြီးပွားသူများ၏ စာရင်းကို ကောက်ထုတ်၍ ပြရမည်ဆိုလျှင် လွန်စွာများပြား လေရာ ကျွန်ုပ်တို့ မြန်မာလူမျိုး အလုပ်သမား၊ အကြံသမား၊ ကုန်သည်များမှာ စာဖတ်ခြင်းအလုပ်ကို မိမိတို့နှင့် မဆိုင်ဟု စွဲမှတ်ထားကြသဖြင့် လျင်မြန်စွာ ပျက်စီးရလေသည်။ ထိုသို့ ပျက်စီးသောအခါ စာမတတ်သဖြင့် အကြောင်းရင်းကို မသိကြဘဲ ပျက်ချိန်တန်ပြီဟု စွဲမှတ်ကာ အဘယ်သောအခါ အကောင်းထဲရောက်မလဲ၊ ဘယ်သောအခါ လွတ်မလဲဟု ဗေဒင်ဆရာထံ ငွေတစ်ကျပ်ပေး၍ မေးကြလေ သည်။
          ထိုငွေတစ်ကျပ်ကို စာအုပ်ဝယ်ရာ၌ အသုံးပြုချေက အမြဲအကောင်းထဲမှ မထွက်ဘဲ အမြဲဂြိုဟ်စီး ဂြိုဟ်နင်း လွတ်ကင်းချမ်းသာဖို့ ရှိလေသတည်း။

ပီမိုးနင်း
(စာဖတ်ခြင်း၊ စိတ်ကူးချိုချိုစာပေ၊ ၂၀၁၀ ပြည့်နှစ်)
(စာဖတ်ခြင်းနှင့် ကြီးမြတ်သောလူမျိုး စာအုပ်မှ စာစီကူးယူဖော်ပြပါသည်။)

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
(၂၆.၇.၂၀၁၈)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း