သူဇာပျို့
၁၀၉။ အစိုးရသူ၊ အမူမသင့်၊ ကျင့်ခဲ့သည်ကြောင့်၊ စိုးနှောင့်ပူပင်၊ မရှင်ကြံမှိုင်၊ မကယ်နိုင်၍၊ ရွှေစိုင် − ရွှေခဲ၊ ပုလဲဇောတ၊ မယ်လျလျကို၊ အစ်မ − အရှင်၊ မမြင်ဝံ့ပြီ၊ လှိုင်ညီပျံ့ကြူ၊ နတ်မဉ္ဇူကို၊ မှတ်ယူမပြား၊ ငါထိပ်ထားသည်၊ ငါ့သားလာတည့်၊ ရောက်ပါလှည့်လော့၊ ငါလှည့် − ငါလည်၊ ကြံစည်ဆန်းပြား၊ သည်ပုဏ္ဏားသည်၊ စိတ်ထားထဲသံ၊ မနောကံမျှ၊ ကြံဝံ့မည်ထား၊ သည်းကြားဇာတိ၊ ခု − မရှိ၍၊ ဘေးတိထွေလည်၊ ကြံစည်သည်ကို၊ ရွှေရည်ရွှေဥ၊ တို့သက်စုသည်၊ မယ်ပုသည်းချာ၊ ဟေမာဂိရိ၊ တွင်ရှိမည်မှန်း၊ ရွှေတောင်နန်းသို့၊ ဖြောင့်တန်းစူးစူး၊ သွာချေဦးတော့၊ ပြားဖြူးရောင်ထွေ၊ နတ်ရွှေမြေသို့၊ ရောက်လေလျှင်သာ၊ စံကာပျော်မွေ့၊ တို့ကိုမေ့၍၊ ရက်နေ့ရှည်ကြာ၊ မနေပါနှင့်၊ မေတ္တာကြီးအင်၊ မ − ရှင်ခွေရစ်၊ လွမ်းသည်ဖြစ်နှင့်၊ ရင်နှစ်ရတနာ၊ နန်းလျာရည်သွား၊ ခင့်မြောက်သားကို၊ ချစ်အားတူရှဲ့၊ ထောက်ညှာငဲ့၍၊ ပြန်ခဲ့ပါဦး၊ စုံပူးယှဉ်ဘော်၊ ခင့်မောင်တော်လည်း၊ ထွန်းပေါ်တန်ခိုး၊ ရန်မျိုးပယ်ပျောက်၊ စစ်ကရောက်၍၊ လွေ့လောက်အထု၊ ချစ်မျိုးစုသည်၊ မယ်ပုငယ်ပျို၊ မရှိဆိုက၊ သက်ကိုမျှပင်၊ အရကြံစည်၊ ကြိုးရမည်ကို၊ ရွှေရည်ရွှေခဲ၊ ပုလဲစေ့ရှာ၊ ထောက်ပါနော်ရှင်၊ မိခင်မှာထား၊ သည်စကားကို။ ။ သည်းကြားသတိပြုပါတည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment