သူဇာပျို့
၁၃၂။ ဤသို့ဘုန်းဟေ့၊ ရသေ့သူတော်၊ ဟောပါသော်လည်း၊
ရွှေလှော်ဆင်းဝါ၊ မင်းသူဇာမှာ၊ အူချာလှိုက်လဲ၊ လွမ်းဆွတ်မြဲဖြင့်၊ ငိုရွဲမျက်ရည်၊
လျောက်သည်မှာကား၊ ရှင်ဘုရား။ ။ ဟောကြားမြွက်ဖော်၊ တရားတော်ကို၊ ထင်ပေါ်သိသာ၊
နားဝင်ပါ၏၊ ခြင်းရာထွေငေါ်၊ သို့သိသော်လည်း၊ ကျွန်တော်မမှာ၊ လွမ်းစရာသည်၊
ထိပ်ချာထားတင်၊ သခင် − တကဘက်၊ အသက်ပမာ၊ သားမှာ − တသွယ်၊ ဝမ်းဝယ်ရစ်ခွေ၊
ခဲတွေအပြည့်၊ ရှိခဲ့သည်ကြောင့်၊ ဖြေဖြည့်ဖျော်ပြိုင်၊ မတတ်နိုင်ပါ၊ စေ့ရှာခြင်းတ၊
မှာသမျှကို၊ ကျွန်မသခင်၊ လာရောက်လျှင်သာ၊ မြတ်စွာဘုန်းဟေ့၊ မမေ့မလျော့၊
လျှောက်ပါတော့ဟု၊ ပျောင်းပျော့သာချို၊ မှာခဲ့ဆို၍၊ ရှိုက်ငိုယိုလျက်၊
ကျောင်းကထွက်၍၊ ချမ်းမြေ့ကြည်မော၊ သီတောဒက၊ ရေကန်စသို့၊ ကြွတော်မူပြီး၊
ရောင်ညီးထွန်းပေါ်၊ သိုရင်းတော်ဝယ်။ သင့်လျော်ဆန်းကြယ်၊ ကပ်ချယ်လှယ်သည်၊
ရောင်သွယ်ကျူးကျော်၊ ဝေရော်စန၊ မည်ရ − ရတနာ၊ ရောင်ပြားလွှာကို၊ ခွာတော်မူမှ၊
ကျွန်မလျှောက်သည်၊ ဘုန်းစည်ထိပ်ချာ၊ ကြွလိုက်လှာလျှင်၊ ကျောင်းမှာဝင်၍၊
စေ့စေ့ရှာရှာ၊ မယ့်ခြင်းရာကို၊ မေးပါမင်းငယ်၊ ထိပ်ပန်းနှယ်ဟု၊ နှိုင်းဆွယ်မမှီ၊
ဝဇီရသာရ၊ နာမထင်ပေါ်၊ လက်စွပ်ကျော်နှင့်၊ လက်တော်နုအူ၊ ရေးတော်မူ၍၊ မဉ္ဇူသက၊
ပင်ရုက္ခနှိုက်၊ ပြပြထင်ရှား၊ တပ်ခဲ့ထားသည်။ ။ တိမ်းပါးယိမ်းနွဲ့ လဲပြိုတည်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment