ဘဝသင်ခန်းစာ(၆၀)

ဘဝသင်ခန်းစာ(၆၀)

တစ်ခါက မြို့တစ်မြို့တွင် အင်မတန် ဆိုးသွမ်းသော ဒုစရိုက် လူဆိုးတစ်ယောက်ကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိလိုက်လေ၏။ အမှုတွဲမှတ်တမ်းတင် ရဲအရာရှိက မည်သည့်အတွက်ကြောင့် ခုလို လူဆိုးဖြစ်နေရသနည်း ဟု မေးမြန်းကြည့်လေ၏။
“ ခင်ဗျား ဘာကြောင့် ဒီလို လူဆိုး ဘ၀ရောက် နေရတာ လဲဆိုတာ လူငယ်တွေ သိပြီး ရှောင်နိုင်အောင်လို့ ပြောပေးပါလားဗျာ”
“ ကျွန်တော် လူဆိုး ဖြစ်ရခြင်းရဲ့ အဓိက တရားခံက
ကျွန်တော့်အမေရဲ့ နောက်ယောက်ျား (ပထွေး) ကြောင့် ပေါ့ဗျာ။ ပထွေးက သူလုပ်ကျွေးရတာဆိုပြီး ကျွန်တော်တို့ကို နှိပ်စက်တယ် ၊ ကျွန်တော်လည်း စိတ်ညစ်တဲ့ အတွက် အမေနဲ့ ပထွေးကို အရွဲ့တိုက်ပြီး အရက် သောက်တယ် ၊ ဖဲရိုက်တယ် ၊ ည ညတွေ အိမ် မှာ ပြန်မအိပ်ဘဲ လမ်းပေါ်မှာပဲ အချိန်ကုန် ခဲ့တယ်။ အဲဒီမှာတင် ကလေကခြေတွေနဲ့ ပေါင်းမိပြီး ဆေးခြောက်တွေ သုံးစွဲ ခဲ့ကြတယ်။ ခိုး၊ လု ၊ ခါးပိုက်နှိုက် ဒုစရိုက်မျိုးစုံကို ကျူးလွန်မိတော့ တာပဲဗျာ”
“ ခင်ဗျား မှာ အစ်ကို တစ်ယောက် ရှိတယ်လို့ သိရတယ်။ သူကရော ဒုစရိုက်သမားပဲလား “
“ မဟုတ်ပါဘူး ၊ သူက အခြားမြို့မှာ တက္ကသိုလ် ပါမောက္ခ လုပ်နေပါတယ်။”
***** ***** *****
မှတ်တမ်းတင် အရာရှိလည်း စိတ်ဝင်စားသွားပြီး တက္ကသိုလ် ရှိရာသို့ လိုက်သွားကာ ပါမောက္ခကို အခုလို သွားရောက်တွေ့ဆုံပြီး မေးမြန်း ခဲ့ပါသည်။
“ ဆရာခင်ဗျာ - အခုလို ပါမောက္ခ ဖြစ်သာအောင် ဘယ်လိုကြိုးစား ရုန်းကန်ခဲ့ရတယ် ဆိုတာကို လူငယ်တွေ စံနမူနာ ယူနိုင်ကြစေဖို့ ပြောပြပေးစေချင်ပါတယ် “
“ ကျွန်တော် ခုလို ပါမောက္ခဖြစ်ရတာ ပထွေးကြောင့် ပါပဲ ခင်ဗျာ “
“ ပေထွေးက ဘယ်လို အားပေးကူညီခဲ့လို့လဲ “
“ အားပေးကူညီတာ မဟုတ်ဘူးဗျ ၊ နှိပ်စက်တာ ၊ စိတ်ညစ်အောင်လုပ်တာ။ ကျွန်တော်ကလည်း အဲဒီလို လုပ်လေ စာကြည့်တိုက်သွားပြီး စာဖတ်လေပဲ။ တစ်ခါတလေ အိမ်မပြန်တော့ဘဲ စာကြည့်တိုက်မှုးကို ပြောပြီး စာကြည့်တိုက်မှာအိပ်တယ်။ စာကြည့်တိုက်မှူးကလည်း ကျွန်တော် နဲ့ သင့်မယ့် စာအုပ်တွေကို ရွေးပြီး ဖတ်စေတယ်။
စာအုပ်တွေထဲက နေ လောကဓံကို ဘယ်လိုရင်ဆိုင်ရမယ်။ ကိုယ့်ဘ၀ကို ဘယ်လို ရပ်တည်ရမယ်ဆိုတာ သိလာပြီးကြိုးစားလိုက်တာ ခုလိုတက္ကသိုလ် ပါမောက္ခ ဖြစ်လာတာပါပဲ ခင်ဗျာ “

Credit:မေတ္တာရှင်(ရွှေပြည်သာ)

(PS:အခက်အခဲဆိုတာ လူတိုင်းမှာ ရှိကြပါတယ်။ ပြင်းအား တူချင်မှလည်း တူပါလိမ့်မယ်။ တူခဲ့ရင်တောင် ခံယူတဲ့လူရဲ့ ပြန်တုန့်ပြန်မှုအပေါ် မူတည်ပြီး အခြေအနေတွေ ကွဲပြားသွားကြတာပါ။ ကျွန်တော်တို့ အခက်အခဲကို ဘယ်လိုတုန့်ပြန်ခဲ့ကြသလဲ...။ စဉ်းစားကြည့်ရအောင် သူငယ်ချင်း...)

ချစ်ခြင်းများဖြင့်
သင့်ရဲ့
ရှဥ့်ညိုလေး
https://shintnyolay.weebly.com

Comments

Popular posts from this blog

မြန်မာစာ ဆင်းရဲကြပုံများ

ကျွန်တော်နှင့် OG Ward

အက်ဆေး (သို့) ရသစာတမ်းအကြောင်း