ဖေဖေပြန်လာရင်



 ဖေဖေပြန်လာရင်

        ကျွန်တော်ငယ်စဉ်က တစ်ဦးတစ်ယောက်ပြန်လာမည်ကို စောင့်မျှော်ခဲ့ဖူးသည်။ ထိုသူသည် ကျွန်တော်၏ ဖေဖေဖြစ်သည်။ ဖေဖေပြန်လာသည့်အခါ ကျွန်တော်တို့၏ လိုအင်ဆန္ဒတို့ အပြည့်အဝ မဟုတ်ခဲ့လျှင်သော်မှ အချို့အဝက်သောအရာတို့ကို ဖြည့်စွမ်းပေးသည်သာ ဖြစ်သည်။

          တစ်စုံတစ်ခုလိုချင်၍ မေမေ့ထံသို့ တောင်းဆိုလိုက်သည်နှင့် ချက်ခြင်းဆောင်ရွက်ပေးမှဖြစ်မည့် ကိစ္စမှတပါး တခြားကိစ္စများကို " ဖေဖေပြန်လာမှ " ဆိုသော စကားဖြင့် နှစ်သိမ့်တတ်သည်။ ထိုစကားကြားသည်နှင့် ကျွန်တော်တို့ မောင်နှမတတွေလည်း ကျေနပ်သွားမြဲဖြစ်သည်။ မေမေက ဖေဖေပြန်လာလျှင် ကျွန်တော်တို့ တောင်းဆိုသမျှကို အမှန်တကယ် တင်ပြပေးတတ်သောကြောင့် ဖြစ်သည်။ ထိုအချိန်သည် ကျွန်တော်တို့ မောင်နှမတတွေ စာကျက်နေချိန်ဖြစ်နိုင်သလို ထမင်းစားပြီးနောက် မိသားစု စကားဝိုင်းဖွဲ့နေချိန်မျိုးလည်း ဖြစ်တတ်သည်။
          ဖေဖေပြန်လာ၍ ကျွန်တော်တို့ လိုချင်သည့်(ထိုအချိန်က လိုအပ်သည်ထင်သည့်) တချို့အရာတို့ကို ဖြည့်စွမ်းမပေးသည့်တိုင် အကျိုးသင့် အကြောင်းသင့် ရှင်းပြချက်မျိုးကိုတော့ ရမြဲဖြစ်သည်။ တစ်ခါတစ်ရံ ဖေဖေ့ထံမှ ကတိစကားတို့ကို ကြားရသည်။ ချက်ခြင်းဝယ်မပေးသေးသည့်တိုင် ဖေဖေ့ထံမှ ကတိစကားတစ်ခွန်းကို ရသည်နှင့် ထိုကိစ္စသည်၊ ထိုအရာသည် သေချာပိုင်နိုင်စွာရပြီးဖြစ်ကြောင်း ယုံကြည်ခံစားမိသောကြောင့် ဖြစ်သည်။ ဖေဖေက ကတိတည်သူ တစ်ယောက်မဟုတ်လား…။
          ယနေ့အချိန်တွင် တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်ဖုံ ကျွန်တော်ကြားနေရသည့် စကားတစ်ခွန်း ရှိသည်။ သားနှစ်ယောက်ထံမှ " ဖေဖေပြန်လာရင် " ဆိုသော စကားဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်က ဖေဖေကဲ့သို့ ကတိတည်ရန် ကြိုးစားနေသည့် ဖခင်တစ်ယောက် မဟုတ်လား…။

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.weebly.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း