သူဇာပျို့
၇၈။ မောင်သွားချေ၍၊ ကျင့်လေ့ညစ်ပေ၊ ထိုလူမွှေကို၊
မျိုးဆွေမယား၊ သမီးသားနှင့်၊ ခန့်ထားကြဉ်းဆောင်၊ လုံအောင်ယူခဲ့၊ ဖင့်နွှဲမချိ၊
ထိုမြို့ကိုလည်း၊ သိပ်သည်းမြော်မြင်၊ အစီရင်နှင့်၊ တိုင်ပင်စစ်ကဲ၊ မှန်းမြဲတော်တည့်၊
နှိုင်းရှည့်ရွေးသန့်၊ သင့်အောင်ခန့်၍၊ ရှောင်လန့်ပြေးသွား၊ မြို့နေများကို၊
သားဖြားဖျော်ဖြေ၊ ခေါ်သွင်းစေဟု၊ ပရမေဘုန်းဝှန့်၊ မိန့်တော်ခန့်သော်၊
ဝေးကွန့်ရေမြေ၊ တောခြေဘေးထူ၊ ချမ်း, ပူ မဆို၊ ထိုထိုကျူးကျော်၊ အမှုတော်ကို၊
သွေချော်မဖည်၊ ထမ်းပါမည်ဟု၊ ရှိရည်လက်မြှောက်၊ လျှောက်ကားလျှောက်၏၊
မိုမောက်မေတ္တာ၊ မင်းသူဇာနှင့်၊ မြေတာဝေးရှည်၊ ကွာရမည်ကြောင့်၊ ဝေ့လည်ဝမ်းက၊
လှိုင်ပွက်ထလျက်၊ ခဏကြာလျှင်၊ ထွက်ခဲ့ကျင်၍၊ ပူပင်ညှိုးခေါက်၊ အိမ်တော်ရောက်သော်၊
လျှံတောက်ပြိုးပြက်၊ ကျောက်စုံခက်သည်၊ ခြူးစက်ညောင်မှာ၊ နှစ်ထွာထုကြွား၊
ယင်နားမခံ့၊ မွေ့ရာညံ့ထက်၊ ချစ်ပံ့ရစ်ခွေ၊ နွှဲယှဉ်နေမှ၊ သရေထွန်းပ၊
မင်းရှင်လှငယ်၊ ဝေးလှစစ်မြေ၊ ချီမိန့်လေရည်၊ ရှိချေသည်ဟု၊ သာကြည်ချိုချို၊
မိန့်မြွက်ဆိုသော်၊ ငယ်ပျိုဆင်းဝါ၊ မင်းသူဇာမှာ၊ ထွေသာပျံ့ချို၊ အော်ဆိုသည်နှင့်၊
ပျံ့ခွင့်အူသည်း၊ တပြိုင်တည်းသည်။ ။ ရုတ်ခြည်းမှိုင်းဝေလည်း၏တည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment