သူဇာပျို့
၁၁၁။ မင်းလှသူဇာ၊ ထွေသာပျံ့ရှား၊ လျှောက်သည်ကြားသော်၊ သာဖြားနှုတ်ကြည်၊ မိန့်ပြန်သည်ကား၊ ဖြီးစည်အထု၊ ချစ်မျိုးစုသည်၊ ရွှေဥရတနာ၊ တို့သည်းချာ။ ။ မေတ္တာကြီးထူ၊ အစ်မမူကား၊ လွယ်ကူလှစွာ၊ မောင်ရှိရာသို့၊ မကြာဖြောင့်တန်း၊ မစွန်းမငြိ၊ လိုက်လေဘိဟု၊ စိတ်ရှိတိုင်းရည်၊ ဆိုရမည်လည်း၊ ကျူးရှည်ရပ်ခွင်၊ စစ်မြေပြင်ဝယ်၊ မြင်း, ဆင်, ဒိုင်း, လွှား၊ လှံဓားပြက်ပြက်၊ သွေးစက်စက်နှင့်၊ ရန်ဘက်ရန်သူ၊ ရုပ်တူဆီးဆ၊ မိန်းမတို့နှင့်၊ မလျော်သင့်၍၊ ထောက်ချင့်အာဏာ၊ နေလှည့်ရာကို၊ သည်းချာငယ်ပျို၊ လိုက်မည်ဆိုသော်၊ တို့ကိုချမ်းသာ၊ စီးပွားရှာသည်၊ မှန်စွာစင်စစ်၊ သဘောဖြစ်၍၊ ကြင်ချစ်ဝမ်းက၊ အားရလှ၏၊ သည်းချာ့ရွှေသား၊ သွာလေသော်မူ၊ တူရူရှေ့တည်၊ သည်ကိုရည်လျက်၊ ဝေးသည်လမ်းဝယ်၊ ဘေးသွယ်သွယ်ကို၊ ညာဘယ်လည်လှည့်၊ ရှေ့နောက်ကြည့်၍၊ တည့်တည့်ရှေ့ရည်၊ မောင်ရှိသည်သို့၊ ရွှေရည်ဆင်းဝါ၊ မင်းသူဇာငယ်၊ သွားပါတော့ရှင်၊ ငါ့မိခင်ဟု၊ ပန်းသွင်ကြိုင်ပျ၊ မိန့်ပြီးမှလျှင်၊ ထိန်မျှပြိုးပြက်၊ မြဘယက်ကို၊ လက်လက်ရောင်ညီး၊ မှန်တိပြီးသည်၊ အံ့ချီးစရာ၊ အံဆင့် တာ က၊ အသက်လက်တော်၊ ထုတ်ပေးသော်လည်း၊ ရွှေလှော်ဆင်းဝါ၊ မင်းသူဇာကား၊ ခြေမှာတိပ်စ၊ ဦးဖြင့်ချ၍၊ ညွတ်ခကြည်ဖြူ၊ လှမ်းသာယူသည်။ ။ သည်းအူပြတ်လှု လောင်ဆာတည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment