သူဇာပျို့
၁၃၄။ ထွန်းဝင်းလျှံပြောင်၊ ဉာဏ်တန်ဆောင်ကို၊
သုံးဘောင်ရပ်ခန်း၊ လင်းအောင်ထွန်းမည်၊ လုံးပန်းရည်ချူ၊ ဆုကြီးယူသည်၊
ဘုန်းဘူသည့်ရှင်၊ မယ့်သခင်ကို၊ မကြင်ထဲပိုက်၊ မကြိုက်၍မျှ၊ မနေရအောင်၊
လုံ့လထွေထွေ၊ ရှာဘွေကောက်ကျစ်၊ မျက်ချစ်ဆေးဝါး၊ ပြုလှည့်ငြားလည်း၊ စီးပွားမထင်၊
ပန်းပင်ရိရှား၊ ထိုသူများကို၊ ထိပ်ထားပွင့်လျာ၊ မယ့်ထိပ်ချာသည်၊ မေတ္တာဝေးလွန်၊
မုန်းသာဝှန်၍၊ မုန်းပြန်ပါစေ၊ ထိပ်ဗွေထားတင်၊ မယ့်သခင်ဟု၊ မြဲပင်ဆောက်တည်၊
မှတ်ပါသည်ကို၊ ထွေလည်ယွင်းခွ၊ ဆိုးကြမ္မကြောင့်၊ သူမျာ့းသခင်၊ သူ့အရှင်စစ်၊
ဖြစ်ခဲ့နိုး၍၊ သမ်းညှိုးလွန်ကဲ၊ မယ့် ဝမ်းထဲမှာ၊ ဝဲသို့လှိုက်ပွက်၊ ပူလေချက်မှာ၊
လက်လက်ပြောင်ညီး၊ ဝီစိမီးမျှ၊ ကမည်ထင်ဘူး၊ ပူမျိုးကျူးခဲ့၊ ငုံဖူးသစ္စာ၊
ပွင့်မည့်လျာရှင့်၊ မယ့်မှာလွန်ကဲ၊ ချစ်စမြဲဖြင့်၊ စိတ်ကွဲမကြံ၊ မြဲမြံသေချာ၊
ထပ်ကာကာလျှင်၊ မေတ္တာမြင်းမိုရ်၊ မယ့်ချည်းကိုသာ၊ ကြည်ညိုခွေရစ်၊
ရွှေချည်ကျစ်သို့၊ အချစ်အပေါင်း၊ စုမည့်ကြောင်းကို၊ တောကောင်းမြိုင်သာ၊ ဟိမဝါတွင်၊
တေဇာအမိုး၊ နုဘော်ဖြိုးသည်၊ တန်းခိုးထင်ရှား၊ ရှင်နတ်များတို့၊ သွား၍သာဖျော်၊
နှလုံးတော်မှာ၊ မကွာဝင်နေ၊ စောင့်ပါချေတော့၊ မမေပြမြဲချက်၊ ခဲစိတ်လက်ကို၊
ဖျောက်ဖျက်မနိုင်၊ အခဲစိုင်သည်။ ။ မြဲခိုင်တင်းတင်း − မယ့်ဝမ်းတွင်း။
စာဆိုရှင်အမည် = ဝန်ကြီးပဒေသရာဇာ
ကဗျာအမျိုးအစား = ပျို့
ခေတ် = ညောင်ရမ်းခေတ်
Comments
Post a Comment