သူဇာပျို့
၁၂၃။ ချီးပင့်ပြီဘူး၊ ညံ့နူးစိတ်လျော့၊ သေပါတော့ဟု၊ ပျော့ပျော့ညွတ်ခွေ၊ သေအောင်နေလည်း၊ မသေမရှင်၊ ပူပင်ဆန်းသာ၊ ဝမ်းမှာပူကြီး၊ ဝီစိမီးသို့၊ ညီးညီးထိန်ဝေ၊ လောင်၍နေခဲ့၊ ဝိုက်မွေလည်လျက်၊ လွမ်းလှိုက်ပွက်ကို၊ ဖျောက်ဖျက်ဆင်ခြင်၊ ဖြေပါလျှင်လည်း၊ ပုံယင်ထွေထွေ၊ လွမ်းလေလေကို၊ ဖျော်ဖြေသည်ထက်၊ စုံမက်ဆွတ်လွတ်၊ စိတ်ကိုလွှတ်၍၊ ရေရွတ်စုံပေါင်း၊ လွမ်းသော်ကောင်း၏၊ သမ်းပျောင်းမချိ၊ မယ့်မျက်စိကို၊ ညှိုးရိပူပင်၊ မှိတ်လေလျှင်လည်း၊ ထိပ်တင်လှလှ၊ ယဉ်နိုင်မျှမှာ၊ စိတ်ကလေးမြတ်၊ ကြိုက်စမှတ်သည်၊ ကွက်ကပ်ညိုရွှဲ၊ ဝတ်လဲရွှေဝါ၊ မှိုင်းပြာပြာနှင့်၊ ကူဟာထွန်းကျော်၊ ဗောင်းတော်ပါးလှပ်၊ ငွေချည်ကွပ်သည်၊ လျှပ်လျှပ်ထင်ပေါ်၊ ရောင်တော်ညွန့်ရွှန်း၊ ဗောင်းဝန်းခက်ဝေ၊ ညွန့်ဝိုက်ခွေနှင့်၊ တင့်နေယဉ်နွဲ့၊ မှတ်မှဲ့ဆင်မှတ်၊ ဖြူဆွတ်နားဝယ်၊ ဆင်စွယ်က ထူး၊ ထန်းဖူးနုရွ၊ ပင်ထဲရကို၊ ညီလှချောပြေ၊ မယ့်လက်ရွှေနှင့်၊ သပြေညွန့်လမ်း၊ ပရိတ်ပန်းလည်း၊ နီမြန်းပန်းရည်၊ မယ် စည်းသည်ကို၊ တင့်ရည်လွန်ကဲ၊ ပန်းစမြဲနှင့်၊ စိန်ရွဲနှိုင်းလျော်၊ မျက်လုံးတော်ကို၊ ပြိုင်ဘော်မရှည့်၊ ချာချာလှည့်၍၊ ကြည့်သည့်ရုပ်သွင်၊ အတိုင်းပင်လျှင်၊ ထင်၍ကျွန်မ၊ ရှု တ သမ်းညှိုး၊ ပြေစနိုး၏၊ ပွင့်ရိုးနန်းလျာ၊ ငုံရင့်မာသာ၊ ထိပ်ချာထိပ်စွန်း၊ မယ့်ထိပ်ပန်းသည်။ ။ ဘုန်းရွှန်းဝေတင့် − ဖြာဖြာဆင့်။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment