ဒိုင်ယာရီ



ဒိုင်ယာရီ

          ကျွန်တော်သည် အသက်(၂၀)ဝန်းကျင်ခန့်မှစ၍ ဒိုင်ယာရီရေးရန် ကြိုးစားခဲ့ဖူးသည်။ အဆုံးထိ မရေးဖြစ်ခဲ့သည်က များသည်။
          စာကြောင်းတော်တော်များများ ရေးမှတ်ဖူးသည့် စာအုပ်တစ်အုပ် ရှိခဲ့ဖူးသည်။ လူပျိုဘဝမှတ်စုဖြစ်၍ ပိုးပမ်းခဲ့ဖူးသည့် ကောင်မလေးများအကြောင်း ဖြစ်သည်။ အိမ်ထောင်ကျပြီးနောက် ထိုဒိုင်ယာရီလေးကို စုတ်ဖြဲကာ အိမ်ရှေ့ရှိ ရေပုပ်ကျင်းထဲတွင် ပစ်ခဲ့ရဖူးသည်။ တစ်ချိန် အမျိုးသမီးက ဖတ်မိ၍ လှောင်ပြောင်ခံရမှာ စိုးရိမ်မိ၍လည်း တစ်ကြောင်း ဖြစ်သည်။
            အသက်(၃၀)ကျော်၍ သားနှစ်ယောက် ဖခင်ဖြစ်ပြီးသည့်နောက်ပိုင်း နှစ်စဉ်နှစ်တိုင်းပင် ဒိုင်ယာရီစာအုပ်လေးများကို ဝယ်ယူဖြစ်သည်။ မပြောင်းလဲသည်က နှစ်ဆုံးသည်အထိ မရေးဖြစ်ခြင်း ဖြစ်သည်။ ယခုနှစ်တွင်တော့ နှစ်ကူးပြီးသည့်တိုင် ဒိုင်ယာရီစာအုပ် ထပ်မဝယ်ဖြစ်တော့သလို ဝယ်ယူရန်လည်း စိတ်မကူးဖြစ်တော့သည်က သေချာသည်။ ညီငယ်တစ်ယောက်ကို မွေးနေ့လက်ဆောင်ပေးရန် ဒိုင်ယာရီတစ်အုပ်ကိုတော့ ဝယ်ခဲ့သေးသည် မဟုတ်လား။
          စာအုပ်မဝယ်ဖြစ်တော့သော်လည်း နေ့စဉ်မှတ်တမ်းလေးကိုတော့ ဖေဖေလက်ဆောင်အဖြစ်ပေး ထားသည့် (Big Ideas) ဆိုသည့် စာအုပ်လေးတွင် ရေးမှတ်မည်ဟု စိတ်ကူးထားသည်။ တစ်နေ့ တစ်မျက်နှာကို ခေါင်းစဉ်တစ်ခုဖြင့် အကြောင်းအရာတစ်ခုခုကို ရေးသွင်းသွားမည်ဟုလည်း ဆုံးဖြတ်ထားသည်။ အဘယ့်ကြောင့်ဆိုသော် (၂၀၁၇)ဟု အမည်ရသည့်နှစ်တစ်ခုကို ကျွန်တော့်တစ်သက်တွင် တစ်ကြိမ်သာ ဖြတ်သန်းခွင့်ရမည် မဟုတ်ပါလား။ တစ်ချိန်တွင် ကိုယ်တိုင်ရေးမှတ်ထားသည့် ယခုစာအုပ်လေးကို ပြုံးပြုံးကြီးဖတ်ရှုနေမည့် ကျွန်တော့် ပုံရိပ်ကို မြင်ယောင်ရင်း…။
ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
(၁.၁.၂၀၁၇)
https://shintnyolay.weebly.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း