စာမေးပွဲ


စာမေးပွဲ

တခြားသူအတွက်တော့ မသိပေမယ့် ကိုယ့်အတွက်တော့ စာမေးပွဲဟာ အဆင်မပြေဘူးဆိုတာ သေချာတယ်။ ဒါသင်၊ ဒါကျက်၊ ဒါဖြေ စာမေးပွဲတွေ အကြိမ်ကြိမ် ဖြေပြီးတဲ့နောက်မှာတော့ ကိုယ့်ခေါင်းပေါ်မှာ ပုံစံဆန်းတဲ့ ဦးထုပ်တစ်လုံး တင်ခွင့်ကြုံခဲ့ရတယ်။ အမှတ်တရဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကင်မရာမီးတွေ ဖြတ်ခနဲ လက်ခဲ့ရတယ်။
ဧည့်ခန်းမှာ ချိတ်ထားတဲ့ပုံဟာ ကိုယ်ဂုဏ်ယူလွန်းလို့ မဟုတ်ဘူး။ ဆယ့်ငါးနှစ်လောက် ကျောင်းထားခဲ့ကြရတဲ့ မိဘတွေ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ချိတ်ထားတာ မဟုတ်လား။ တစ်ခါတစ်ခါ တွေးမိတယ်။ တကယ်ရော ကျွန်တော် ပညာတွေ တတ်ခဲ့ရဲ့လား။ ဒီလိုတွေးမိတော့ ဧည့်ခန်းက ကိုယ့်ပုံကိုယ်တောင် မော်မကြည့်ရဲတော့။
ခုနောက်ပိုင်း မတော်မနှမ်းတွေ တွေးမိလာတယ်။ ကျွန်တော့်မိဘတွေ သူတို့သား ပညာတတ်ကြီးထင်ပြီး ဂုဏ်ယူစွာနဲ့ ချိတ်ထားခဲ့တာ ဟုတ်ပါ့မလား။ ဆယ်တန်းတစ်နှစ်ကျတာပါ ထပ်ပေါင်းပြီး ဆယ့်ငါးနှစ်လုံးလုံး လူ့ဗာလတစ်ယောက်ကို ကျောင်းထားပေးနိုင်ခဲ့တယ်ဆိုပြီး ဂုဏ်ယူနေခြင်းများလား။ အဲဒီလိုတွေးမိတဲ့နောက်ပိုင်း ဧည့်ခန်းမှန်ဘောင်ထဲက ဆိုက်ကိုကောင်ကို ကျွန်တော်မကြည့်တော့။
ဆယ့်ငါးနှစ်လုံးလုံး ကျွန်တော်ဘာတွေ လုပ်နေခဲ့တာလဲ…။ ကျွန်တော် ဘာတွေရခဲ့သလဲ…။
စာမေးပွဲတွေကို မုန်းတဲ့ ဆိုက်ကိုတစ်ခုပဲ ရခဲ့တာ ဆိုတော့လေ…။


ရှဥ့်ညိုလေး
(၂၀၁၇)

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း