သူဇာပျို့
၈၁။ စက်လက္ခဏာ၊ အင်္ဂါမြတ်ပုံ၊ ခြေတော်စုံကို၊
မွှေးထုံလှိုင်ပျ၊ မဉ္ဇူသကို၊ ကျွန်မထိပ်စွန်၊ နေ့တိုင်းပန်သည်၊ ဘုန်းသနသည့်ရှင်၊
မယ့်သခင်သည်၊ စစ်ခွင်မြေခြား၊ မှာကိုထား၍၊ ဘဝါးချီဆန့်၊ တတောင်ခန့်မျှ၊
ခွာကွန့်ပျံ့ပျူး၊ သွားချင်ဘူးဟု၊ ညံ့နူးချစ်ရည်၊ တူမျှသည်ကြောင့်၊
မွှေးကြည်ပန်းတူ၊ မိန့်တော်မူလျှင်၊ ဘုန်းလူသည့်ရှင်၊ မယ့်ထိပ်တင်မှာ၊
တိုင်ပင်နှိုင်းရှည့်၊ မသိ၏သို့၊ သွားမည့်အရာ၊ စစ်တန်ဆာကို၊ များစွာစိတ်ဖြာ၊
ကြံ၍သာလျှင်၊ နေပါတော့ရှင်၊ အလျင်မကြာ၊ ကျွန်မသာလျှင်၊ သိင်္ဂါဘုံကျော်၊
ရွှေနန်းတော်သို့၊ ကြံမြှော်ရည်ထင်၊ ထဘက်ဝင်၍၊ ဦးတင်ခညွတ်၊ စစ်သွားလွတ်အောင်၊
အထွတ်ကျော်မိုး၊ ဘုန်းတော်ကြီးကို၊ ထံတော်နီးပါး၊ ချဉ်းရိုတွား၍၊ သနားတော်မြတ်၊
ညွတ်ညွတ်ပျော့ပျော့၊ ခံပါတော့မည်၊ မပေါ့မေတ္တာ၊ သေချာမြသို့၊ ကျွန်မကိုလည်း၊
နဂိုရ်ဦးကိုင်၊ စိုးပိုင်ဘုရား၊ သနားနေကျ၊ ချစ်နိုင်မျှကို၊ ခဏလွယ်ကာ၊
လွှတ်ပါသော်ကား၊ သနာစရာ၊ အကြောင်းမှာကား၊ လွင့်လာမျောပါး၊ ရောက်သောအားဖြင့်၊
ဆွေဝါးမဲ့ဆုံး၊ 'ဥ' တလုံးသာ၊ ပျော်ပိုက်ပါသည်၊ မိကွာ-ဘကွင်း၊ ဝပ်စင်းတိမ်းလည်း၊
ကျွန်မချည်းကို၊ ပေါင်းစည်းချစ်ခင်၊ ဘရှင်ဘုရား၊ တို့သနားမှ၊ ရှည်လျားမြဲတည်၊
လူဖြစ်မည်ကို၊ ကြံစည်ထောက်ချင့်၊ သိသဖြင့်လျှင်၊ ကဲမြင့်ထပ်လောင်း၊ ချစ်ကောင်းပါ၏၊
ချစ်ကြောင်းချစ်ရာ၊ ရှိပါတော့လျောက်၊ ကျွန်မလျှောက်က၊ ဝေးထောက်စစ်မြေ၊
သွားစေနှင့်တော့၊ နေလော့သာရွှင်၊ မိန့်ပါလျှင်လည်း၊ သခင်ခြေဘော်၊
မွှေးကျော်ပွင့်ကြာ၊ ပဒုမာကို၊ ထပ်မှာပုံလှိုင်း၊ နေ့တိုင်းကြိုင်ပျ၊ ပန်ပါရစော့၊
ခပ်လျော့မေတ္တာ၊ သည်အရာမှာ၊ လွယ်သာဘူးဟု၊ ငဲ့ရှုမထင်၊ မိန့်ခဲ့လျှင်လည်း၊
ပူပင်လိုမျှ၊ ကံသာပရှင်၊ကျွန်မမှန်စွာ၊ သည်တခါတွင၊ အာဏာစက်မီး၊ ဘုန်းတော်ကြီးကို၊
ထံနီးတော်ရောက်၊ ချဉ်းကပ်လျှောက်မည်၊ မကြောက်ပြီဘူး၊ ရှိဦးတင်ကာ၊ စုတ်ပင်သာလျှင်၊
တိုးပါတော့မည်၊ မဆုတ်လည်သည်။ ။ သွေဖည်မခွရဲနိုင်မျှ။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment